“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၂)

တစုံတရာ ပြောရန်ပြင်နေသော တပ်ရင်းမှူးလည်း ပါးစပ်ကို ဘရိတ်ပေးလိုက်ပုံရသည်…၊

တပ်ခွဲမှူးက ဘာတွေလဲ ဟု မေးတော့မှ … ရန်သူ့မိုင်းမျိုးစုံနှင့် လျှပ်စစ်စနက်များ ၊ ၀ိုင်ယာ ကြိုးခွေများဖြစ်ကြောင်း ၊ နောက်တွင် သေနတ်များလည်း သယ်လာကြောင်း၊ ပွိုင့် တပ်စိတ်က ဇာတ်စုံ ခင်းပြတော့သည်…တပ်ရင်းမှူးရော တပ်ခွဲမှူးပါ မျက်နှာတွေက မှိုပိသာတစ်ထောင်ရထားသော မျက်နှာအသွင်အပြင်သို့ ချက်ချင်းမတ်တပ် ပြောင်းလဲသွားသည်…၊

ဖရုသ၀ါစာတွေ ထွက်လာမည်ဟု အထင်ရှိခဲ့သော်လည်း စကားလုံးတွေက သကာပျားလို ချိုရဲရဲတွေ ဖြစ်နေသည်…၊ ကျွန်တော်တို့ကြားခဲ့ရသော သေနတ်သံနှစ်ချက်သုံးချက်က ထွက်ပြေးသောသူပုန်နှစ်ယောက်ကိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းကျွန်တော်တို့သိလာရသည် ။

ထိုသူပုန် နှစ်ယောက်စတင် ထွက်ပြေးရာ နေရာတ၀ိုက်ရှင်းလင်းရာမှ မိုင်းများ သေနတ်များကို တွေ့ရကြောင်း… ရန်သူ ထောင်ထားသော မိုင်းများရှိနိုင်သောကြောင့် အသေးစိတ်ရှင်းလင်းနေသဖြင့် အချိန်ကြာမြင့်ခဲ့ပါကြောင်း… ပွိုင့်တပ်စိတ်မှူးက သတင်းပို့သည်…၊ သေနတ် ဘယ်နှစ်လက် ဆိုသည်ကို မေးလို့မရ ၊ အများကြီးဟုသာ တပ်စိတ်မှူးက တွင်တွင် ပြောနေသည်…၊ တပ်စုမှူးအဖွဲ့နှင့်လည်း ဆုံတွေ့ပြီးဖြစ်ကြောင်း၊ တပ်စုမှူးက ရန်သူ့သေနတ်များ နေရာတွင်ကျန်နေရစ်ခဲ့ပြီး အသေးစိတ်ရှင်းလင်းနေပါကြောင်း ၊မည်သို့ဆိုစေ သေနတ်အရေအတွက် မသိရသောကြောင့် တပ်ခွဲမှူးစိတ်တွင် ကသိကအောက် ဖြစ်နေသည်..၊ ဒါလေးတောင် ရေမကြည့်ခဲ့ရကောင်းလားဟု သူ့စိတ်တွင် ပွိုင့်တပ်စိတ်မှူးအပေါ် မကြည်မလင် ဖြစ်နေသည်…၊ တပ်ရင်းမှူးက တပ်ခွဲမှူးမေးမြန်းနေသော အခြေအနေကို စောင့်ကြည့်နေပြီးနောက် တပ်ခွဲနှစ်ခွဲဖြင့် ဆင်းရှင်းရန် ညွှန်ကြားလိုက်လေသည်…၊

တပ်ခွဲနှစ်ခွဲဖြင့် အသေးစိတ် ရှင်းလင်းသောအချိန်ကျမှ တပ်စိတ်မှူး ဘာကြောင့် သေနတ်အရေအတွက် မပြောနိုင်ရသည်ကို တပ်ခွဲမှူးနှင့် တပ်ရင်းမှူးတို့ သိသွားကြသည်..၊သေနတ်တွေက စုစုပေါင်း သေနတ်မျိုးစုံ အလက် ရှစ်ဆယ်ကျော်သည်…၊ ၆၀ မီလီမီတာ စိန်ပြောင်းပင် ပါဝင်သည်…၊ RPG 2 ခေါ် ဒုံးပစ်လောင်ချာလည်း ပါသည်ဟု ထင်သည် (သေသေချာချာ မမှတ်မိတော့ပါ)၊ ထိုမျှ များပြားလှသောသေနတ် အရေအတွက်ကို ပွိုင့်တပ်စိတ်မှူးတစ်ယောက် အဘယ်သို့လျှင် ရုတ်တရက်ပြောနိုင်ပါမည်နည်း…၊

မေးသော တပ်ခွဲမှူးကလည်း စစ်ဆင်ရေးကာလ ခြောက်လ ခုနှစ်လအတွင်း တိုက်ပွဲတွေတခြိမ်းခြိမ်းဖြစ်၊ ကျည်ဆံတွေ ဗုံးသီးတွေ ဒုံးသီးတွေသောက်သောက်လဲ အသုံးပြုသော်လည်း သေနတ်တစ်လက် နှစ်လက် ရရန် မသေချာသောအခြေအနေမျိုးတွင် သေနတ်သံလေး နှစ်ချက် သုံးချက်သာ ကြားရပြီး သေနတ်အလက် ၈၀ ကျော် ရလာလိမ့်မည်ဟု တစ်ခါမျှ အိပ်မက်မမက်ခဲ့ဖူးခြင်းကြောင့် အလွယ်တကူ မေးမိခဲ့ခြင်းသာ ဖြစ်လေသည်…။

အမှန်တော့ ရန်သူ၏ လက်နက်တိုက်နေရာဖြစ်သည်…၊အစောင့်က လေး, ငါးယောက်သာ ရှိသည်….၊ရှိသည့် လေး,ငါးယောက်အနက် နှစ်ယောက်သုံးယောက်က ဟိုသွားဒီသွား သွားနေသည်…၊တလောကလုံး စစ်ကြောင်းတွေ ဒီနားတစ်ဝိုက်လှုပ်ရှားရှင်းလင်းခဲ့ဖူးသည်..၊ဘယ်တုန်းကမှ ဒီလျှိုထဲ မရောက်ခဲ့ကြ…။နေရာကလည်း…ရန်သူ,မိမိ နေရန် အဆင်ပြေသောနေရာမဟုတ်၊ နက်ရှိုင်းလှသော လျှိတစ်ခုဖြစ်ပြီး တချို့နေရာ များတွင် ရွှံ့ညွံများပင် ရှိနေသည်..၊

ယခုပင်လျှင် လမ်းမှားသောကြောင့်သာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခြင်း ဖြစ်လေသည်…။စခန်းတွင် အစောင့်ကျန်နေသော.. နှစ်ယောက် သုံးယောက်ကလည်း ပွိုင့်က နှစ်ချက် သုံးချက်ပစ်လိုက်သည်နှင့် ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ပြေးလေတော့သည်….၊

ပေါချောင်ကောင်းပဲဆိုဆို.. ဘာပဲ ပြောပြောသေနတ် အလက်ရှစ်ဆယ်ကျော်ဆိုသည်ကဧရာမ ရန်သူ့စခန်းတစ်ခုကို အသက်တွေ သွေးတွေပုံပေး၍ သွားတိုက်လျှင်သော်မှ ရဖို့က မနီးစပ်လှပေ..။

ထိုလက်နက်များ သယ်ဆောင်စဉ်က KNUတို့ မကျေမချမ်းနှင့် နောက်က ထပ်ချပ်လိုက်၍ ပြန်လုကြသည်…

KNUတို့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်…၊ လက်နက်တွေသယ်ချိန်တွင် လာပြန်လုနိုင်သည်ကို အပိုင်တွက်ထားပြီး ဖြစ်သောကြောင့် အင်အားမှအစ သာလွန်စွာ စုဖွဲ့ ချီတက် သယ်ဆောင်ခဲ့ကြသည်..၊

ထိုစဉ်က သေနတ် ပြန်လာလုသော KNU များကို လေကြောင်းပစ်ကူဖြင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေစေခဲ့လေသည်…၊

Xxxxxxxxxxxxxxxxxxxxxxxx

အမှန်တော့ ထိုသေနတ်များ သယ်ဆောင်သောစစ်ကြောင်းများတွင် ကျွန်တော် ကိုယ်တိုင် မပါတော့ပါ ။ သို့သော် ထိုစစ်ကြောင်းကို KNU တို့ လိုက်လံတိုက်ခိုက်၍ သေနတ်များပြန်ရရန် ကြိုးပမ်းသော တိုက်ပွဲနှင့် သိပ်မဝေးသော နေရာတွင် ကျွန်တော်ရှိနေပါသေးသည် ။ ထိုနေရာကား နို့ထီးလယ် ယာယီ ခြေကုတ်စခန်းတစ်ခု ဖြစ်သည် ။

ဂျီဖိုး နှစ်စီး,သုံးစီး ဗုံးလာကြဲသည်ကို နို့ထီးလယ်စခန်းတွင်းမှ ရုပ်ရှင်ကြည့်သလို ကြည့်ရသည် ။ စခန်းဆိုသော်လည်း အနီးမှာ တဲစုလေးတွေ ရှိသည် ။

စခန်းတွင်း၌ အိမ် နှစ်လုံး,သုံးလုံးရှိသည် ။ စခန်းခြံစည်းရိုးတွင် ကပ်လျှက် ဈေးဆိုင်တစ်ဆိုင်ရှိသည် ။ ထိုတဲစုမှ တိုင်းရင်းသူ ကျောင်းဆရာမတစ်ယောက်နှင့် တပ်မှ အကြပ်တစ်ယောက် သမီးရည်းစားဖြစ်၍ ထိုစစ်ဆင်ရေးအပြန်တွင် တစ်ခါတည်းတောင်းရမ်းခေါ်ဆောင်လာခဲ့ပြီး တပ်တွင် မင်္ဂလာဆောင်ခဲ့သည်။

ထိုခေတ်အခါများက ကရင်တိုင်းရင်းသူများစစ်သားကိုယူလျှင် KNU ကို ဒဏ်ကြေးပေးရသည်ဟု ဆိုစကားရှိသည် ။ ထိုဆရာမ မိသားစု ပေးရမပေးရတော့ ကျွန်တော် မသိပါ ။ ထိုခွင်အတွင်းမှာပင် တပ်မှ တပ်ကြပ်တစ်ယောက် ကရင် တိုင်းရင်းသူ အမျိုးသမီးတစ်ဦးနှင့် သမီးရည်းစားဖြစ်သည် ။

သမီးရည်းစားဖြစ်သည်ဆိုသော်လည်း ကျွန်တော့အထင် သူတို့ နှစ်ယောက်လုံး အသက် သုံးဆယ် နှင့် လေးဆယ်ကြားတွင်ရှိနေကြသူများဖြစ်ပြီး ငယ်ငယ်ရွယ်တော့ မဟုတ်ပါချေ ။

ထိုတပ်ကြပ်ကား အသားအလွန်မည်းသည် ။အရပ်ပုသည်၊ ပေါင်းသင်းဆက်ဆံရေး ကောင်းသည် ။ လူချစ်လူခင်များသူလည်း ဖြစ်သည် ။

ထိုစစ်ဆင်ရေး ပြန်နားချိန်တွင် ထိုတပ်ကြပ်ကား ခွင့်( ၂ )ပတ် တင်၍ ရန်သူများဖြင့် ပြည့်နှက်နေသော ထိုစစ်ဆင်ရေးနယ်မြေသို့ သွားရောက်လျှက်သူ့ချစ်သူကို သွားရောက်ခေါ်ဆောင်ခဲ့သည် ။အရေးပေါ် လက်ထပ်ခွင့် ကောက်တင်လိုက်ပြီးနောက် တပ်မှာပင်ရှိသည့် အရာရှိ, စစ်သည်များ အသိုင်းအ၀ိုင်းဖြင့်ဖေးမလျှက် အကြင်လင်မယား ဖြစ်ခဲ့သည် ။

အချို့က စစ်သားဟူသည် ရွက်ကျပင်ပေါက်လို အရွက်ကျရာ အပင်ပေါက်တတ်သော သဘောရှိသည်။တရွာ တစ်ကျီ ဆောက်တတ်သည် ။ စစ်သားမေတ္တာ ကိုက်တစ်ရာ( စစ်သားသည် ချစ်သူကို ကိုက် ၁၀၀အကွာအဝေးရောက်သည်နှင့် မေ့သွားတတ်သည်ဟု ဆိုလို )စသဖြင့် ပြောလေ့ရှိကြသော်လည်း အသက်နှင့်ရင်းလျှက် ချစ်သူကို ရယူနိုင်စွမ်းခဲ့သည့် စစ်သားမေတ္တာကမူ ပေါ်လွင်ထင်ရှားမှုမရှိပါချေ..။

Xxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်တို့၏ တပ်ရင်းမှူးကား အရပ်ခြောက်ပေကျော် မြင့်သူဖြစ်၏ ။ လမ်းမှားသော တပ်ခွဲတော့ တပ်ခွဲမှူးမှအစ အကြိတ်ခံရတော့မည်.. ဟု တွက်နေကြသောအချိန် ၊ မထင်မှတ်လောက်အောင်များပြားလှသော သေနတ်များကို ရလိုက်သည်ဖြစ်သောကြောင့် အခြေအနေက ပြောင်းပြန်တွေဖြစ်ကုန်သည် ၊ တပ်ရင်းမှူးမျက်နှာက တစ်လတည်း သိန်းထီ သုံးခါ ပြန်ပေါက်ထားသလို ၀င်းထိန်နေသည်။

တပ်ရင်းမှူးက 4051ဆက်သွယ်ရေး စက်ကို အမြန်ထောင်ခိုင်းသည် ။ တပ်မသို့ ဆက်သွယ်သည်။

ပထမ ဂျီတူး တက်လာသည် ။ တပ်ရင်းမှူးကတပ်မမှူးနှင့် စကားပြောလိုကြောင်း ပြောလိုက်သည်။ တပ်ရင်းမှူး တစ်ယောက်က တပ်မမှူးနှင့် စက်စကားပြောခြင်းကား ထိုခေတ်အခါက မရှိသလောက်ဟုသာ ဆိုရမည် ။ သာမန် ရန်သူ့သတင်းမျှလောက် နှင့် တပ်မမှူးကို စက်စကားပြောခွင့် တောင်းလေ့မရှိတတ် ။

တစ်ခုတော့ ရှိသည် ။ တပ်က ပြသနာတွေရှိ၍လည်းကောင်း၊ ထိခိုက် ကျဆုံးမှုတွေ များ၍လည်းကောင်း တပ်ရင်းမှူးကို ဆူပူကြိမ်းမောင်းလိုသောအခါများတွင် ‘တပ်ရင်းမှူး စက်ပေါ် တင်ပေး..ငါပြောမယ်’ ဟု တပ်မမှူးက ပြောလာသည့်အခါမျိုး ရှိတတ်သည် ။

တပ်က လွန်စွာ ကြီးကျယ်သော စခန်းသိမ်းတိုက်ပွဲ အောင်မြင်မှုများ၊ အခြား ဖြစ်စဉ်များရှိလျှင် တပ်မမှူးက ကိုယ်တိုင် စက်ပေါ်တက် ချီးကျူးစကားပြောတတ်သော အခါများ ရှိတတ်သည် ။ သို့သော် အလွန် ရှားပါသည် ။ ယခုကဲ့သို့ တိုက်ပွဲသတင်းလည်း ဘာမှ တက်မလာပဲ တပ်မမှူးနှင့် မာလာ ခုနစ်ဆယ် ကချင်သည်ဆိုတော့ အထူးတဆန်း ဖြစ်နေကြပေလိမ့်မည် ။

အဘယ်ကြောင့်ဆိုသော် တပ်မဌာနချုပ်တွင်တပ်ရင်းမှူး ပြောစရာ ဂျီသရီး ဖယ်ထား ၊ ဂျီတူး ရှိသည် ။ ဂျီဝမ်း ရှိသည် ။ ((ထိုစဉ်ကတော့ ဒုတပ်မမှူး မရှိဟု ထင်ပါသည် ၊ တပ်မမှူးပင်လျှင် ဗိုလ်မှူးချုပ်မဟုတ် ဗိုလ်မှူးကြီးများ ဖြစ်သည် ))

ထို တာဝန်ရှိသူများကို ကျော်လွှားလျှက် တပ်မမှူးနှင့်ပြောမည်ဆိုတော့ နည်းနည်းတော့များသွားပြီ ဟု ယူဆချင် ယူဆနေပါလိမ့်မည် ။ ထိုစဉ်က တပ်မမှူးကလည်း နာမည်တစ်လုံးနဲ့ တပ်မမှူး ဖြစ်သည် ၊ ဒုတိယဗိုလ်ချုပ်ကြီးဘ၀တွင်သရုပ်ဆောင် မင်းသမီးတစ်ယောက်နှင့် ဘာဘာညာညာ သတင်းတွေ ထွက်ခဲ့သူ ဖြစ်သည် ။ သူသည်လည်း တပ်သားဘ၀မှ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာသူ ဖြစ်သည် ။ တပ်သားရာထူးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးက မိုးနှင့်မြေတမျှ ကွာခြားသည် ၊

သို့သော် သူက ထိုနေရာမှ ထိုနေရာသို့ အရောက်တက်လှမ်းနိုင်ခဲ့သူ စစ်သူရဲကောင်းတစ်ဦးသာ ဖြစ်သည် ။
နောက်ပိုင်း သရုပ်ဆောင်မင်းသမီးတစ်ဦးနှင့်ဘာဘာညာညာ သတင်းများထွက်ခဲ့သည်မှာမှန်မမှန် မသိသော်လည်း ထိုခေတ် ထိုကာလများဆီကမူ လွန်စွာတိကျ ပြတ်သားသော စစ်ခေါင်းဆောင်တစ်ယောက်သာ ဖြစ်သည် ။
ရဲဘော်များအပေါ် အောက်ခြေသိမ်းဂရုစိုက်သူလည်း ဖြစ်သည် ။

သူတို့ ၃၀၃ ရိုင်ဖယ် သေနတ်များဖြင့် စစ်တိုက်ခဲ့ရသော တိုက်ပွဲများအကြောင်း ပြောပြတတ်သည် ။

(( ငါတို့ ခေတ်က ရန်သူ့ မီးရထားလာနေတာကို နှစ်လက်မစိန်ပြောင်းနဲ့ ပစ်တာကွာ မီးခိုးခေါင်းတိုင်ထဲ တည့်တည့်ကျတယ် ရဲဘော်တို့ ၊ ကြက်ကန်းဆန်အိုးတိုးတယ်ပြောပြောကွာ ငါတို့ခေတ်က စစ်သားတွေက တော်ကို တော်တယ် ၊ နှစ်လက်မ စိန်ပြောင်းဆိုတာ ချိန်တွယ်စရာ ဘာဆိုက်မှ မပါဘူးကွာ ၊ ဒီလိုပဲ လက်က ထိန်းညှိပြီး မှန်းပစ်ရတာ…။ မင်းတို့ ခေတ်မှာ ၇၅မမ ၊ ၈၁ မမ ၊ ၆၀မမ အကုန် ချိန်စက်တွေ ပါတယ်ကွာ ၊ ဒါပေမယ့် ရန်သူ့ စခန်းပေါ်ကို ကျအောင်မပစ်နိုင်တာတွေ အများကြီး ။)) တပ်မမှူး ပြောလေ့သောစကားဖြစ်သည် ။

စခန်းလာတိုက်ချိန် ရန်သူအဝေးကြီးမှာ ရှိနေတုန်း လှမ်းပစ်တာမျိုးကို တပ်မမှူးက မကြိုက် ၊

((တက်လာပစေ…..ပစ်ကျင်းထဲကနေစောင့်နေလိုက်စမ်း၊ လက်တစ်ကမ်းရောက်မှ နားရွက်ကို ဆွဲ၊ ပါးတစ်ချက် ပိတ်ရိုက်လိုက်၊ ပေးစမ်းသေနတ်…. ဒါပဲပေါ့…))

တပ်မမှူးက ထိုသို့ ပြောတတ်သည် ။

နားထောင်နေသော စစ်သည်များ တ၀ါးဝါး ပွဲကျသည်။

အဓိကကတော့ ရန်သူကို အဝေးကြီးကနေ လှမ်းမပစ်ရန် သူက တင်စား၍ ပြောနေခြင်းဖြစ်သည် ။

တပ်ရင်းမှူးနှင့် တပ်မမှူး စက်ဖြင့် စကားပြောကြသည် ။

တပ်ရင်းမှူးကလည်း ရယ်စရာ အလွန်ပြောတတ်သူ ဖြစ်ပြီး ၊ တပ်ရင်းမှူးတိုင်း ဖိန့်ဖိန့်တုန် ကြောက်သော ထိုတပ်မမှူးကို သူက ကြောက်ရွံ့သည့်ပုံမရ ၊ ((တပ်မမှူး ကျွန်တော့်တပ်ကို ဘာဆုချမလဲ ))အရင် တက်မေးနေသည် ။ အလွန်ဒေါသကြီးသည်ဟုထင်ရသော တပ်မမှူးက အလွန်ပျော့ပြောင်းချိုသာနေသည် ။ ((အေး….ပြောပါကွာ…မင်းရတာ အရင်ပြော…ထိုက်တန်တဲ့ ဆုချဖို့ကတော့ ငါ့တာဝန်ထားပါ..))

သေနတ်များ ရသည့်အကြောင်း တပ်ရင်းမှူးကစီကာပတ်ကုံး တင်ပြနေသည် ။လမ်းမှားသွား၍ ရခဲ့ကြောင်းကို ပြောမပြောတော့ ကျွန်တော် မမှတ်မိတော့ပါ ။

xxxxxxxxxxxxxxxxxxxxxxxx

ဆိုခဲ့သည်က ပြီးခဲ့သောအပတ် စစ်ဆင်ရေးက ရခဲ့သော သေနတ်များအကြောင်းဖြစ်သည် ။

သူတို့ သေနတ်တွေကို ပေါချောင်ကောင်းနှင့်အသာအယာ မ,သွားသော ကျွန်တော်တို့ တပ်ကို KNU က တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ကြေငြာထားသည် ။

ခမရ(x)ကို စစ်မြေပြင်တွင် အရှင်ရရ အသေရရ ဆော်မည်ဟု ကြိမ်းဝါးထားခဲ့သည် ။

KNU နှင့် ကျောင်းတော်က ရန်စ ပူပူနွေးနွေးလေးမှာ ယခုတော့ တစ်ပွဲတစ်လမ်း အကဲစမ်းဖို့ ပြန်လည်တွေ့ဆုံကြရဦးမည် ဖြစ်ပါသည်…၊

ရတခမရ (x) နှင့် ညနေ (၁၆၃၀)ခန့်တွင် ပူးပေါင်းမိသည် ။

မနက်ဖြန် သွားတိုက်ရမည်ဆိုသော တောင်ညို့ညို့ကို ရတခမရ(x) မှ စစ်သည်များ လက်ညှိုးထိုးပြသောကြောင့် လှမ်းမြင်ရသည် ။ ရန်သူများကလည်း ကျွန်တော်တို့ရှိရာ ဤတောင်ကြောသို့ အချင်းချင်းလက်ညိုးညွှန်ပြနေလေမည်လားမသိ ။ အုပ်ချုပ်မှုကိစ္စများ ဆိုင်ရာဆိုင်ရာ လုပ်ကြသည် ။

အားလုံးပြီးတော့ ကျွန်တော်က မနက်ဖြန်တိုက်ပွဲအတွက် သေနတ်နှင့်ကျည်ဆံများကို လက်နေအောင် တိုက်နေမိသည်။ အခြားစစ်သည်များလည်း သေနတ်တိုက်နေသူများ ရှိပါသည် ။

မနက် (၀၅၀၀) နာရီတွင် အားလုံးအသင့်ဖြစ်ရန် တပ်ခွဲရုံးဆက်သားက သတင်းလာပို့သည် ၊

မနက်ဖြန်အတွက် အားမွေးဖို့လိုသည် ၊စောစော အိပ်ရန် ကြိုးစားရမည် ။

အိပ်ယာခင်းရသည်က အရမ်းကို လွယ်လွန်းသည် ။ မြေခင်းပလပ်စတစ်စကို မြေပြင်တွင် ခင်းဖြန့်လျှက် ကျောပိုးအိတ်ကို ပစ်တင်လိုက်သည် ။ ကျောပိုးအိတ်အတွင်းမှ စောင်ကျားကို ဆွဲထုတ်လိုက်သည် ။ စောင်ကျားကို ခြုံ၊ ကျောပိုးအိတ်ကို ခေါင်းအုံးလိုက်လျှင် စစ်မြေပြင်တွင်ပြီးပြည့်စုံသော အိပ်ယာတစ်ခုသာ ဖြစ်သည် ။ မိုးရာသီများတွင်သာ တဲထိုး၍ မြေခင်းများဖြင့် အမိုးလုပ် အိပ်ကြသော်လည်း ၊ မိုးဥတုမဟုတ်လျှင် အိပ်ယာအတွက်မခက်ပါချေ…။

စောစောအိပ်မည် စဉ်းစားသော်လည်းမနက်ဖြန်အတွက် ပြင်ဆင်နေရသည်များကြောင့် အိပ်ယာထဲရောက်တော့ မစောလှတော့ချေ ။

မနက် အရုဏ်ဦးတိုက်ပွဲသို့ အာရုံရောက်နေသောကြောင့်လည်း အိပ်ရသည်က မပျော်တစ်ချက်၊ ပျော်တစ်ချက်မျှ ဖြစ်လေတော့သည်…။

===================
အပိုင်း(၃)ဆက်လက်ဖတ်ရှုရန်

မဟော်ဂနီရေးသား၍ မင်းမော်ပြန်လည်တင်ပြသည်။

အပိုင်း (၁) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၁)

Add a Comment

Your email address will not be published. Required fields are marked *