“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၁)

ကြဲကြဲတောက်နေသော နေရောင်အောက်တွင် စစ်ကြောင်းက မရပ်မနား ချီတက်နေသည် ။

ရည်မှန်းချက်နေရာကား ရတခမရ ( x )လက်ရှိ စခန်းချနေသောနေရာသို့ သွားရောက် ပူးပေါင်းရန်ဖြစ်သည်။ အဘယ်ကြောင့်နည်း…။

မနေ့က ရတခမရ ( x ) မှ စစ်ကြောင်းတစ်ကြောင်းသည် ရန်သူ ယာယီ ခြေကုတ်ယူထားသော စခန်းတစ်ခုကို တက်တိုက်ခဲ့ရာ ၊ အဆင်မပြေ ပြန်လန်ထွက်လာခဲ့ပြီး ၊ ရန်သူ့စခန်းအား ရင်ဆိုင်ထားကြောင်း ၊ ထိုသို့ ရတခမရ ( x ) မှ ရင်ဆိုင်ထားသော ရန်သူ့စခန်းကို ကျွန်တော်တို့၏ ရတခမရ ( x )မှ စစ်ကြောင်း (၁) / (၂) နှစ်ကြောင်းပေါင်းလျှက် တိုက်ခိုက်သိမ်းပိုက်ကြရမည်ဖြစ်ကြောင်းသိရသည် ။

ကျွန်တော်တို့က စစ်ကြောင်း(၂) ဖြစ်သည် ။(( စစ်ကြောင်း (၂)မှူး ဒုရင်းမှူး…သည် ယခုသရုပ်ဆောင်လောကမှ ပိုင်ဇေရဲထွန်း၏ ဖခင်ဖြစ်သည်))။

စစ်ကြောင်း(၁)သည်လည်း ထိုနေရာသို့ ချီတက်လာနေပြီဟု သိရသည်။ စစ်သည်များကိုယ်စီ ကိုယ်စီ ချွေးတွေ တဒီးဒီး ကျနေပြီး ယူနီဖောင်းတွင်ရေစိုနေသကဲ့သို့သော ချွေးကွက်ကြီးများက ကြည့်မကောင်းအောင် စွန်းထင်းနေကြသည် ။

စစ်မြေပြင်ဟူသည် အဘယ်နည်း။

စစ်မြေပြင်ဟူသည်ကား အဓိပ္ပါယ်ပြည့်စုံသည်အထိ ဖွင့်ဆိုရန် ခက်ခဲလှသည် ။

သာမန်အားဖြင့် စစ်မြေပြင်ဟူသည် အသက်နှင့်သွေးများကို အရင်းအနှီးပြုလျှက် တစ်ဖက်နှင့်တစ်ဖက် လက်ရုံးရည် နှလုံးရည်တို့ အားပြိုင်ကြခြင်းဟု သိထားကြပါလိမ့်မည်။

တကယ်တမ်းတွင် မင်းလား ငါလား သူတင်ကိုယ်တင် ယှဉ်ပစ်ကြရသောကာလ ဟူသည် စစ်မြေပြင်တွင် အမှန်တကယ် ကြာညောင်းသည့်ကာလများနှင့် နှိုင်းယှဉ်သော် ၊ ဘာမျှမဟုတ်သော ကာလအပိုင်းအခြားလေးမျှသာ ဖြစ်သည် ။

စစ်သားတစ်ဦးသည် စစ်မြေပြင်၌ နာရီ တစ်ထောင် တာဝန်ထမ်းဆောင်သည်ဆိုအံ့ ၊ ထိုနာရီ တစ်ထောင်အတွင်း သူ အမှန်စစ်တိုက်ရသော အချိန်တို့ကို ဆက်စပ် ရေတွက်ကြည့်လျှင် နာရီ (၅၀)မျှပင် ရှိချင်မှရှိပေလိမ့်မည် ။

သို့သော် စစ်သားတို့က နေပြင်းပြင်းအောက်တွင် လျှောက်နေရသည့်တိုင် ဘ၀များက အေးစက်မာကြောလွန်းလှသည် ။

ထို နာရီ(၅၀)မျှ စစ်တိုက်နိုင်ရန် ရုန်းကန် လှုပ်ရှားရသော (၉၅၀)နာရီကား ဆိုးဝါးခက်ခဲသော ငရဲခန်းများသာဖြစ်သည် ။ စစ်ပွဲတစ်ရာ နွှဲလိုက်ချင်ရဲ့.. အချစ်တစ်ပွဲတော့ မနွှဲချင်တော့ပါဘူးဆိုလျှင် ၊ အနုပညာ ရသ မြောက်လှသော သီချင်းတစ်ပုဒ်သာ ဖြစ်ပါမည် ။ သို့သော် စစ်တိုက်ခြင်းအနုပညာကမူ ရသ ကိုးပါးအထက် လွန်ထွက်သွားလောက်သော သဘော ရှိပါပေသည် ။ နာရီ ( ၉၅၀ )ချီတက်မလား.. နာရီ (၅၀ ) စစ်တိုက်မလား ဟူသော မေးခွန်းတစ်ခုကို စစ်သားများဖြေဆိုခွင့်ရှိမည်ဆိုပါလျှင် နာရီ (၅၀ ) စစ်တိုက်မည့် စစ်သားတို့က ပိုမိုများပြားဖွယ် ရှိမည်ထင်ပါသည်။

တောအုပ်များကြား ဖြတ်သန်းသွားရချိန်တွင် အပူဒဏ်မှ အခိုက်အတန့် လွတ်မြောက်ခွင့်ရသော်လည်း ၊ ကွင်းထီးထီးကိုဖြတ်ချိန်၊ တောင်ကတုံးများကိုကျော်ဖြတ်ချိန်တို့တွင်ကားမီးတမျှ လောင်မြိုက်သောဒဏ်ကို ခံစားကြရသည် ။

ခပ်ဝေးဝေးဆီသို့ လှမ်းမျှော်ကြည့်လျှင် တရိပ်ရိပ်ပြေးနေသော တံလျှပ်တို့က ရေ ဟုပင် အမှတ်မှားစရာကောင်းလှသည် ။ ရေချောင်းကလေးများကို ဖြတ်ကျော်ရချိန်များတွင် ဗူးထဲသို့ ရေအပြည့်ထည့်လာခဲ့သော်လည်း ရေကား ဘယ်သောအခါမှ သောက်၍မ၀တတ် ။ စိတ်ရှိ လက်ရှိ တစ်ဗူးလုံးအကုန် မော့ချလိုက်လျှင်ပင် ၀ပါမည်လား မသေချာ ။ သို့သော် ထိုသို့ သောက်ပစ်၍ မဖြစ်သည်ကို စစ်သားတိုင်းက သိကြပါသည် ။

နေပူပူအောက်မှာ ရင်တွေက အမြဲလို ပူလောင်နေသည် ။ တပ်ခွဲရုံးက ဆားပြားလေးတွေ လက်ထဲ လက်ဆင့်ကမ်းပေးသည် ။ ချွေးနှင့်အတူကုန်ဆုံးသွားသော ဆားဓာတ်များအတွက် ပြန်လည်ဖြည့်တင်းရန် ဖြစ်သည် ။ သို့သော် ရင်တွေ ပူ ၊ ရေတွေ ငတ်နေရသော ယခုကဲ့သို့ကာလမျိုးတွင် ဆားပြားတစ်ပြားကို သောက်မြိုရန် ကမ်းလှမ်းလာခြင်းကား အတော် ခံစားရခက်သောစေတနာတစ်ခုဟု ကျွန်တော်တို့က ယူဆနေမိသည် ။

သို့သော် ထိုဆားပြားအား အမှန်ပင် သောက်ရန်လိုအပ်သည်ကို ကျွန်တော်တို့ အားလုံးသိပါသည် ။

xxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်တို့ ၏ ရတ ခမရ ( x ) ကား ရန်သူ့ လက်နက်အလက် (၈၀)ကျော်ကို သာသာယာယာ ရယူထားသည်မှာပူပူနွေးနွေးသာ ရှိသေးသည်….

KNU ကလည်း မ-(x) အသံကြားသည်နှင့် အသေရရ အရှင်ရရ လိုက်နေသော ကာလဖြစ်သည်…ြ ပီးခဲ့သောစစ်ဆင်ရေးပတ်က ကျွန်တော်တို့တပ် ကရင်ပြည်နယ် နဘူး စစ်ဆင်ရေးခွင်သို့ဝင်ခဲ့သည်….။

ခရီးတစ်ခုချီတက်နေစဉ်ရှေ့ ပွိုင့် တပ်စိတ် တပ်စုတို့ လမ်းမှားသည်…၊ ပွိုင့် တပ်စိတ်က လျှိုအနက်ကြီးထဲဆင်းသွားသည်၊ အရန်ပွိုင့် က လမ်းကြောင်းထိန်းရင်း လမ်းအတိုင်းသွားနေသည်..၊ ပွိုင့်တပ်စိတ်အသံပျောက်သွားပြီး ခဏကြာတော့ သေနတ်သံ နှစ်ချက် သုံးချက်ထွက်လာသည်။ အသံကို ထောက်သော် …မိမိတပ်မှ ပစ်ခတ်သော ဂျီသရီးသံဟု
ခန့်မှန်းသည်..။ သေနတ်သံကို ခန့်မှန်းရသည်က နီးနီးနားနားလေးမှာ မဟုတ်၊ တပ်ခွဲမှူး မျက်လုံးမျက်ဆန် ပြူးထွက်လာသည်။ သူ့ ပွိုင့်တပ်စိတ်က ဘယ်ထိအောင်များ ရောက်အောင်သွား၍ လမ်းမှားနေသနည်း…၊

တပ်ခွဲမှူးက အရန်ပွိုင့်ကို လိုက်ရှာခိုင်းသည် ပွိုင့် နှစ်ပွိုင့်လုံး အသံပျောက်သွားသည်…ခေါ်မကြား အော်မကြားတွေ ဖြစ်နေသည်…၊

စစ်ကြောင်းကြီးက ရပ်နေသည်…၊

ရှေ့မှာ ဘာဖြစ်နေလဲ.. တပ်ရင်းမှူးက လက်ဆင့်ကမ်း မေးခိုင်းသည်…၊ မေးတော့မည်ဆိုသည်ကို တပ်ခွဲမှူးက သိနေသော်လည်း သူ့မှာ တိတိပပအဖြေက မရှိ……သေနတ်သံ ကြားသော်လည်း ဘာပစ်မှန်းသူမသိ…. သတင်းပို့ချက်ကလည်း ရောက်မလာ… ပွိုင့် က လမ်းမှားနေလို့ လမ်းကြောင်းပြန်ရှာနေတယ်.. ဆိုတာလောက်သာ မရေမရာ အကြောင်းပြန်နိုင်သည်…၊

တပ်ခွဲမှူးက စိတ်တိုလာပြီ.. ရှူးရှူးရှားရှားဖြစ်နေသည်….တပ်စုမှူးကို လျှိုထဲ ဆင်းလိုက်ရန် ဒေါသတကြီး ပြောလိုက်သည်…၊

တပ်စုမှူးလည်း လျှိုထဲဆင်းသွားသည် တော်တော်နဲ့ ပြန်ရောက်မလာ… တပ်ရင်းမှူး နောက်တစ်ခါထပ်မေးမှာကို တပ်ခွဲမှူးက လန့်နေပြီဖြစ်သည်…၊

ဘာတွေများ ဖြစ်နေသလဲ….တွေးရင်းတွေးရင်းတပ်ခွဲမှူးက ဒေါသတွေ အလိပ်လိုက် ထွက်နေသည်…၊ သို့သော် တပ်ရင်းမှူးက ဘာဖြစ်နေသည် ထပ်မမေးတော့ပေ ၊ ခဏကြာတော့….တပ်ရင်းမှူးကိုယ်တိုင် ပွိုင့် တပ်ခွဲနေရာသို့တက်လာသည်…၊

တပ်ခွဲမှူးက ဘာပြောရမှန်းမသိ ပြူးပြူးပြာပြာဖြစ်နေသည် ။ လမ်းမှားနေကြောင်းသာ တွင်တွင်ပြောနေသည်.. ၊ တပ်ရင်းမှူးက …

(( ခင်ဗျားတို့ လမ်းမှားတာ ၄၅ မိနစ် ရှိပြီဗျ…ဒီနေ့ ရည်မှန်းချက်နေရာကို ရောက်ပါ့မလား…))ဟု ဆိုသည်…တပ်ရင်းမှူးလည်း နည်းနည်းတော့ ကျွဲမြီးတိုနေပြီ….Volume က မြင့်နေသည်ဟု ယူဆရသည်…၊ ထိုအချိန်က တပ်မတော်တွင် အိုင်ကွန်စက်များကို တွင်ကျယ်စွာ မသုံးနိုင်သေး…၊ ရန်သူ့သတင်း ကြားဖြတ်နားထောင်ရန် အိုင်ကွန်တစ်လုံးလောက်ရှိလျှင် အတော် ပြည့်စုံနေပြီဟု အထင်ရောက်နေရသော ကာလ ဖြစ်သည်။

ဝမ်းစီစီ စက်ဟု ခေါ်သော ဧရာမ လမ်းလျှောက်စကားပြောစက်ကြီးများကို ရံဖန်ရံခါ သုံးလေ့ရှိတတ်သည်…၊ ထိုစက်ကြီးများက ယနေ့ ခေတ်သုံး ခပ်ကြီးကြီး အိုင်ကွန်များထက် အနည်းဆုံးဆယ်ဆ ပိုကြီးပြီး ဆယ်ဆလောက် ပိုလေးပါသည်…၊ ငါးမိုင်ပတ်လည်အတွင်း အမျိုးတူ စက်အချင်းချင်း ပြောဆို ဆက်သွယ်နိုင်သည်ဟု အဆိုရှိသော်လည်း…..

ကံကောင်း ထောက်မသော တစ်ကြိမ်တလေမှတပါး ဘယ်သောအခါမှ အဆက်အသွယ် မကောင်းတတ်ပါချေ…၊

တောင်ခံနေသလိုလို တောထူနေသလိုလို..ဘာလိုလို ညာလိုလိုကြောင့် ဆက်သွယ်မှု မကောင်းခြင်းဖြစ်သည်ဟု ယူဆရသောအခါများစွာတွင် သစ်ပင်ထိပ်ဖျားသို့ တက်၍ ပြောရသည်များလည်း ရှိနေတတ်ပြန်သည်…၊

သစ်ပင်ပေါ်တက်၍ အိုင်ကွန် ပြောနေစဉ် ရန်သူမှပစ်ခတ်လာလျှင် မည်သို့ ဖြစ်လေမည်နည်း ဟု အခါခါတွေးမိသော်လည်း စစ်သက်တလျှောက် ထိုသို့ တခါမျှတော့ မကြုံခဲ့ဖူးပါချေ…၊ ရာသီဥတု မကောင်းသောအချိန်ဆိုလျှင်မူ ထိုဝမ်းစီစီစက်ကို ကိုင်မပေါက်မိအောင်သာ ကြိုးစားကြရလေတော့သည်..၊

ဆက်သွယ်မှုစနစ် အားနည်းခြင်းကြောင့်ပွိုင့်တပ်စိတ် ဘယ်ရောက်နေသည်ကို အဆက်အသွယ်မရ… Second Pointကို ထပ်လွှတ်သော်လည်းပေါ်မလာ….တပ်စုမှူးလည်း စူဠလိပ် ရေထဲလွှတ်လိုက်သည့်ပမာသာ ဖြစ်နေတော့ရာ…

တပ်ခွဲမှူး ကိုယ်တိုင် လျှိုထဲ ဆင်းလျှက် လိုက်ရှာရတော့မလို ဖြစ်နေသည်…၊ ထိုသို့ တပ်ခွဲမှူးအကြံ အိုက်နေစဉ် လျှိုထဲမှ တောတိုးသံများ တဗြဲဗြဲ ထွက်ပေါ်လာလေတော့သည်…၊

((ဘယ်သူ လဲ ကွ )) ဟု တပ်ခွဲ မှူးက ခပ်အုပ်အုပ် မေးလိုက်သည်…၊

လျှိုထဲမှ ပွိုင့်တပ်စိတ်ပါခင်ဗျ….ဟု ပြန်ဖြေသည်…၊

တပ်ခွဲမှူးက ဂွီဂွီဂွမ်ဂွမ်တွေ မြည်တွန်တောက်တီးနေစဉ် ပွိုင့်တပ်စိတ်က အလွန်လေးလံပုံရသော ခြင်းကြားကြီး နှစ်လုံးကို ဒရွတ် တိုက်ဆွဲလျှက် တက်လာသည်……။

Xxxxxxxxxxxxxxxxxxxxxxxx

အပိုင်း( ၂)ဆက်လက်ဖတ်ရှုရန်

မဟော်ဂနီရေးသား၍ မင်းမော်ပြန်လည်တင်ပြသည်။