သံဈေးမီးလောင်မှု မီးသတ်တပ်ဖွဲ့ဝင် (၅၀၀) ကျော်ဖြင့် ငြှိမ်းသတ် ခဲ့၊ မီးခိုးမွှန်သူ (၁၆) ဦးရှိ

လသာမြို့နယ် သံဈေးမီးလောင်မှု ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၅ နာရီကျော်ခန့်က စတင်ဖြစ်ပွားခဲ့ရာ မီးလောင်မှု အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးတွက်ချက် လျက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင် ၅၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး မီးခိုးမွှန်သူ ၁၆ ဦးရှိကြောင်း သိရသည်။

ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် လသာမြို့နယ် ၂ ရပ်ကွက်ရှိ သံဈေး၏ ဒုတိယထပ်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြာချိန် ၄ နာရီ နီးပါးခန့်ရှိခဲ့ပြီး အမြင့်ဆုံး သတ်မှတ်ချက် အဆင့် ၅ ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ၊ မီးသတ်ဝန်ထမ်း ၅၀၀ ခန့်ဖြင့် အင်အားသုံး ငြှိမ်းသတ်ခဲ့ကြသည်။

” မီးက မနက် ၅ နာရီ ၁၅ မိနစ် လောက်ကတည်းက စပြီး ၂ လွှာက စပြီးလောင်တယ်။ အပေါ်ထပ် ၃ လွှာမှာ ညလုံးပေါက်ဖွင့်တဲ့ ဘိလိယက်ခုံက ကလေးတွေ ဆင်းပြေးတယ်။ သူတို့တွေ မီးလောင်မှန်းသိတော့ အလုအယက် ဆင်းပြေးကြလို့ ပွန်းပဲ့ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ ၆ နာရီ ၁၀ မိနစ်အချိန်မှာ မီးလောင်မှုအရှိန်ကောင်းနေပြီ။ ဈေးတာဝန်ခံရုံးက လူတွေက မီးလောင်နေတယ်ဆိုတဲ့ သတင်းကို ဈေးသူဈေးသားတွေကို ဆော်အော်ပြောကြားခြင်းမရှိသလို ဈေးသာယာရေးကလည်း ဘာမှမပြောဘူး” ဟု အဆိုပါဈေး မြေညီထပ်တွင် ဈေးရောင်းချနေသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မီးသတ်ဈေးဘူးများ ဈေးတာဝန်ခံရုံး၌ ထားရှိပြီး ဈေးအတွင်း တပ်ဆင်ထားသည့် အရေးပေါ် မီးသတ်ပိုက်၌ ရေရှိ မရှိကို မသိရှိကြောင်း၎င်းက ဆက်လက်ပြောဆိုသည်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင် အင်အား ၅၀၀ နီးပါးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

crd:The myanmar Time