မစ်ဒယ်ဝိတ် ချန်ပီယံ ကာကွယ် ပွဲ ထိုးသတ် ရန် မြန်မာ့ဖိုက်တာ အောင်လအန်ဆန်း လက်မှတ်ထိုးလိုက်ပြီ

မြန်မာ စပါးအုံးလို့အမည်ရထားတဲ့ ဝိတ်တန်း ၂ ခုရဲ့ကမ္ဘာ့ချန်ပီယံဖြစ်သူ မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသားကြီး အောင်လကတော့ မှတ်မှတ်ရရပဲ သူ့ရဲ့စိန်ခေါ်လာသူနဲ့ ထိုးသတ်သွားမယ့် တရာဝင် သဘောတူစာချုပ်တစ်စောင်ကို One Championship နဲ့ပြည်ထောင်စုနေ့ မနက် ၁၀ နာရီခန့်က ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အောင်လနဲ့ထိုးသတ်မယ့် ပြိုင်ဘတ်ဟာ ဖေဖော်ဝါရီ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာ ထိုးသတ်ခဲ့တဲ့ ONE Championship – Warrior’s Code ပြိုင်ပွဲတွင် ဘရာဇီးတိုက်ခိုက်ရေးသမားကို ရမှတ်နဲ့ အနိုင်ယူခဲ့တဲ့ ဒတ်ခ်ျလူမျိုးတိုက်ခိုက်ရေးသမား Reinier “The Dutch Knight” De Ridder လို့ခေါ်သူပဲဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရပြီးနောက် De Reinier က “အောင်လ အဆင်သင့်ပဲလား။ ရွေးထိုက်တဲ့လူဆိုတော့ ကြိုက်တဲ့နေရာ၊ အချိန်၊ နေ့ရွေးလိုက် စမ်းပါ။ ပြောင်ပြောင်လက် လက်ခါးပတ်ကိုတော့ သိမ်းထား။ ငါလာယူမှာမို့လို့” ဆိုပြီး Reinier “The Dutch Knight” De Ridderက အောင်လကိုစိန်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။

Reinier “The Dutch Knight” De Ridder ဟာ အသက် ၃၀ ရှိနေပြီး အရပ် ၆ ပေ ၄ လက်မ၊ ကိုယ်အလေး ချိန် ၁၈၅ ပေါင်ရှိပြီး ONE Champion မစ်ဒယ်ဝိတ်တန်းမှာထိုးသတ်ခဲ့တဲ့ ၁၂ ပွဲစလုံး ရှုံးပွဲမရှိထားပါဘူး။ အောင်လကတော့ အသက် ၃၄ နှစ်၊ အရပ် ၆ ပေ ၁ လက်မရှိပြီးတော့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်မှာ ချန်ပီ ယံခါးပတ်ရထားသူပါ။ နောက်ဆုံးထိုးသတ်ထားတဲ့ ၇ ပွဲမှာ ရှုံးပွဲမရှိသူလည်းဖြစ်ပါတယ်။

အောင်လက စာချုပ်ချုပ်ဆိုပြီးနောက် သူ့ရဲ့လူမှုစာမျက်နှာမှာ သူ့အသင်းနဲ့အတူ အကောင်းဆုံးလေ့ကျင်းပြီး ယှဉ်ပြိုင်သွားမယ်လို့ရေးသားခဲ့ပါတယ်။ လက်ရှိအချိန်အထိ တော့ သူတို့နှစ်ဦးထိုးသတ်မယ့်နေ့ကို ONE Championship က ကြေညာထားခြင်းမရှိသေးပေမယ့် မြန်မာပရိတ်သတ်တွေကတော့ အောင်လပွဲကို အမိမြေ မြန်မာနိုင်ငံမှာပဲ ကျင်းပပေးဖို့ ဆန္ဒပြုထားကြတယ်လို့လဲသိရပါတယ်ခင်ဗျ။