မင်းပြားမြို့နယ် ဖားပြိုရွာအား AA အဖွဲ့မှ အကာအကွယ်ယူ တိုက်ခိုက်နေ၍ ရွာသားများ ပိတ်မိနေ

တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြို ကျေးရွာမှ ကျေးရွာသား အများအပြားမှာ AA အဖွဲ့မှကျေးရွာအားအကာအကွယ်ယူတိုက်ခိုက်နေ၍ ရွာထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖားပြိုကျးရွာအနီးတွင် နံနက် ၉ နာရီမှ ည ၇ နာရီကျော်ထိ တစ်နေ့ကုန် တိုက်ပွဲပြင်ထန်စွာ ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း ထပ်မံ ဖြစ်ပွားနိုင်သဖြင့် ကျေးရွာသားများမှာ ရွာကို စွန့်ခွာထွက်သွားလိုကြသည်ဟု ကျေးရွာသား တစ်ဦးက ဖုန်းဆက် ပြောဆိုသည်။

“ ဒီကနေ့မှာလည်း သေနတ်သံတွေက ဟိုက တစ်ချက်နှစ်ချက်၊ ဒီက တစ်ချက်နှစ်ချက် ကြားနေရပါတယ်။ မနေ့ကတော့ တစ်နေ့ကုန် ဖြစ်တယ်။ AAအဖွဲ့ကလည်း ရွာထဲက မြစ်ကမ်းနား တစ်လျှောက်မှာ နေရာယူ ထားကြပါတယ်။ ပီးရင် ဘိလပ်မြေ စက်ရုံဘက်ကနေ ရွာကနေ ထွက်တဲ့လူတွေကို လှမ်းပစ်နေပါတယ်။ ရွာသားတွေက တိုက်ပွဲ ဖြစ်မှာကို စိုးရိမ်ပြီး ရွာကနေ တစ်ခြား လုံခြုံတဲ့ နေရာကို ထွက်သွားချင်ပေမယ့် ထွက်သွားလို့ မရ ဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ ရွာသားတွေ ထွက်ခွာလို့ ရအောင် ကူညီစေလိုပါတယ်” ဟု ၎င်းကျေးရွာသားက ပြောဆိုသည်။

ကျေးရွာသားများမှာ လက်ရှိ ဘုန်းတော်ကြီးကျောင်းတွင်စုနေကြသလို တစ်ချို့မှာလည်း အိမ်အောက်တွင် ၀ပ်နေကြရကြောင်း၊ တိုက်ပွဲဖြစ်လျှင် ရွာသားများပါ ထိခိုက်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ အခု ဖားပြို ရွာသားတွေနဲ့ ရာမောင်ဖက်ကပြေးလာတဲ့ ဒေခံ ၁၀၀ ကျော် ပိတ်မိနေတယ်။ တိုက်ပွဲလည်း ဒီနေ့ မနက်ထိ အရှိန်မသေသေးဘူးလို့ သိရတယ်။ အခု ရွာသားတွေ အရမ်းစိုးရိမ်နေကြတယ်လို့ ဖုန်းဆက်တယ် ” ဟု ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “မနက်ကတည်းက ရွာနားမှာတိုက်ပွဲဖြစ်နေတာ။ AAက ရွာကို အကာအကွယ်ယူပြီးပစ်နေတယ်။ ကျနော်တို့ကတော့ ထွက်ပြေးလို့ ရောက်လာတယ်။ တခြားဒေသခံ ၁၀၀ ကျော်လောက် ပိတ်မိနေတယ်။ အခု ဒီနေ့ မနက် အချိန်အထိ တိုက်ပွဲ ဖြစ်မယ့် အနေအထားမှာ ရှိနေတယ်”ဟု ပြောသည်။

ဖားပြိုကျေးရွာအနီးတွင် (AA)နှင့် မြန်မာတပ်မတော်တို့ ယမန်နေ့က တိုက်ပွဲ အအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယမန်နေ့က ခရီးသွားနေသူ အရပ်သား ၃ ဦး ကျည်ဆံထိန်မှန် ဒဏ်ရာ ရရှိခဲ့သည်။ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်းမင်းပြားမြို့နယ် ဖားပြိုကျးရွာတွင် လူငယ်တစ် ၁ ဦးလက်လုပ်မိုင်းကွဲ၍ သေဆုံးသွားခဲ့သည်။ဖာပြိုကျေးရွာအနီးတွင် မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်းသိရသည်။

May Yu