တရုတ်တို့ရဲ့ ဘီးကြဲဗုံးကြဲလေယာဉ် JH-7A (Flying Leopard) ၏ အတိတ်၊ မျက်မှောက်ခေတ်၊ အနာဂတ်ကာလနှင့် အသက်ကြီးပေမယ့် အပြတ်တီးမယ့်သူ

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ဩဂုတ်လက တရုတ်မီဒီယာတွေဟာ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(လေ) အနေနဲ့ Russia တို့ရဲ့ Aviadarts Aviation Competition မှာ ၎င်းတို့ရဲ့ ရေကြောင်းတိုက်ခိုက်ရေးဂျက်တိုက် လေယာဉ်ဖြစ်တဲ့ JH-7A ရဲ့မျိုးကွဲ JH-7AII ကိုထုတ်ဖော်ပြသခဲ့တဲ့လို့ အစီရင်ခံခဲ့ကြပါတယ်။ မျိုးကွဲသစ်ပုံစံဆိုပေမယ့်လည်း ထူးထူး ခြားခြားကြီးတော့ အခြေခံပုံစံနဲ့ ကွဲပြားခြားနားအောင်တည်ဆောက်ထားတာတော့ မဟုတ်ပါဘူး။သို့သော်လည်း ရေဒါ၊ လေယာဉ်မောင်းနှင်မှုစနစ်တွေကို အဆင့်မြှင့်တင်ထားပုံရ တယ်လို့တော့ ယူဆခဲ့ကြပါတယ်။ JH-7 Flying Leopard ကို နေတိုးအခေါ် Flounder လို့အမည်သတ်မှတ် ထားပါတယ်။ အဆိုပါလေယာဉ်ဟာ စတဲ့လ်နည်းပညာတွေပေါ် ထွက် လာခြင်းမတိုင်မီကတည်းက တည်ရှိခဲ့တာကြောင့် တကယ့်ဘီးကြဲလေယာဉ် တစ်စီးအဖြစ် လို့ပဲသတ်မှတ်ရမှာပါ။ သူ့ကို တည်ဆောက်ခဲ့ရတဲ့အကြောင်းရင်းကလည်း အမေရိကန်တို့ရဲ့ F-111 Aardvark ကို ယှဉ်ပြိုင်ဖို့ အတွက်ဖြစ်တယ်လို့တော့ဆိုပါတယ်။

၎င်းဗုံကြဲလေယာဉ်မှာအသုံးပြုဖို့အတွက် British Rolls-Royce Spey 202 Turbofan အင်ဂျင် ၂ လုံးကို ဗြိတိန်ကနေ တင်သွင်းပြီး စမ်းသပ်တပ်ဆင်ဖို့အတွက်ဆောင်ရွက်ခဲ့ပါ သေးတယ်။ အဆိုပါအင်ဂျင်တွေအနေနဲ့ အသံထက်မြန်တဲ့အလျင်နှုန်းကိုရရှိအောင် စွမ်းဆောင် နိုင်ပေမယ့်လည်း ၁၆ တန်အလေးချိန်ရှိတဲ့ ဗုံးကြဲတိုက်လေယာဉ်အတွက်တော့ အဆိုပါ အမြန် နှုန်းရရှိစေဖို့ ဆက်လက်ဆောင်ရွက်ဖို့လိုသေးတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါ့အပြင် ဖောက်ကလန်စစ်ပွဲမှာ ဗြိတိန်ရေတပ်အနေနဲ့ Super Etendard တိုက်လေ ယာဉ်တွေကနေ ပစ်လွှတ်တိုက်ခိုက်တဲ့ သင်္ဘောဖျက်ဒုံးကျည်စနစ်တွေကြောင့် အတော်အများ အပြား ထိခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေအပေါ် တရုတ်တို့အနေနဲ့ အတွေ့အကြုံယူပြီး မိုင်ရာကျော် ကနေ စစ်သင်္ဘောတွေကို ထောက်လှမ်းနိုင်စွမ်းရှိမယ့် Type 243 ရေဒါစနစ်တွေကို ရေကြောင်း တိုက်ခိုက်မှုအတွက် ချိတ်ဆက်အသုံးပြုနိုင်ဖို့ သိမြင်နားလည်ခဲ့ကြပါတယ်။

၁၉၈၈ မှာတော့ Flying Leopard ကိုပထမဉီးဆုံးစတင်စမ်းသပ်ပျံသန်းခဲ့ကြပါပြီ။ ၁၉၉၀ ပြည့်နှစ်အတွင်းမှာ တပ်တော်ဝင်လာခဲ့ပေမယ့်လည်း ထုတ်လုပ်မှုကတော့ အနည်းငယ်သာ ထုတ်လုပ်ဆောင်ရွက်ခဲ့ကြတာပါ။ သို့သော်လည်း ၂၀၀၄ ခုနှစ်အထိကို အဆင့်မြှင့်တင်မှုတွေကတော့ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ အသစ်အဖြစ် အဆင့်မြှင့်တင်ခဲ့တဲ့ JH-7A ဟာ ပစ်မှတ်ချေမှုန်းနိုင်မှုပိုမိုခြင်း၊ တည်ဆောက်မှုပေါ့ပါးခြင်း၊ ဘက်စုံရေဒါစနစ် JL-10A များ တပ်ဆင်ထားခြင်း၊ လေကြောင်းမောင်းနှင်မှုဖော်ပြခြင်းစနစ်အတွက် LCD စနစ်များကို အသုံးပြုထားခြင်း အစရှိသည်တို့ဖြစ်တည်လာခဲ့ပါတယ်။

တရုတ်တို့အနေနဲ့ JH-7 ကို ၂၇၀ စီးလောက်တည်ဆောက်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ရေတပ်နဲ့လေတပ် ၂ ခုပေါင်းအသုံးပြုမှုအရ တွက်ချက်ကြည့်မယ်ဆိုရင် အစီးရေ ၂၁၅ နဲ့ ၂၄၀ ကြားလောက်သာရှိတော့တယ်လို့ဆိုပါတယ်။ တကယ်တော့ အဆိုပါလေယာဉ်တွေဟာ ရုရှားတို့နဲ့စစ်ရေးပူးပေါင်းလေ့ကျင့်ဖို့အတွက် မကြာခဏ အသုံးပြုနေ တဲ့လေယာဉ်တွေပါ။ ၁၉၉၁ နေ ယနေ့အချိန်ထိဆိုရင်တော့ JH-7 ပျက်ကျမှုဟာ ၁၂ စီးရှိခဲ့ပါပြီ။

ယနေ့ Flying Leopard

FL ရဲ့ တိုက်ခိုက်နိုင်တဲ့အချင်းဝက်ဟာ မိုင် ၈၀၀ ဖြစ်ပြီး အပိုဆီတိုင်ကီနဲ့ဆို ၁၁၀၀ မိုင်ပမာဏဖြစ်ပါတယ်။ လက်နက်စနစ်ကတော့ GsH-23 စက်သေနတ်နဲ့ ခဲယမ်း တန်ချိန် ၇ တန်ကိုသယ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် လေဆာပဲ့ထိန်းဗုံးတွေကိုလည်း သယ်ဆောင် ပစ်ခတ်နိုင်ပါတယ်။ JH-7 ဟာ ရန်သူ့တိုက်လေယာဉ်တွေရဲ့ ရန်ကနေ ကာကွယ်နိုင် ဖို့အတွက်တော့ PL-5 , PL-8 ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်စနစ်တွေကို တပ်ဆင် အသုံးပြုထားပြီး အဆိုပါစနစ်တွေဟာ လေယာဉ်မှူးဉီးထုပ်မှာတပ်ဆင် အသုံးပြုထားတဲ့ ပစ်မှတ်ချိန်ရွယ်မှုစနစ်နဲ့ ချိတ်ဆက်ထားတယ်လို့ဆိုပါတယ်။ ထိုမျှသာမက တာဝေးပစ် ရေဒါပဲ့ထိန်း PL-11 , PL-12 ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်တွေကိုလည်း တပ်ဆင် အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။

JH-7 ရဲ့ အားနည်းချက်ကတော့ Afterburner အသုံးပြုရင်တောင် Mach 1.75 နှုန်းပဲရှိတာကြောင့် ခေတ်မီတိုက်လေယာဉ်တွေနဲ့ အမေရိကန်ရေတပ်နဲ့မဟာမိတ် စစ်သင်္ဘော တွေမှာ တပ်ဆင်အသုံးပြုထားတဲ့ Aegis လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကနေ အသက်ရှင်သန်ဖို့အတွက်တော့ ရုန်းကန်ရမယ့်ပုံပေါ်တယ်လို့ ဆိုရမှာပါ။
မည်သို့ပင်ဆိုစေကာမူ JH-7 အနေနဲ့ ခေတ်မီစစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ဖို့အတွက် တော့ အဓိကအားသာချက် ၂ ချက်ကို ပိုင်ဆိုင်ထားဆဲပါ။ ပထမတစ်ခုက မိုင် ၁၀၀ ကျော် အကွာအဝေးကနေ စစ်သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်နိုင်မည့် KD-88 သို့မဟုတ် YJ-83 Subsonic သင်္ဘောဖျက်ဒုံးကျည်စနစ်တွေကို သယ်ဆောင်တိုက်ခိုက်နိုင်တာပါ။

ဒုတိယတစ် ချက်ကတော့ စစ်ရေယာဉ်တွေရဲ့ ထောက်လှမ်းနိုင်စွမ်းအကွာအဝေးနဲ့ တိကျမှုကို လျှော့ချပစ်နိုင် စွမ်းရှိမယ့် စွမ်းအားပြင်း KG600 Jamming Pod တွေကို အသုံးပြုထားတာကြောင့်ပါ။ အဆိုပါ စနစ်တွေဟာ JH-7 အတွက် ကြားဖြတ်တိုက်ခိုက်ခံလာရနိုင်မှုအပေါ် ရှောင်ရှားနိုင်ဖို့အတွက် အဆင်ပြေစေနိုင်သလို ခေတ်မီစစ်ရေယာဉ်တွေနဲ့ ဘက်စုံကာကွယ်မှုအပေါ် ဒုံးကျည်ဖြင့် တိကျ စွာတိုက်ခိုက်နိုင်စွမ်းရှိစေမှာလည်းဖြစ်ပါတယ်။

အနာဂတ် Flying Leopard

Jane သတင်းဌာနရဲ့ အစီရင်ခံစာအရတော့ JH-7AII မှာ ရေဒါစနစ်တွေကို ပိုမိုအဆင့်မြှင့်တင်ထားပုံရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် WS-9A တာဘိုအင်ဂျင်တွေကို တပ်ဆင် အသုံးပြုလိုက်ပြီဖြစ်တာကြောင့် တွန်းကန်မှုစနစ်ကို ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လာ တယ်လို့ဆိုပါတယ်။ နောက်တစ်ခုကတော့ ဝေဟင်ဆီဖြည့်ခြင်းကို စွမ်းဆောင်နိုင်ပြီဖြစ်တာ ကြောင့် တိုက်ခိုက်နိုင်မှုအကွာအဝေးကို ပိုမိုတိုးတက်စေခဲ့တာပါပဲ။ တရုတ်နိုင်ငံအနေနဲ့ Supersonic YJ-12 သင်္ဘောဖျက်ဒုံးကျည်စနစ်တွေကို တီထွင်ထုတ်လုပ်ခဲ့ပြီးတာကြောင့် JH-7 မှာ အဆိုပါစနစ်တွေကို မြင်တွေ့ရဖွယ် ရှိနိုင်ပါတယ်။

တကယ်လို့သာ တပ်ဆင်အသုံးပြုခဲ့ရင် တော့ YJ-83 စနစ်တွေထက် ပိုမိုခုခံကာကွယ်ရခက်စေမှာပါ။ ဘာကြောင့်လည်းဆိုတော့ အဆိုပါ ဒုံးကျည်စနစ်ဟာ အသံထက် ၄ ဆ မြန်ပြီး ၂၅၀ မိုင်အကွာအဝေးက စစ်ရေယာဉ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိတာကြောင့်ပဲဖြစ်ပါတယ်။

လက်ရှိအားဖြင့်တော့ YJ-12 တွေကို H-6 ဗုံးကြဲလေယာဉ်တွေမှာ တပ်ဆင်ပြီး စမ်းသပ် ပစ်ခတ်မှုတွေ ပြုလုပ်နေပေမယ့်လည်း ဘီးကြဲလေယာဉ်ကြီးမှာ တပ်ဆင်အသုံးပြုထားတာ တော့ မတွေ့ရှိရသေးပါဘူး။ တရုတ်တို့အနေနဲ့ Su-30 MKK FlakerG တွေကို ရေကြောင်းတိုက် ခိုက်မှုအတွက် အသုံးပြုဖို့ ဆောင်ရွက်ထားပေမယ့်လည်း ဘီးကြဲလေယာဉ်ကြီးရဲ့ အားသာချက် တွေကိုတော့ လျစ်လျူရှုလို့မရသေးဘူးလို့ဆိုရမှာပါ။ ဒါဟာ တရုတ်တို့ရဲ့ မဟာဗျူဟာလုံခြုံရေး အတွက် ဘီးကြဲလေယာဉ်ကြီးလိုအပ်နေသေးတယ်လို့ဆိုတာကို သက်သေပြနေတာပါ။

ယနေ့အချိန်အထိ တရုတ်တို့အနေနဲ့ J-16 Red Eagle, H-20 Stealth Bomber တွေကို ဆက်လက်တီထွင်ပြုလုပ်စမ်းသပ်နေဆဲဖြစ်တယ်လို့ အသံတွေထွက်ရှိနေပေမယ့်လည်း ဘီးကြဲ JH-7 ကြီးကတော့ တရုတ်ရေတပ်အတွက် အသုံးဝင်နေဆဲ Old School ကြီးဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ကျော်လင်း (အမိမြေ)
ref:MyanmarNews24