“NLD ဘဏ္ဍာရေးမှူးနှင့် ရဲတပ်ကြပ်ကြီးအား ဖမ်းဆီးသွားပြီးနောက် လုံခြုံရေးတင်းကြပ်စစ်ဆေးမှုများရှိနေ သဖြင့် ဒေသခံများ အခက်တွေ့နေ”ဟုဆို

ရခိုင်ပြည်နယ်ရှိ မြို့ကြီးအချို့တွင် NLD ဘဏ္ဍာရေးမှူးနှင့်ရဲတပ်ကြပ်ကြီးအားဖမ်းဆီးသွားပြီးနောက် စစ်ဆေးမှုများရှိနေ၍ ဒေသခံများ အခက်တွေ့နေကြသည်ဟု သိရသည်။စစ်ဆေးမှုအား ရဲ၊ စစ်တပ်နှင့် ယာဉ်ထိန်းရဲတို့ ပူးပေါင်း၍လုံခြုံရေးအရ စစ်ဆေးခြင်းဖြစ်ပြီး ယခုကဲ့သို့ စစ်ဆေးမှုကြောင့် အရပ်သားပြည်သုအချို့စိတ်အနှောင့်အယှက်ဖြစ်နေကြရပြီး မသကာင်္ဖွယ်ရှိသည့်အရပ်သားဟုဆိုသူများသည် စစ်ဆေးမှုများပြုလုပ်နေသည့်လမ်းမှမသွားဘဲ အခြားတစ်လမ်းမှ ရှောင်ကွင်းသွားလာနေကြောင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲဝန်ထမ်းတဦးမှ ပြောသည်။

“SB ကရဲနဲ့ရမ်းဗြဲက NLDဘဏ္ဍာရေးမှူးကို လက်နက်ကိုင်တွေ ဖမ်းသွားနဲ့နောက်ပိုင်းအစစ်အဆေးတွေ တစ်ရက်ထက်တစ်ရက် တော်တော်များလာပါတယ်။ မြို့ဆိုပေမယ့် ကျွန်တော်တို့လည်း နယ်ကလေ မြို့ထဲဝင်ထွက်သွားနေတာပဲလေ။ အဲဒါကို ကျွန်တော်တို့ကို မှတ်ပုံတင်ပါလား မေးတယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့က ဈေးသွားတာလို့ ပြောတယ် စစ်ဆေးပြီးလွှတ်ပေးတယ် မသိနားမလည်တဲ့ အရပ်သားတွေကတော့ ကြောက်တာပေါ့။ အရင်ကဒီလိုမျိုးမကြုံဖူးလေ ခုမှဒါမျိုးကြုံရတာ “ဟု မြောက်ဦးမြို့မှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောသည်။

“အသွားအပြန် နေ့တိုင်းစစ်ဆေးပါတယ်။ နယ်တွေကို သုံးဘီးတွေနဲ့ ဆန်လာရောင်းရင်လည်း ဘယ်သွားတာ၊ ဘာလာလုပ်တာ၊ ဘာရောင်းမလို့ သွားတာလဲ၊ ဘာညာမေးစစ်တယ်။ အဲဒီလိုပဲ ရောင်းစားဖို့ လာကြတဲ့ သူတွေဆိုလည်း အဆင်မပြေပါဘူး။ တချို့မြို့ကိုလာတဲ့သူတွေက မှတ်ပုံတင်တွေ မပါလာကြဘူးလေ။ မှတ်ပုံတင်စစ်တဲ့နေ့ဆိုရင် မှတ်ပုံတင်မပါလာကြရင် မသွားကြရပြန်ဘူး။ အရင်ကတော့ဒီလိုမရှိဖူး လက်နက်ကိုင်တွေလှုပ်ရှားလာမှ ဒီလိုတွေဖြစ်လာတာ ခုကြအဲလိုမျိုး အခက်အခဲတွေ ကြုံနေရတယ်။ “ဟု မြောက်ဦးမြို့မှ ဒေါ်သန်းသန်းနွယ်မှ ပြောသည်။

ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်များတွင် အငှားကားဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေသူ ကိုအောင်နိုင်မှ “အဝင်လည်း စစ်တယ်။ အထွက်လည်း စစ်တယ်။ ဈေးသွားတဲ့သူတွေကိုလည်း စစ်ဆေးပါတယ်။ လူတွေကို မေးတယ်ပေါ့နော်။ ဘယ်သွားမလဲ။ ဘယ်ကလာတာလဲ။ အဲဒီလိုပေါ့။ မှတ်ပုံတင်ကျတော့ မြို့အဝင်၊ အထွက်၊ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းဘက်တွေမှာ စစ်ပါတယ်။ တစ်ခါတလေ ဖုန်းတွေကိုလည်း စစ်ပါတယ်။”ဟု ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်မှ “စစ်ဆေးတာက ဟုတ်ပါတယ်။ AA လက်နက်ကိုင်တွေအပြစ်မဲ့သူတွေကိုဖမ်းတာများလာတော့ သူတို့တွေကလည်းစစ်ရမှာပဲ ပြည်သူတွေကတော့ ကြောက်ကြတယ်ပေါ့နော်။ ကြောက်တဲ့အတွက် ဈေးသွားပြီး မဝယ်ရဲကြဘူး။ လမ်းကို ဖြတ်ပြီး မသွားရဲ မလာရဲတာတွေ ဖြစ်နေကြပါတယ်။”ဟု ပြောသည်။ရခိုင်ပြည်နယ်ရှိအချို့မြို့နယ်များတွင် ဖြတ်သန်းသွားလာသူများအား မြို့အဝင်အထွက်ဂိတ်တွင်NLDဘဏ္ဍာရေးမှူးအား AA မှဖမ်းဆီးခံရပြီးနောက်မှ စတင်၍ ယခုချိန်ထိ လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။