ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် နေအိမ်(၁)လုံး မီးလောင်မှု ဖြစ်စဉ်တွင် အမျိုးသမီး(၂)ဦးနှင့် ကလေးငယ်(၁)ဦးသေဆုံး

ယနေ့ နေ့လည် ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် နေအိမ်(၁)လုံးတွင်မီးလောင် မှုကြောင့် အမျိုးသမီး(၂)ဦးနှင့် ၈နှစ် အရွယ် ကလေး(၁)ဦးသေဆုံးသွားကြောင်း လူမှု ကူညီကယ်ဆယ်ရေး အဖွဲ့(ရန်ကုန်)ကသိရသည်။

လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက“ သေဆုံးသူက သုံးဦးပါ။ အသက် ၅၀အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၆၀ကျော်အရွယ် နဲ့ နောက်တစ်ဦး ကတော့ ၈နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ ပါတယ်။ အကြမ်းဖျဉ်းကတော့ တိုက် ခန်း ကတော့ ဟောတိုက်ပဲ။ ဘေးတွေမှာ အထည်အလိပ်တွေရှိတယ်။ အဲဒီအထည် အလိပ်တွေကို ဝါယာရှော့ခ်ဖြစ်ပြီးတော့ လောင်တယ် လို့တော့ သိရတယ် ။” ဟု ပြောကြား သည်။

၎င်းတို့(၃)ဦးမှာ နေအိမ်တိုက် ခန်း အတွင်း အသက်ရှုကြပ်ကာ သေဆုံးခြင်းဖြစ်ကြောင်းနှင့် ကလေးငယ်တွင် ခါးတွင် ဝါယာကြိုးပတ် အနေအထားရှိပြီး လက်မောင်းတွင် သံစူးသည့်ဒဏ်ရာတွေ့ရှိရကြောင်း ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ နှစ်ဦးရှိခဲ့ပြီး အသက်ရှုမွန်းကျပ်သူ အမျိုးသမီးတစ်ဦးကို လူမှုကယ်ဆယ်ရေးကားပေါ်တွင် ကုသမှုပေးခဲ့ပြီး (၃၄) နှစ်အရွယ် ကျန်အမျိုးသမီးတစ်ဦးမှာ မျက်နှာ၊ ညာဘက်လက် နဲ့ညာဘက်ပေါင်တို့တွင် ဒါဏ်ရာရရှိခဲ့တဲ့အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)ကသိရသည်။

ဖေဖေါ်ဝါရီလ (၁၉) ရက် ၁၁နာရီ ၅၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ (၉၇)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၁၂နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂နာရီ ၁၇မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

crd:mizzima news