“ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဘယ်လောက် အထိ ဆက်လက်ပျံ့နှံ့မည် မ ပြောနိုင်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ တရုတ်နိုင်ငံ အတွက် အရေးပေါ် အခြေအနေအောက်မှာ ရှိနေဆဲဖြစ်ပြီး ဘယ်လောက်အထိ ဆက်ပျံ့နှံ့မလဲဆိုတာ မပြောနိုင်သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ညွှန်ချုပ်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ဂျာမနီနိုင်ငံ မြူးနစ်မြို့က လုံခြုံရေးညီလာခံအတွင်း သူက ခုလို ပြောလိုက်တာပါ။ ဗိုင်းရပ်စ် ပျံ့နှံ့မှုနှုန်းကို လျှော့ချဖို့ တရုတ်ရဲ့ လုပ်ရပ်တွေကိုလည်း သူက အားပေးပါတယ်။ ဒါပေမဲ့ ကူးစက်ခံအရေအတွက် ဆိုးနေတဲ့အပေါ် စိုးရိမ်နေဆဲပါ။

တရုတ်အစိုးရရဲ့ ကူးစက်မှုထိန်းချုပ်ရေး ခြေလှမ်းတွေက တရုတ်ပြည်မကြီးအတွက် အထိအခိုက် ပိုများပေမယ့် ကျန်တဲ့ တကမ္ဘာလုံးဆီ ဗိုင်းရပ်စ် ကူးစက်နှုန်းကိုတော့ အောင်အောင်မြင်မြင် လျှော့ချနိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ကမ္ဘာကြီးဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအတွက် ဒေါ်လာဘီလီယံချီ သုံးပြီး ပြင်ဆင်နေပေမယ့် ဗိုင်းရပ်စ် တိုက်ခိုက်မှုအတွက် တော်တော်နည်းနည်းပဲ ပြင်ဆင်ထားခဲ့တယ်။

ဗိုင်းရပ်စ် တိုက်ခိုက်မှုက ပိုအသေအပျောက်များတဲ့အပြင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ထိခိုက်မှုတွေ အများကြီး ပိုများတယ်။ ဒါဟာ ပွင့်ပွင့်လင်းလင်း ပြောရရင် နားလည်ရခက်ပြီး အန္တရာယ်ကြီးလောက်အောင် အမြော်အမြင်နည်းရာ ကျတယ်လို့ WHO ညွှန်ချုပ်က ဆက်ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ တရုတ်သက်ကြီး ကမ္ဘာလှည့် ခရီးသည်တယောက် ဖေဖော်ဝါရီ ၁၅ ရက်က ပြင်သစ်နိုင်ငံထဲမှာ သေဆုံးခဲ့လို့ ဥရောပမှာ ပထမဆုံး ကူးစက်ခံ သေဆုံးမှု ဖြစ်ခဲ့ပြီး တရုတ်ပြည်မကြီးပြင်ပမှာ လေးယောက်မြောက် သေဆုံးမှု ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁၁ နာရီခွဲအချိန်ထိ ရထားတဲ့ သတင်းအရ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရလို့ သေဆုံးသူ ဦးရေဟာ ၁၆၆၉ ယောက် ရှိပြီး ကူးစက်ခံအရေအတွက် ၆၉၂၇၀ ရှိနေပါပြီ။နေပြန်ကောင်းသူ ၉၆၃၉ ယောက် ရှိပြီး အသည်းအသန် အခြေအနေမှာ ရှိနေသူ ဦးရေက ၁၁၂၉၉ ယောက် ရှိနေပါတယ်။

ref:DVB