အုတ်တွင်းတွင် အဆမတန် ဈေးတင်ထားသည့် ထီလက်မှတ်များအား ရိုးသားတဲ့ လက်လုပ်လက်စား ကျေးရွာနေပြည်သူများထံ အုပ်စုဖွဲ့လိမ်လည်ရောင်းချခဲ့မှုဖြစ်၊ တရားခံတွေ ထွက်ပြေးလွတ်မြောက်ဆဲ

မူရင်းပေါက်ဈေးထက် အဆမတန်ဈေး တင်ထားသည့် ထီလက်မှတ်တွေကို တောင်ငူခရိုင် အုတ်တွင်းမြို့တွင်ရှိသည့် ကျေးရွာ သုံးရွာနေ လက်လုပ်လက်စား ပြည်သူများထံသို့ သွားရောက်ကာ အုပ်စုဖွဲ့လိမ်လည်ရောင်းချ ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီလဆန်း ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် အုပ်စုဖွဲ့ ထီလက်မှတ် လိမ်လည် ရောင်းချခဲ့သူ အများ အပြားမှာ လွတ်မြောက် လျက်ရှိနေသေးကြောင်း သိရှိရသည်။ဖေဖော်ဝါရီ ၆ ရက်တွင် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်၏ တောင်ငူခရိုင် Area Sales Manager ကိုထက်ဝေလျှံဖြိုးထံသို့ အုတ်တွင်းမြို့၊ ကံသုံးဆင့်ကျေး ရွာ၌ နေထိုင်သူတစ်ဦးက ၎င်းတို့နေထိုင် သည့်ကျေးရွာ၌ ထီလိမ်လည်ရောင်းချနေ သူများ ရောက်ရှိနေသည်ဟု အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆက်သွယ်လာသူမှာ ယခင်က မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်တွင် အလုပ်လုပ်ကိုင်ဖူးခဲ့သူဖြစ်ပြီး ၎င်း၏ အစ်မ ဖြစ်သူထံမှ ထီလိမ်လည်ရောင်းချသူများက တစ်အုပ်လျှင် ထီလက်မှတ်အစောင်ရေ ၉၀ ပါ ထီလက်မှတ်နှစ်အုပ်အား မူရင်းပေါက်ဈေးထက် နှစ်ဆကျော်များပြားသည့် ငွေကျပ် ငါးသိန်းဖြင့် ရောင်းချနေခဲ့ရာ ယင်းသို့ ရောင်းချသည့် ထီလက်မှတ်များကို ဝယ်ယူပါက မိုးယံက ပေးသည့် ကံစမ်းမဲပေါက်ငွေ သိန်းနှစ်ဆယ်ကို ရရှိမည်ဖြစ်သည်ဟု ပြောဆိုရောင်းချနေခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ကို ဖေဖော်ဝါရီ ၆ ရက်နေ့ က ကျွန်တော်တို့ မိုးယံမှာ အရင်က လုပ်ဖူးတဲ့ ကောင်မလေးတစ်ယောက်က ဖုန်းဆက်လာတယ်။ သူတို့ ကံသုံးစုရွာမှာ ထီလိမ်ရောင်းနေ တဲ့ သူတွေလာနေတယ်ပေါ့။ အဲဒါနဲ့ ကျွန်တော်က ဆင်းကြည့်တော့ သူတို့ကိုမိသွားတာပါ။ ဖြစ်တာကတော့ ကျွန်တော့်ဆီ ဆက်သွယ်လာတဲ့ ကောင်မလေးရဲ့အစ်မက အလိမ်ခံရ တာပေါ့။ သူ့ကို ထီအစောင်ရေ ၉၀ ပါ နှစ်အုပ်ကို ရောင်းတာ။ ရောင်းတာက မိုးယံက နေပေးတဲ့ ကံစမ်းမဲ သိန်း၂၀ ကို ပေါက်တယ်။ အဲဒီကံစမ်းမဲကို လိုချင်ရင် ဒီထီနှစ်အုပ်ကို ထိုးရမယ်။ ထီအတွက် ငွေငါးသိန်းနဲ့ပေါ့။ ငါးသိန်းပေးမှ သိန်းနှစ်ဆယ်ရမယ်။ မဟုတ်ရင် ဓာတ်ပုံရိုက်ပြီး မဲပေါက်တဲ့ ပိုက်ဆံတွေကို ပြန်ယူသွားမယ်ပေါ့။ အဲဒါနဲ့ ကျွန်တော့်ဆီကို မိုးယံက ဒီလို ပရိုမိုးရှင်းတွေ ပေးနေလားဆိုပြီး ဆက်သွယ်လာလို့။ မရှိဘူး လိမ်နေတာဆိုပြီး လာလိုက်တော့ လိမ်တဲ့သူတွေကို မိသွားတာပါ” ဟု မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်၏ တောင်ငူခရိုင် Area Sales Manager ကိုထက်ဝေလျှံဖြိုးက ပြောကြားသည်။

ထီလိမ်လည်ရောင်းချသူများသည် အုတ်တွင်းမြို့ရှိ ကံသုံးဆင့်ကျေးရွာ၊ ကျွဲကန်ကျေးရွာတို့ အပါအဝင် ကျေးရွာသုံးရွာ၌ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်က ရွေးချယ်ခဲ့သည့် ကံစမ်းမဲပေါက်သူ အယောက် ၃၀ ထဲတွင် ကျေးရွာနေပြည်သူများ ပါဝင်နေကြောင်း၊ အဆိုပါ ကံစမ်းမဲအား ကလေးငယ် များက မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကံစမ်းမဲပေါက်သည့် ငွေကြေးများကိုလိုချင်ပါက ၎င်းတို့ရောင်းချသည့် ထီလက်မှတ် များကို ဝယ်ယူရမည်ဖြစ်ကြောင်း ကျေးရွာနေ ပြည်သူများအား ယုံကြည်အောင်ပြောဆို၍ ထီလက်မှတ်များအား မူလပေါက်ဈေးထက် နှစ်ဆထက်မနည်းသည့် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာနေပြည်သူများထံမှ စုံစမ်းသိရသည်။

ထီလိမ်လည်ရောင်းချခံရသည့် ကျေးရွာနေပြည်သူများမှာ ကောက်စိုက်ခြင်းကဲ့သို့သော လယ်သမားအလုပ်များကို လုပ်ကိုင်နေရသည့် နွမ်းပါသည့် သူများဖြစ်ပြီး ၎င်းတို့ သည် တစ်ရက်လျှင် ဝင်ငွေကျပ် ၄၀၀၀ ခန့် သာ ပျမ်းမျှဝင်ငွေ ရှိသူများဖြစ်ပြီး ထီလက်မှတ်လိမ်လည် ရောင်းချသူများက ကျေးရွာ နေပြည်သူ အိမ်ထောင်စု ဆယ်စုကျော်ထံမှ ဈေးနှုန်းတင်ထားသည့် ထီလက်မှတ်များကို လိမ်လည်ရောင်းချခဲ့ရာ စုစုပေါင်း ငွေကျပ် သိန်း ၉၀ ကျော်ခန့်ရှိကြောင်း သိရသည်။

“ကြီးမေဆီကို ထီလိမ်ရောင်းတဲ့ လူတွေ ရောက်လာတယ်။ ပြီးတော့ ကြီးမေ ထီပေါက်တယ်ဆိုတော့။ ကြီးမေက ထီမှမထိုးတာ ဘယ်လိုပေါက်တာလဲပြောတော့ သူတို့က ကြီးမေကို မိုးယံက ရွေးတဲ့ကံစမ်းမဲ သိန်း ၃၀ ပေါက်တယ်။ အဲဒါကို လိုချင်ရင် အခုရောင်း တဲ့ ထီဝယ်ရမယ်။ ခုနစ်သိန်းခွဲပေးရမယ်။ မပေးရင်တော့ မရဘူးလို့ပြောတယ်။ ကြီးမေလည်းတွက်ကြည့်တော့ အခုခုနစ်သိန်းခွဲပေးရင် သိန်း ၂၀ ပေးလိုက်ရင် ၂၂ သိန်းလောက် ပြန်ရမှာဆိုပြီး ချွေးမဆွဲကြိုးလေး ချွတ်ပေါင်ပြီး ပေးလိုက်တာ။ သမက်ရောက်လာတော့ တောင်ပြောနေသေးတာ။ ထီလိမ်တွေ အလိမ်ခံနေရပြီ ဆိုတာတောင် ဆူလိုက်သေးတယ်။ အခုတော့ ညကအိပ်လို့တောင် မပျော်ဘူး။ ရှာထားသမျှ ကုန်ပြီလေ။ ပိုက်ဆံလေး ပြန်ရရင် ကျေနပ်ပါတယ်။ ထီလက်မှတ်တွေ ပြန်ယူသွားပါတော့” ဟု ထီလိမ်လည်ရောင်း ချခံရသူ ကျေးရွာနေပြည်သူတစ်ဦးက ပြော သည်။

ထီလိမ်လည်ရောင်းချခံရသည့် ကျေး ရွာများမှာ တောင်ငူခရိုင်တွင် ပါဝင်သည့် အုတ်တွင်းမြို့တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းနှင့် အမြန်လမ်းသစ် နှစ်ခုအကြား လမ်းပန်းဆက်သွယ်ရေး အတန်ငယ် ခက်ခဲသည့်နေရာတွင် တည်ရှိ နေသည်ကိုတွေ့ရပြီး ထီလိမ်လည်ရောင်းချသူများမှာ ဇန်နဝါရီလအတွင်း၌ ပုံမှန်ပေါက် ဈေးနှုန်းဖြင့် ထီလက်မှတ်များကို လာရောက် ရောင်းချခဲ့ဖူးပြီး ထီထွက်သည့် အချိန်တွင် ထီလက်မှတ်အား ကိုယ်တိုင်ကိုယ်ကျ လာရောက်တိုက်ပေးခြင်းများ ပြုလုပ်ခြင်းကဲ့သို့သော ဝန်ဆောင်မှုများဖြင့် ကျေးရွာနေ ပြည်သူများထံမှ ယုံကြည်မှုကို ရယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ref:Eleven Media