“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၃)

(၀၅၀၀) နာရီတွင် တိုက်ပွဲဝင်အသင့်ဟုဆိုသော်လည်း ကျွန်တော်က အိပ်ယာမှ အလွန်စောစွာ နိုးထခဲ့လေသည်..

ညက အိပ်ယာဝင် ညဥ့်နက်သောကြောင့်ယခုကဲ့သို့ မနက်(၀၃၃၀)ချိန်ခန့်တွင် မျက်လုံးတို့က မဖွင့်ချင် … ဖန်တွတ်တွတ်မျက်လုံးအစုံကို ပူးပြဲဖွင့်လျှက် အိပ်ယာမှ ကုန်းရုန်းထနေမိသည်..၊

တကယ်တော့ ကျွန်တော့အိပ်ချိန်က ဘာမျှမရှိ… လူသားတစ်ယောက်အတွက် တစ်နေ့စာ လုံလောက်သောအိပ်ချိန်မဟုတ်…အဘယ်မျှ အိပ်ချင်စိတ်လွန်ကဲနေမိသည် မသိအသိစိတ်၏ စေ့ဆော်မှုကြောင့် ငါအိပ်ယာမှထကိုထရမည် ဟု ဆုံးဖြတ်ချက်ဖြင့် အိပ်ယာမှကုန်းလိုက်သော်လည်း လူက ပါမလာ….၊အိပ်နေဆဲ ဖြစ်နေသည်… အိပ်မက်တွေထဲမှာအိပ်ယာမှ ကုန်းရုန်းထခဲ့ပြီး၊ ဟိုဟို ဒီဒီ အလုပ်တွေ လျှောက်လုပ်နေသည်… ဖျတ်ကနဲအသိတစ်ချက်ဝင်လာတော့ ကိုယ်က အိပ်ယာမှ မထဖြစ်သေး ၊ အိပ်ချင်စိတ်တို့က အသိတရားနှင့် နိုးထမည်ဟူသော ဆုံးဖြတ်ချက်များကို ၀ါးမြိုစားသောက်နေခဲ့သည်..၊

သို့သော် ‘ဒီအချိန် အိပ်ယာက ထကိုထမည်’ ဟု ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် မရ အရအိပ်ယာမှ နိုးထခဲ့သည်..၊ ဒီအချိန်မထ၍ မဖြစ်ထကိုထ ရမည်…၊ ကျွန်တော့်မှာ လုပ်စရာ အလုပ် တစ်ခုရှိနေသေးသည် မဟုတ်ပါလား… ကျွန်တော်က အခက်အခဲ တစ်ခု ကျော်ဖြတ်ရမည် ဆိုလေတိုင်း သံဗုဒ္ဓေဂါထာတော်ကို မှတ်မှတ်ရရ ရွတ်ဖတ်လေ့ရှိသည်..၊ သာမန်အချိန်တွင်လည်း အဆင်ပြေသလို ရွတ်ဖတ်ပူဇော်ပါသည်..၊ ယခု မကြာမီ နာရီပိုင်းအတွင်း ကျွန်တော်က သေမင်းတမန် ကျည်ဆံများကြား တိုးဝင်ရတော့မည်..၊

ထို့ကြောင့် တိုက်ပွဲမ၀င်မီ သံဗုဒ္ဓေ ဂါထာတော်ကို အခေါက်တစ်ရာ ကျွန်တော်က ရွတ်ဖတ်ပူဇော်မည်ဟု ဆုံးဖြတ်ထားပါသည်…၊ သို့ဖြစ်သောကြောင့် မည်သူမျှ အိပ်ယာက မထမီ စောစီးစွာထရန် ကြိုးစားခဲ့ခြင်းဖြစ်ပါသည်..၊ အိပ်ယာဘေးတွင် အသင့်ချထားသော ချပ်ဝတ်( Equipment ) မှ ရေဗူးကို ဖြုတ်လိုက်သည် ၊ မျက်နှာသစ်ခြင်းကို တစ်မိနစ် နှစ်မိနစ်အတွင်း အပြတ်ဖြတ်သည်..၊ကျွန်တော့်တွင် (၁၀၈)လုံး ပုတီးတစ်ကုံး ပါသည်…၊ ယခုကဲ့သို့ အရေးပေါ်အသုံးပြုရန်နှင့် ရံခါတွင် စစ်ဆင်ရေး၌ စခန်းထိန်းတာဝန်များကို ထမ်းဆောင်ရတတ်သည့်အခါ စခန်းထိုင်ရင်းပုတီးစိတ်နိုင်ရန်အတွက် ယူဆောင်လာခြင်းဖြစ်သည်…၊ ထို ပုတီးဖြင့်ကျွန်တော်က သံဗုဒ္ဓေဂါထာ အခေါက်တစ်ရာပုတီးစိတ်မည် ဖြစ်ပါသည်…

ကျွန်တော်က ဘုရားစာတွေ များများစားစား မရ၊ သို့သော် သံဗုဒ္ဓေဂါထာတော် ၊ သိရသ္မိံ ဂါထာတော်..၊ ပဋ္ဌာန်း၂၄ ပစ္စည်း အကျဉ်းတို့ကိုမူ ၆ နှစ်သား, ၇ နှစ်သားခန့်ကပင် ဂျောင်းဂျောင်းပြေး ရွတ်ဖတ်နိုင်ခဲ့သည်…၊အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏ ငယ်ဘ၀ နေထိုင်သည့်အိမ်မှာ ဘုန်းကြီးကျောင်းနှင့် တစ်ခြံသာ ကျော်ပါသည်။ ကျောင်းထိုင်ဆရာတော်ကလည်း ကျွန်တော်နှင့် ဆွေမျိုးမကင်း ၊ လှည့်ပတ် ဆွေမျိုးစပ်လျှင် ဘကြီးတော်သည်ဟုကျွန်တော့်မိဘများကပြောဖူးသည် ။

ကျွန်တော် အလွတ်ရသော ဘုရားစာတစ်ခုရှိပါသေးသည်။ ထိုဘုရားစာမှာ သြောင်း တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် ဟူသော ဂါထာသို့မဟုတ် မန္တာန် ဖြစ်ပါသည်…၊ သို့သော် ထိုဂါထာ မန္တာန်ကို အချို့သူတော်ကောင်းတို့ နှစ်လိုခြင်းမရှိကြ ..အနက် အဓိပ္ပါယ်တို့လည်း ကောင်းမွန်ခြင်းမရှိကြောင်း… ဓမ္မကထိက ဆရာတော်များ ထေရ်ကြီး ၀ါကြီး ပညာတတ်ဆရာတော်များကပင်လျှင် တရားတော်တွင် ထည့်သွင်းဟောပြောကြသောကြောင့် မရွတ်ဖတ်ဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်သည်…။

xxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော် ဂါထာတစ်ရာ ပုတီးစိတ်ခြင်းအမှုပြီးနောက်တွင်မှ တချို့အိပ်ယာမှ ထကြသည်ကို တွေ့ရသည်..၊တချို့လည်း မထ ကြသေး ၊ ကျွန်တော်လည်း လျော့သွားသော ရေဗူးကို ရေပြန်ဖြည့်၍ လိုအပ်သည်များ ပြင်ဆင်နေခဲ့သည်…။

(၀၅၀၀)နာရီတွင် စစ်ကြောင်း Line up ပြုလုပ်ပြီးနောက် ရန်သူ့ ယာယီခြေကုတ်စခန်း ရှိရာသို့ စတင် ချီတက်ထွက်ခွာခဲ့လေသည်…၊ ရန်သူ့ကုန်းက ရှေ့တွင်ဘာမျှ ဝေးကွာလှသည်မဟုတ်၊ နာရီဝက်မကြာမီ ရောက်မည်သာ ဖြစ်သည်…၊ စတင်ချီတက်ပြီးနောက် ခဏအကြာ အကြပ်တစ်ယောက်နှင့်တပ်သားတစ်ယောက်ကို နှစ်လက်မ စိန်ပြောင်းတစ်လက်ဖြင့် နေရာချထားပေးခဲ့သည်….။ ရန်သူ့ကုန်းကို မျက်မြင် လက်ညိုးထိုးပြခဲ့သည်…၊

“ရန်သူ့ ကုန်းက ဒီကုန်းပဲ…..ငါတို့နောက် မိနစ်နှစ်ဆယ်မကြာခင် ရန်သူ့ကုန်းအခြေသို့ ရောက်မည်…၊ ရောက်သည်နှင့် တပ်ဖြန့်ခွဲ၍ စတိုက်မည်….ငါတို့ သေနတ်သံ စကြားလျှင် ရန်သူ့ကုန်းကို နှစ်လက်မ စိန်ပြောင်းနှင့်မိနစ်၂၀ အတွင်း ဗုံး(၁၂)လုံး ဆက်တိုက်ပစ်ရန် အမိန့်ပေးခဲ့သည်…၊

ထိုသို့ အမိန့်ပေးပြီနောက် နာရီတိုက်သည်..၊

စစ်ကြောင်းနှင့် တပ်ခွဲများ နာရီအသီးသီးတိုက်ထားကြပြီးဖြစ်သော်လည်း သီးခြားထားခဲ့ရမည့် စစ်သည်နှစ်ယောက်နှင့် အချိန်ကိုက်ညီလို၍ဖြစ်သည် ။နာရီ တိုက်ရသည့်သဘောမှာနာရီတစ်လုံး အချိန်တစ်မျိုး ဖြစ်နေလျှင်စုရပ်၊ စီရပ်၊ စမျဉ်းများသို့ ရောက်ရှိချိန်၊ စုဖွဲ့ချိန် ဖြတ်ကျော်ချိန်များ အချိန်ကွာဟ လွဲချော်မှုမရှိစေရန် နာရီအားလုံးကို အချိန်ညှိ နာရီတိုက်ကြရခြင်းဖြစ်သည်။

ထို့အတူ စိန်ပြောင်းပစ်ခတ်မည့်သူများလည်းပစ်ခတ်ချိန်များ လွဲချော်မှုမရှိစေရန်အချိန်ကိုက်ညှိ နာရီတိုက်ကြသည်..၊ထိုနှစ်ယောက်ကို နောက်တစ်နေရာ တွင် စိန်ပြောင်းတစ်ဖွဲ့ ရှိဦးမည်ဟု ခန့်မှန်းနေရာ ကို ပြောပြ မှာကြားခဲ့သည်…၊ သူတို့နောက်တွင် ရတခမရ (x)က ညကရှိနေသည့်အတိုင်း နေရာယူထားဦးမည်ဖြစ်ကြောင်းမိမိတို့၏တိုက်ပွဲကို ပစ်ကူပေးရန် ၊ အုပ်ချုပ်ထောက်ပံ့မှုများပေးရန် ဖြစ်ကြောင်းမှာကြားသည် ။

ထို့နောက် ဆက်ထွက်သည် ၊ နောက် တစ်နေရာတွင်လည်း နှစ်လက်မစိန်ပြောင်း တစ်ဖွဲ့ကို ထပ်မံနေရာချထားသည်…၊ အကြပ် ပင် မပါတော့ Old Seniorတပ်သားကျော်တစ်ယောက်နှင့် Junior တပ်သားတစ်ယောက်ကို နှစ်လက်မစိန်ပြောင်းတစ်လက်နှင့်အတူ ရှေ့ကအတိုင်း မှာကြားလျှက် ထားရစ်ခဲ့ပြန်သည်..၊ နှစ်လက်မ စိန်ပြောင်းကို အနည်းဆုံး တပ်ကြပ်ကြီးတစ်ယောက်၏ ကွပ်ကဲမှုဖြင့်သာ ပစ်ခတ်စေတတ်သော်လည်း ၊ ယခု အခြေအနေကမူ ထိုသို့ စုဖွဲ့နိုင်ခြင်းမရှိခဲ့ ။ နောက်မှာ ရတခမရ (x)က စစ်ကြောင်းတစ်ကြောင်းလုံး ရှိနေသည် ။

ရှေ့က ရန်သူဆိုတာကလည်း ၊ ထိုစဉ်ကာလများဆီက ကျွန်တော်တို့အတွက် စာမဖွဲ့လောက်သော အခြေအနေသာဖြစ်သည်။ရန်သူကို အထင်လည်းမကြီး၊ အထင်လည်းမသေးရန် စစ်သည်တော်ကျင့်ဝတ်က ပြဋ္ဌာန်းသည်။ သို့သော် ကျွန်တော်တို့က မိမိအင်အား သာလျှင် သာသလို၊ အခြေအနေက ကိုယ့်ဘက်ပါလျှင် ပါသလို၊ ရန်သူကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုမမှတ်သော အခါများရှိသည်။ ရံခါတွင် ထိုသို့ အထင်သေးမိခြင်းကြောင့်လည်း မမှားသင့်သောအမှားများ ကြုံတွေ့လျှက် မဆုံးရှုံးသင့်သည်များ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးလေသည် ။

xxxxxxxxxxxxxxxxxxxxxxxx

ထိုသို့လျှင် နှစ်လက်မစိန်ပြောင်းနှစ်လက်ကို ပြီးစလွယ်နေရာချထားပေးခဲ့ပြီးသည်၏နောက်.ကျွန်တော်တို့၏ တိုက်ပွဲဝင်မည့် ပင်မစစ်ကြောင်းကြီးသည် ရန်သူရှိသည်ဟု ဆိုသည့် တောညို့ညို့ကုန်းရှိရာသို့ တရွေ့ရွေ့ ချဉ်းကပ်ခဲ့လေတော့သည်…၊

ကျွန်တော်က စစ်သက်အားဖြင့် ငါးနှစ်လောက် ရှိနေပြီး စစ်သက်တလျှောက် စစ်သားဘ၀ စလုံးရေ..စကတည်းကပင်လျှင် ကံမကောင်းအကြောင်းမလှစွာ

ထိုသို့သောတိုက်ပွဲများ အမြောက်ဆံ ဗုံးဆံများ အထူးသဖြင့် ရန်သူ့နင်းမိုင်း တိုက်မိုင်း ဆွဲမိုင်းများကြားတွင်သာ မလွှဲမရှောင်သာ ကျင်လည်ခဲ့ရပါသည်…၊

ကျွန်တော်တို့၏ အမှတ်(x)ခြေမြန်တပ်ရင်းကား နှယ်နှယ်ရရ မဟုတ်၊ အလွန်တရာနာမည်ကြီးလှသောရန်သူ၏ မော်ဖိုးကေစခန်းကို တိုက်ခိုက်ခဲ့ဖူးသည်….၊ထိုအချိန် ကျွန်တော်တို့က စစ်သားမဖြစ်သေး…၊ ကျွန်တော်တို့ တပ်ရင်းသို့ ရောက်ရှိသတင်းပို့ပြီးနောက် ပထမဆုံးအကြိမ် တန်းစီစဉ်ကပင်လျှင် အခြေအနေကို ရိပ်စားမိသည်…၊

အဘယ်ကြောင့်ဆိုသော် တန်းစီကွင်းတွင် ဌာနချုပ်တပ်ခွဲ၌ တစ်ဘက်ပြတ် အကြပ်စစ်သည်၊ တစ်ဘက်ကန်း အကြပ်စစ်သည်များ၊ ဟိုထိ ဒီထိ ဒဏ်ရာ ဒဏ်ချက်သမားများဖြင့် ပြည့်နှက်နေသည်…၊

ထိုအခြေအနေများကြောင့် တပ်သားသစ်တို့သွေးပျက်ကြရသည် ။ နွားသိုးမှန်ရင်တော့ ချိုချက်မကင်းဟု စစ်သည်တို့က ဆိုလေ့ ရှိကြသည်…..တပ်မ(၄၄) စစ်သား၊ ခမရ(x) စစ်သားမှန်လျှင် ဒဏ်ရာနှင့် ကင်းလေ့ မရှိဟု ပြောတတ်ကြသည်…၊ ဒဏ်ရာ မရဖူးလျှင်ပင် သူရဲဘောနည်းသလိုလို၊ နောက်တန်းမှာ ထမင်းချက်နေသလိုလို နောက်ပြောင်ခံရလေ့ရှိသည်…၊ နောင်တော် စစ်သည်များကဲ့သို့ပင် ကျွန်တော်လည်း တပ်သို့ စတင်ရောက်ရှိကတည်းက “နားနားနေနေ” ဟူသောစကားလုံးတို့ ဘ၀တွင်ပျောက်ဆုံး သွားခဲ့ရပြီး အမြောက်သံ, စိန်သံ, ဗုံးသံတွေ ကြား… သက်စွန့်ဆံဖျားသာ ဖြစ်ရလေတော့သည်…။

နောက်တော့….ကျွန်တော်တို့ အတွေ့အကြုံတွေ ရင့်ကျက်လာသည် ။ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲများကြား ဖြတ်သန်းကျင်လည်ကြရသည် ။

ထိုသို့ ခြေတစ်ဖက်၊ သို့မဟုတ် ခြေနှစ်ဖက် ၊ကျွန်တော်တို့၏ အခြားကိုယ်အင်္ဂါများ တစ်နေ့နေ့တွင် စီနီယာများကဲ့သို့ပင် ပေးစွန့်ရနိုင်ကောင်းသည်ကို သိရှိလာကြသည် ။ သို့သော် အတွေ့အကြုံ၏ ရင့်ကျက်မှုက သွေးပျက်လောက်သော ခံစားမှုများကို မောင်းနှင်ထုတ်ပေးနိုင်စွမ်းသော သဘောရှိလေသည် ။

ထိုသို့ စစ်သက်တစ်လျှောက် ပြောင်းဆန်နေခဲ့သော အတွေ့အကြုံတို့ကြောင့် ယခုကဲ့သို့ ချောက်ချီးချောက်ချက် ရန်သူ့ယာယီ ခြေကုတ်စခန်းလေးတစ်ခုကို တိုက်ခိုက်ရန် ချဉ်းကပ်ချိန်တွင်မူ များစွာရင်ခုန်ခြင်း မဖြစ်မိတော့ပေ။

ထို့အပြင် ကျွန်တော်က သာမန်တိုက်ပွဲဝင်စစ်သည်မဟုတ်၊ သံဗုဒ္ဓေ ဂါထာတော် ၁၀၀ကို ရွတ်ဖတ်ပူဇော်လာသည့် တိုက်ပွဲဝင်စစ်သည်တစ်ယောက် ဖြစ်သည်…၊

“ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ ၊ အနေက အန္တရာယာပိ ၊ ၀ိနဿန္တု ၊ အသေသတော…”။ ဟု အကြိမ်တစ်ရာ ရွတ်ဆိုခဲ့သည်…၊

“ဘေးဥပ္ပါဒ် အန္တရာယ်တို့ အကြွင်းအကျန်မရှိသောအားဖြင့် ပျောက်ပျက်ပါစေကုန်သတည်း…”ဟု
အကြိမ် ၁၀၀ဆုပန်ခဲ့သည်…၊ ဖြတ်သန်းခဲ့သောတိုက်ပွဲအတွေ့အကြုံများနှင့်အတူ ထိုသို့ ရွတ်ဆိုခဲ့သော ယုံကြည်ချက်များကြောင့်လည်း ယခုကဲ့သို့အခြေအနေများကို ရင်မခုန်မိပဲ တည်ငြိမ်စွာ ရပ်တည် နိုင်ခဲ့သည် ၊

မကြာမီ ရန်သူ့စခန်းအခြေသို့ ကျွန်တော်တို့ ရောက်ရှိလာခဲ့သည်…၊ တိုက်ပွဲ စတင်တော့မည်လား…၊ ရန်သူက ငြိမ်သက်နေသည်….၊ မုန်တိုင်းမကျမီ ငြိမ်သက်ခြင်းပေလား….၊ လွန်စွာ တိတ်ဆိတ်ငြိမ်သက်နေခြင်းသည် ရံခါတွင် ကောင်းသောလက္ခဏာမရှိတတ်…၊

ရန်သူ့စခန်း၏ ဘယ်ဘက်စွယ်ကို စစ်ကြောင်း(၁)မှ ချဉ်းကပ်နေသည်..၊ မိမိတို့ စစ်ကြောင်း(၂)က ကုန်းကို အလယ်တည့်တည့်မှ ဖြတ်၍တိုက်ရန် ချဉ်းကပ်နေသည်….၊ အချိန်က နာရီဝက်ခန့်ပင် ကြာသွားသည် ၊ ရန်သူ့စခန်းကုန်းထိပ်ကို မြင်နေရသည်…၊ စခန်းထိပ်တွင် လူရိပ်တွေ့သည် ၊ လူလေးငါး ခြောက်ယောက် ဟိုပြေးဒီပြေး မြင်ရသည်..၊

မိမိစစ်ကြောင်း(၂) ပွိုင့်မှ ၈၄မီလီမီတာဖြင့် ထိုးချိန်လိုက်သည်…၊ ပစ်ကွင်းကို စောင့်နေသည်…၊

စစ်ကြောင်း(၂)မှူးက ၈၄ မမ သမားကို အမိန့်စောင့်ရန် အချက်ပြလိုက်သည်…။ နောက်ပွင့် သမားက ပစ်ချင်နေပြီ၊ လက်တွေယားနေသည်…၊ ထိုအချိန်တွင် သူ့ဘေးနားက စစ်သည်က အလန့်တကြား ပြောလိုက်သည်…၊

(( ဟေ့ကောင် မပစ်နဲ့ဦးနော်…ငါကြည့်ရတာ ငါတို့လူတွေလို့ ထင်တယ်…)) ..

သူပြောပြီး မကြာမီ

((ငါတို့ ကုန်းပေါ်ရောက်ပြီ..ဟေ့ ))ဟူသော…

ခပ်အုပ်အုပ် အသံကို ကုန်းပေါ်မှကြားရသည်…၊

စစ်ကြောင်း(၁)ကား ရန်သူ့ကုန်းပေါ်သို့ ရောက်သွားလေပြီတည်း…၊ သေနတ်သံကား တစ်ချက်မျှမကြားရသေး..၊စစ်ကြောင်း(၁)နှင့် (၂) ရန်သူ့ကုန်းပေါ်မှာ ပေါင်းမိသည်…၊ရန်သူကား မိမိစစ်ကြောင်းများကိုရင်ဆိုင်တိုက်ခိုက်ရန် မည်သည့်အခက်အခဲ ရှိလေသည်မသိ ၊ တိတ်တဆိတ် ဆုတ်ခွာသွားခဲ့လေပြီဖြစ်သည်…။

ထိုအချိန်တွင် စစ်ကြောင်းနှစ်ကြောင်း အရာရှိများ ခေါင်းချင်းဆိုင်ကြသည်…၊ ရန်သူ့ကုန်းကို မတိုက်ပဲနှင့် ရလိုက်သည်ဟု ဆိုလျှင် ပေါ့ပျက်ပျက်နိုင်သည်..၊ ထို့ကြောင့် တိုက်ပြီးမှသာ ရသည်ဟု ပြောချင်သည်…၊ နောက်တစ်ခုက ရန်သူသည် ဤနေရာမှ ဆုတ်ခွာ၍ ရှေ့ကုန်းတစ်ကုန်းတွင် ပြောင်းရွှေ့ စောင့်ဆိုင်းနေခြင်းလည်းဖြစ်နိုင်သည်…၊

ရန်သူစောင့်နေနိုင်သော ကုန်းက၊ လက်ရှိကုန်းထက် နိမ့်သည်၊ ထိုကြောင့် ချဉ်းကပ်တိုက်ခိုက်ရန်မလိုအပ် …၊၄င်းကုန်းကို လက်ရှိကုန်းနေရာမှ မြေပြင်အသာစီးဖြင့် ပစ်ခတ်ချေမှုန်းပြီးမှသာ သိမ်းပိုက်သွားမည်..ဟု သဘောတူကြသည်..၊

လက်ရှိကုန်းပေါ်တွင် တပ်ခွဲများကို မိုင်းစနစ်တကျ ရှင်းလင်းစေပြီး ဖြန့်ခွဲ နေရာယူစေလိုက်သည်…၊

ရန်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထိုကုန်းကို ပစ်ခတ်တိုက်ခိုက် သိမ်းပိုက်ရန် စီစဉ်ကြသည် ။

ထို့နောက် စစ်သည်တစ်ဦးလျှင် ကျည်(၁၀)တောင့်နှုန်းဖြင့်တစ်ဘက် တောင်ကုန်းသို့ ပစ်ခတ်စေခဲ့သည်…၊ စစ်သည် တစ်ယောက် ကျည် ဆယ်တောင့်နှုန်းဆိုသည်က ဘာမျှမဟုတ်သလို ရှိသော်လည်း၊ ရာနှင့်ချီသော စစ်သည်များ၏ ပစ်အားတို့ စုပေါင်းလိုက်သောအခါ ၊ သေနတ်သံတို့က ၀ုန်းဒိုင်းကြဲသွားလေတော့သည် ။

၆၀ မမစိန်ပြောင်း လေးငါးချက် ပစ်ခတ်သံ ကြားသည်…၊ ရန်သူ့အသံက နည်းနည်းမှ ထွက်မလာ ။ ဝေးကွာလှသောခရီးကို ချီတက်လာခဲ့ရသည်က မတန်သလိုဖြစ်သည် ။ ကျွန်တော်တို့၏ ခမရ(x)ကား သူတို့၏ ပူပူနွေးနွေး ရန်သူတော်ကြီးဖြစ်သည် ။ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ၊ အသေအရရ အရှင်ရရ ဟု သူတို့က ကြုံးဝါးထားခဲ့ဖူးသည် ။ ထို့ကြောင့် ကျွန်တော်တို့အား ထိုက်ထိုက်တန်တန် ဆီးကြိုဧည့်ခံလိမ့်မည်ဟု ကျွန်တော်တို့မှန်းဆခဲ့ကြသည်။ သို့သော် အထင်နှင့်အမြင်မကိုက်ခဲ့ ။

မည်သည့် ရည်ရွယ်ချက်မျိုးရှိသည်မသိ ၊ ကျွန်တော်တို့၏ တခမ်းတနား ချီတက်စစ်ဆင်မှုများကို သစ်စိမ်းချိုးချိုး၍ ရှောင်တိမ်းထွက်ခွာသွားခဲ့သည် ။

သို့သော် KNUသည် အချဉ်မဟုတ်ကြောင်း ကျွန်တော်တို့ ကရင်ပြည်နယ်တွင် ကျင်လည်ကျက်စားသော စစ်သည်တိုင်းလိုလို သိကြသည် ။ သူက သူအသာစီးမရလျှင် ထိုသို့ပင် ရှောင်တိမ်းသွားနေကျ ဖြစ်သည် ။ သူအသာစီးရမည့် တစ်နေရာမှ သူပြန်ပေါ်လာပေလိမ့်ဦးမည်။

မိမိ သေနတ်သံများ တဖြည်းဖြည်း ကျဲပါးလာသည်။ ရန်သူက ထိုကုန်းတွင်မရှိတာ သေချာပြီ ။

သို့ဆိုလျှင် ကျွန်တော်တို့က စခန်းကို သိမ်းပိုက်ပြီးစီးကြောင်း သတင်းပို့ရန်သာ ရှိတော့သည်။

သို့သော်…ထိုကုန်းကို ပစ်ခတ်ချေမှုန်းခဲ့ခြင်းက
ကျွန်တော်တို့အတွက် မဟာအမှားတစ်ခုကို ကျူးလွန်မိခဲ့ကြခြင်းသာဖြစ်လေတော့သည်..။

====================

အပိုင်း(၄) မျှော်

မဟော်ဂနီရေးသား၍ မင်းမော်ပြန်လည်တင်ပြသည်။

အပိုင်း (၁) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၁)

အပိုင်း (၂) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၂)