မင်းပြား ဖားပြိုကျေးရွာတွင် လက်နက်ကြီးကျရောက်ခဲ့ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်များ ပြန့်ကျဲနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး၊ ဖားပြိုကျေးရွာကို လက်နက်ကြီး ကျည်နဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တလုံး မီးလောင်ပျက်းစီးခဲ့ပြီး ကျေးရွာအတွင်းမှာ မပေါက်ကွဲဘဲ ကျန်နေသေးတဲ့ လက်နက်ကြီးကျည်တွေ ကျန်ရှိနေသေးတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က တပ်မတော်နဲ့  AA တို့ ဖားပြိုကျေးရွာအနားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ဖားပြိုကျေးရွာအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် နေအိမ်တလုံး မီးလောင်ခဲ့ပါတယ်။

ဒီလို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တလုံး မီးလောင် ပျက်စီးခဲ့သလို နေအိမ်အတွင်းမှာရှိတဲ့ စပါးကျီးလည်း မီးလောင်ဆုံးရှုံးသွားတယ်လို့ ဖားပြိုကျေးရွာက နေအိမ်မီးလောင်တဲ့ အိမ်ပိုင်ရှင် ဦးမောင်သာနုကပြောပါတယ်။

“ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ အဲ့ဒီမှာ လက်နက်ကြီးက ကျနော့်အိမ်ကို လာကျတယ်။ အိမ်က မီးလောင်သွားတယ်။ စပါးလှောင်ထားတဲ့ စပါးကျီတန်း ၁၀၀ ကျော်မီးလောင်တာမှာ ပါသွားတယ်။ အဲ့ဒီလက်နက်ကြီးကျတဲ့အချိန်မှာ ကျနော်ရယ်၊ ကျနော့်မိန်းမနဲ့ ကလေး ၄ ယောက်ကဗုံးတွင်းထဲမှာ ပုန်းနေကြတာ။ အိမ်နောက်ဘေးနား ဗုံးတွင်းပုန်းနေကြတာ။ ကံကောင်းတော့ ကျနော်တို့က ဘာမှ မဖြစ်သွားဘူး။ ကျနော်အိမ်က မီးလောင်သွားတယ်။”

လက်နက်ကြီးကျတဲ့နေရာနဲ့ ဦးမောင်သာနုတို့ မိသားစုတွေရှိတဲ့ ဗုံးခိုကျင်းနဲ့ဆိုရင် ပေ ၂၀ ဆယ်ခန့်ကွာဝေးပြီး သူတို့မိသားစုတွေ အိမ်အောက်ဗုံးတွင်းထဲမှာ ပုန်းခိုနေတာကြောင့် တစုံတရာ ထိခိုက် ဒဏ်ရာရတာမရှိဘဲ ဘေးနားက အဘွားတဦးကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ဒါ့ပြင် တပ်မတော်နဲ့ AA တို့ ဖေဖော်ဝါရီ ၁၄ ရက်က တနေကုန် တိုက်ပွဲတွေကြောင့် ကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်ခဲ့သလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ ကျန်သေးလို့ စိုးရိမ်နေရတယ်လို့ ဖားပြိုကျေးရွာက ကျောင်းထိုင်ဆရာတော်က DVB ကို ပြောခဲ့တယ်လို့သိရပါယ်။

“အခုက ကျေးရွာအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ ရှိနေသေးတယ်။ တိုက်ပွဲဖြစ်တော့ လှမ်းပစ်ကြတာလေ။ ကျေးရွာသားတွေက ဘုန်းကြီးကျောင်းမှာ ရှိနေတုန်း၊ သူတို့နေအိမ်ကို မပြန်ရဲကြဘူး။ နေအိမ်တချို့ ဘုန်းဘုန်း သွားကြည့်တော့ နေအိမ်တွေ ပျက်စီးတာတွေ၊ လက်နက်ကြီး ကျထားတာတွေ၊ မပေါက်ကွဲရှိနေတဲ့ လက်နက်တွေ ရွာထဲမှာ ပြန့်ကျဲနေတယ်။”

ဖားပြိုကျေးရွာနားမှာ ဖေဖော်ဝါရီ ၁၄ ရက်က တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ရာမောင်တံတား-ရန်ကုန်-စစ်တွေ ကားလမ်းမ ၁၆ ရက်နေ့ အထိ ၃ ရက်ကြာ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ သွားလာခွင့်မရဘဲ ပိတ်မိနေခဲ့ပါတယ်။

Source:DVB