အိန္ဒိယက ကီလိုရေငုပ်သင်္ဘောတစ်စီး မြန်မာဆီ လွှဲပေးမယ့်အပေါ် အိန္ဒိယ ကျွမ်းကျင်သူ တစ်ဦးရဲ့အမြင်

(နယူးဒေလီအခြေစိုက် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးရာကျွမ်းကျင်သူ ပရာဆန်နန် ၁၄.၁၂.၂၀၁၉ မှာရေးသားခဲ့တဲ့ article ကို ကောက်နှုတ်ပြန်ဆိုမှု ဖြစ်ပါတယ်။ ပရာဆန်နန်ရဲ့အမြင်သက်သက်သာ ဖြစ်ပါတယ်)

အိန္ဒိယရဲ့ အရှေ့မျှော်ကြည့်ရုံကနေ အရှေ့ဘက်ရွေ့လျားမှုဆီ ပြောင်းလဲလာတာ ၀န်ကြီးချုပ် နာရန်ဒရာမိုဒီကို အသိအမှတ်ပြုရမယ်။ သူ့ရဲ့ နောက်ဆုံး အရှေ့ဘက်ရွေ့လျားမှုကတော့ ကီလိုအတန်းအစား ရေငုပ်သင်္ဘောဟောင်း ကို မြန်မာဆီ လွှဲပေးတာပဲ။ မကြာခင်က ဗီဇက်မှာ ပြန်ပြုပြင်မွမ်းမံခဲ့တဲ့ အဲဒီရေငုပ်သင်္ဘောက ခရစ္စမတ်ကျရင် မြန်မာမှာ တပ်တော်ဝင်မယ်။

ဒီအဖြစ်က တချို့အတွက်တော့ အဆင်မပြေလှ။ အထူးသဖြင့် မြန်မာဆီ ရေငုပ်သင်္ဘောနဲ့အတူ Shyena တော်ပီဒိုတချို့ပါ လွှဲပေးမယ့်သတင်းထွက်လာတော့ အဓိကအားဖြင့် ထိုင်းကို အတော်စိတ်တိုစေခဲ့တယ်။ ဒီရေငုပ်သင်္ဘောကို စောင့်ကြည့်ရမယ်လို့ ထိုင်းရေတပ်ဒုဦးစီးချုပ်က ဆိုတယ်။Sind huvir က ဒီဇယ်အင်ဂျင်သုံးတဲ့ ၃၁ နှစ်သား ဆိုဗီယက်ခေတ်ယန္တရား၊ ဒါမျိုးသုံးစင်းရှိတဲ့အထဲက နှစ်စင်းက မတော်တဆမှုတွေ ကြုံခဲ့ပြီး အဲဒီထဲကတစ်စင်း မြုပ်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ နည်းပညာသစ်တွေပေါ်ပေါ် ကီလို ဆိုတာ ရေအောက်မှာ အသံလုံလွန်းတဲ့ သတ္တဝါကြီးတစ်ကောင် ဖြစ်နေဆဲ။

၂၀၁၇ မှာ အမေရိကန်ရဲ့ နျူကလီးယားရေငုပ်သင်္ဘော Corpus Christi နဲ့ တူတူပုန်းတမ်းကစားတုန်းက အိန္ဒိယရဲ့ ကီလို အမျိုးအစား Sindhudhwaj ကအမေရိကန်အာရုံခံကိရိယာတွေကို အရူးလုပ်နိုင်ခဲ့တယ်။ အိန္ဒိယလုပ် Ushus ဆိုနာက အမေရိကန်သင်္ဘောကို အရင်ထောက်လှမ်းမိခဲ့ပြီး စာရွက်ပေါ်မှာ သဏ္ဍာန်လုပ် မြှပ်ပစ်နိုင်ခဲ့တယ်။

လက်ရှိ ရေငုပ်သင်္ဘောမရှိတဲ့မြန်မာအနေနဲ အိန္ဒိယရေတပ်အကူအညီယူလို့ Sind huvir နဲ့ လေ့ကျင့်၊ နောက်တော့ ရုရှားဆီက ကီလိုအသစ်တွေဝယ်ပေါ့။ အဲဒီရေငုပ်သင်္ဘောတွေနဲ့ သူတို့ရေကြောင်းအကျိုးစီးပွားကို သူတို့ကာကွယ်လိမ့်မယ်။ ထိုင်းအတွက် ဦးနှောက်ခြောက်စရာ၊ ဘင်္ဂလားတွေကော ပါနိုင်တာပေါ့၊ နှစ်ဦးစလုံးက မြန်မာနဲ့ ပင်လယ်နယ်နိမိတ်ထိစပ်သူတွေ။

ဒီသုံးနိုင်ငံစလုံးက အိန္ဒိယနဲ့ မိတ်ဆွေကောင်းတွေ၊ သူတို့စစ်သင်္ဘောတွေလွှတ်ပြီး အိန္ဒိယရေတပ်နဲ့အတူ လေ့ကျင့်တာမျိုး ရံဖန်ရံခါ ရှိတယ်။ အဲဒီတော့ အရှေ့ပိုင်းရေပြင်တွေအောက်မှာ အိန္ဒိယပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဂယက်တွေအတော်အတန်တော့ ထပြီ။

ကျွန်တော်(အိန္ဒိယ)တို့မိတ်ဆွေတွေအားလုံး စိုးရိမ်နေတာက တရုတ်ကြောင့် အရှေ့ပိုင်းရေပြင်တွေမှာ လှိုင်းထစေမှာ။ ဒါပေမယ့် ဘယ်သူမှတော့ သူတို့ရဲ့ မဟာဗျူဟာကျောက်ဆူးကို အိန္ဒိယတစ်ဦးတည်းမှာ ချထားမှာမဟုတ်။ အားလုံးနီးပါးပဲ အိန္ဒိယနဲ့ကော တရုတ်နဲ့ပါ မဟာဗျူဟာအကျိုးစီးပွား ရှိကြတယ်ဆိုတာ သဘောပေါက်။

ကျုပ်တို့နဲ့ အနီးဆုံးနဲ့ မိတ်ဆွေအဖြစ်ဆုံး ဘင်္ဂလားကိုပဲကြည့်၊ တရုတ်ဆီက သက်တမ်းရင့် မင် အတန်းအစား ရေငုပ်သင်္ဘောနှစ်စီးနဲ့ ကောဗတ်စစ်သင်္ဘောလေးစီး လွန်ခဲ့တဲ့သုံးနှစ်ကထဲက ၀ယ်ထားတာ။ အခု ကော့ဘဇားမှာ တရုတ်အကူအညီနဲ့ပဲ ရေငုပ်သင်္ဘောအခြေစိုက်စခန်းတစ်ခု ဆောက်နေတယ်၊ နောက်တစ်ခုက ရက်နာဘက်မှာ။

ထိုင်းတွေလည်း ကျုပ်တို့နဲ့ အလုပ်အများကြီးလုပ်နေတာပဲ၊ ဒါပေမယ့် သူတို့လည်း တရုတ်လုပ်ရေငုပ်သင်္ဘောသုံးစီးပါ ရေအောက်တပ်ဖွဲ့တည်ထောင်နေတယ်။ တစ်စီးရပြီး ဒုတိယတစ်စင်းမှာထားသလို တတိယအတွက် အစီအစဉ်ချပြီးသား။ တရုတ်လုပ် တန် ၂၀၀၀၀ ကျ ကြည်းရေနှစ်မျိုးသုံးသင်္ဘောတစ်စီး ၀ယ်ဖို့လည်း စကားပြောနေတယ်။

တရုတ်အကူအညီနဲ့ပဲ ကီလိုမီတာ ၁၂၀ ရှည်တဲ့ ခရာတူးမြောင်း ဖောက်နိုင်ခြေလည်းရှိတယ်- အဲဒါသာ လုပ်ဖြစ်ရင် အဲဒီကနေ တရုတ်စစ်သင်္ဘောတွေ ထိုင်းပင်လယ်ကွေ့ဖြတ်လို့ အက်ဒမန်ပင်လယ်ပြင်ထဲ သွားဖို့ ချောမွေ့သွားလိမ့်မယ်။

အတိုချုံးရရင် အိန္ဒိယရဲ့ အရှေဘက်ရွေ့လျားမှုဟာ ပန်းခင်းလမ်းတော့ မဟုတ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အိန္ဒိယရဲ့ ကီလိုရေငုပ်သင်္ဘောတွေနဲ့ အတူစစ်ရေးလေ့ကျင့်ဖို့ စိတ်ဝင်စားမှု အမေရိကန်ရေတပ်ဘက်က ပြသခဲ့တယ်။အဲဒီအချိနှ်မှာ ၀န်ကြီးချုပ် Gujral ဆီကို မော်စကိုနဲ့ တီဟီရန်က ဖုန်းခေါ်သံတွေ ပလူပျံပြီး အမေရိကန်အလိုမလိုက်ပါနဲ့လို့ တောင်းပန်ခဲ့တယ်။

ကီလိုတွေရဲ့ အသံသင်္ကေတကို အမေရိကန်တွေဖတ်သွားမိမှာ စိုးရိမ်ကြတာလေ၊အဲဒါသာဆိုရင် ပင်လယ်နက်နဲ့ ပါရှန်ပင်လယ်ကွေ့ထဲက သူတို့ ကီလိုတွေရဲ့ လှုပ်ရှားမှုလမ်းကြောင်းနဲ့ ခြေရာလက်ရာတွေ ထောက်လှမ်းခံရနိုင်တာကိုး။

Gujral က နားလည်တယ်၊ အမေရိကန်သင်္ဘောတွေနဲ့ ရေမိုင် ၁၀၀ အကွာမှာ အမြဲနေဖို့ ကီလိုတွေကို အမိန့်ပေးလိုက်တယ်။ ဒီတော့ အမေရိကန်တွေက စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းသွားတယ်။အမေရိကန်တွေနဲ့ အတူလေ့ကျင့်ဖို့ အိန္ဒိယရဲ့ ကီလိုတွေလွှတ်ပေးဖို့ နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက် ကြာခဲ့တယ်လို့ အတိတ်ကိုလည်း ပြန်ပြောင်းပြောခဲ့ကြောင်းပါ။

ref:Stand By Myanmar
via:myanmarnews24

Add a Comment

Your email address will not be published. Required fields are marked *