လက်အောက်ငယ်သားတွေကိုခေါင်းပုံဖြတ်မှုကြောင့် ထိုင်းစစ်တပ်ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းမည်

ထိုင်းနိုင်ငံမှာ စစ်တပ်ပြုပြင်ပြောင်းလဲရေး အတွက် ကြည်းတပ် ပြုပြင်ပြောင်းလဲရေးမှာ လူအစုအပြုံလိုက် ပစ်ခတ်မှုကျူးလွန်သူ ကြာ ကျူတ်ရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ တိုင်းဒေသအမှတ် ၂ မှ လက်နက်တပ်ရင်းမှူးကိုလည်း ပြောင်းရွှေ့လိုက်သလို ရာထူးကြီးအရာရှိတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် တပ်မတော်က အငြိမ်းစားယူထားပေမယ့် ဝန်ထမ်းအိမ်ရာ ပြန်မအပ်ဘဲ ဆက်နေထိုင်သူတွေ၊ ဒါမှမဟုတ် ဆွေမျိုးတွေကို နေစေ တာ၊ တဆင့်ပြန်ငှားစားနေတာတွေ၊ တပ်ပြောင်းပေမယ့် အိမ်မပြောင်းသူတွေကိုလည်း ဒီလအတွင်း အပြီးပြန်အပ်ဖို့ ညွှန်ကြားထားပါ တယ်။ တပ်မတော်က အငြိမ်းစားယူပေမယ့် တပ်ပိုင်အိမ်မှာ နေထိုင်နေတဲ့သူတွေထဲမှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချား၊ ဒုဝန်ကြီးချုပ် ပရဝစ်ဝုန်းဆုဝမ်း အစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်တွေ ပါဝင်နေပါတယ်။

သူတို့အနေနဲ့ စံပြအဖြစ် တပ်ပိုင်နေ အိမ်ကနေ အရင်ဆုံးရွှေ့ပြဖို့လိုကြောင်း အေအက်စ်တီဗွီသတင်းဌာန ထူထောင်သူလည်းဖြစ်၊ ယခင်က ရှပ်ဝါပါတီ ခေါင်းဆောင်လည်းဖြစ်တဲ့ ဆွန်ထိလင့်ထောင်းကွန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ပြောပါတယ်။ထိုင်းနိုင်ငံ နခွန်းရာ့ခ်ျဆီမားခရိုင်မှာ ပြီးခဲ့တဲ့အပတ်က စစ်သားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၉ ဦး သေဆုံးပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ နောက်ပိုင်း ထိုင်းတပ်မတော် အနေနဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံနေရပြီး ထိုင်းကြည်းတပ်ဦးစီးချုပ်ကလည်း ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေပါတယ်။

အထူးသဖြင့် ပစ်ခတ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းမှာ တပ်ထဲက အထက်အရာရှိက စီးပွားရေးလုပ်ပြီး လက်အောက်ငယ်သားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကြောင့် ရာထူးကြီးကြီး အရာရှိတွေကို စီးပွားရေးလုပ်ခွင့်ပြုတော့မှာမဟုတ်ဘဲ ကြည်းတပ် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနလက်သို့ လွှဲပြောင်းစီမံစေမယ့်အကြောင်း ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖိရတ် ခုံးဆုမ်ဖုန်းက ပြီးခဲ့တဲ့အပတ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာတော့ ထိုင်းတစ်နိုင်ငံလုံးရှိ ကြည်းတပ် ပိုင်ဆိုင်တဲ့ စီပွားရေးလုပ်ငန်းအမျိုးအစား‌ပေါင်း ၄၀ ကျော်ကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း သဘောတူစာချွန်လွှာ အမ်အိုယူ လက်မှတ်ရေးထိုးလိုက်ပါတယ်။အဆိုပါ စီးပွါးရေးလုပ် ငန်း ၄၀ ကျော်ထဲမှာ ဧကပေါင်း ၃ သိန်းခွဲ ကျော်ရှိ မြေယာနဲ့ အိမ်ခြံ မြေလုပ်ငန်း၊ အဆောက်အဦလုပ်ငန်း၊ ဆိုင်ခန်းတွေနဲ့ လေဟာပြင် ဈေးတွေ၊ အားကစားရုံ၊ လက်ဝှေ့ရုံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း၊ ဟိုတယ်နဲ့ အပန်းဖြေစခန်း အစရှိတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန် နိုင်းပရဆုန် ဖွန်းထနစ်ကလည်း ကြည်းတပ်စစ်ဦးစီးချုပ်ရဲ့ ဆုံးဖြတ်ဆောင်ရွက်မှုပေါ် ကြိုဆိုချီးကျူး လိုက်ပြီး သူတို့အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ စီမံခန့်ခွဲကာ အကျိုးအမြတ်တွေကို ကြည်းတပ်မတော်အတွက် ဝေပုံကျ ပြန်ခွဲပေးမှာဖြစ်တယ်လို့ ပြောသွားပါတယ်။လက်အောက်ငယ်သား တပ်မတော်သားတွေအနေနဲ့ အထက်အရာရှိရဲ့ နိုင့်ထက်စီးနင်းပြုမှု၊ မတရားမှုနဲ့ ပြုပြင်ပြောင်းလဲစေလိုတဲ့ အချက်တွေကို အွန်လိုင်းဟစ်တိုင်ကနေတဆင့် ဖွင့်ဟပြောဆိုနိုင်ကြောင်း ကြေညာထားပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ ဆွန်ထိလင့်ထောင်းကွန်းက ဆက်ပြောပါတယ်။ ဖွင့်ဟတိုင်တန်းလိုသူ တပ်မတော် သားတွေဟာ မိမိရဲ့အမည် ကိုယ်ပိုင်အမှတ် တပ်ခွဲ တပ်ဖွဲ့ အစရှိတဲ့ ကိုယ်ရေးရာဇဝင်တွေ အမှန်အတိုင်း ဖော်ပြရမှာမို့ မရဏအိုးထဲ ခုန်ချသလို ဖြစ်သွားမယ်လို့ ဆွန်ထိလင့်ထောင်းကွန်းက ထောက်ပြပါတယ်။

ref:xyznews.co

Add a Comment

Your email address will not be published. Required fields are marked *