လှိုင်သာယာမြို့နယ်တွင် ချိန်းတွေ့နေသည့်စုံတွဲကို လုယက်မှု ကျူးလွန်သူ(၂)ဦး ဓားထိုးခံရ၍ သေဆုံးမှု  ဖြစ်ပွား

ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် တွင် ချိန်းတွေ့နေသည့် စုံတွဲကို လုယက် မှု ကျူးလွန် သူ(၂)ဦး ဓားထိုး ခံရ၍ သေဆုံး မှု လှိုင် သာယာမြို့နယ်တွင် ဖြစ်ပွား ခဲ့ကြောင်း ဖေဖော်ဝါရီ (၂၀) ရက်တွင် ရန်ကုန် တိုင်းရဲတပ် ဖွဲ့မှ စုံစမ်းသိရ သည်။

ဖြစ် စဉ် မှာ လှိုင်သာယာမြို့နယ်နေ သမီးရည်းစားစုံတွဲတစ်တွဲသည် ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က ယင်းမြို့နယ်၊ ညောင်ရွာ၊ ပန်းလှိုင်ဂေါက်ကွင်း အနောက်ဘက်၊ မောင်ထွန်းလမ်းဘေးတွင် ချိန်းတွေ့နေစဉ် ၄င်းတို့ထံသို့ ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာခဲ့ပြီး ဖုန်းနှင့်ငွေများလုယက်ခဲ့ကြောင်း သိရသည်။ ယင်းသို့လုယက်သဖြင့် မိန်းကလေးက ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းစဉ် ၄င်းတို့က အသင့်ပါလာသည့် သံချောင်းဖြင့် ရိုက်နှက်ခဲ့သဖြင့် မိန်းကလေး၏ ခေါင်းတွင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မိန်းကလေး၏ ချစ်သူ ကို……..နှင့် အဆိုပါအမျိုးသားနှစ်ဦးတို့ လုံးထွေးသတ်ပုတ်ခဲ့ကြကြောင်း သိရသည်။ သံချောင်းဖြင့်ရိုက်နှက်ခံရပြီး ဒဏ်ရာရကာထွက်ပြေးလာသည့် မိန်းကလေးမှာ ဖြစ်စဉ်အခြေအနေများကို မြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

“အဲဒီအတွဲက ဖြစ်တဲ့နေရာကို စက်ဘီးနဲ့ရောက်လာပြီး ထိုင်တောင်မထိုင်ရသေးဘူးလို့ သိရတယ်။ အဲ့ဒီမှာလုမယ့်နှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာတယ်။ ပြီးတော့ ပစ္စည်းတောင်းတယ်ပေါ့။ ဟိုဘက်က မပေးတဲ့အတွက် ကောင်မလေးကို ရိုက်တယ်။ ရိုက်တာသုံးလေးချက်မှာ ကောင်လေးက ဝင်ကာတော့ တစ်ချက်ထိသွားတယ်။ နောက်ပြီး ကောင်မလေးက ထွက်ပြေးသွားတယ်။ အဲဒီနောက် ကောင်လေးနဲ့ လုတဲ့နှစ်ယောက်ရယ် လုံးထွေးသတ်ပုတ်ရင်း ဘေးကမြောင်းထဲပြုတ်ကျသွားတယ်လို့ သိရတယ်။ အဲဒီမြောင်းထဲမှာ သတ်ပုတ်ရင်း ကောင်လေးက ပါလာတဲ့ဓားနဲ့ထိုးခဲ့တယ်လို့ သိရတယ်။ ဓားကသေးသေးလေးပါ။ လက်ညိုးလုံးလောက်ဘဲ အရိုးအသွားက ခြောက်လက်မလောက်ပဲရှိမယ်” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဓားဖြင့်အထိုးခံရမှုကြောင့် လုယက်မှုကျူးလွန်သည့် လှမျိုးဌေး (ခ) သရဲ (၂၆ နှစ်) ၏ ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာ ခုနှစ်ချက်၊ ပြတ်ရှဒဏ်ရာ သုံးချက် ရရှိကာ အခင်းဖြစ်နေရာအနီး ဆိုင်ကယ်ဘေးတွင် သေဆုံးနေကြောင်း တွေ့ရပြီး စောဒီမိုး (၃၁ နှစ်) မှာ နံကြားထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ အခင်းဖြစ်နေရာနှင့် အနည်းငယ်ဝေးကွာသည့်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးရာ ၄င်းကိုနှစ်ဦးမှာ အမေတူဖအေကွဲ ညီအစ်ကိုတော်စပ်သူနှစ်ဦးဖြစ်ပြီး လှမျိုးဌေး (ခ) သရဲမှာ လုယက်မှုဖြင့် ထောင်ဒဏ်ကျခံပြီး ပြန်လွတ်လာသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်မှ လုယက်မှုကျူးလွန်သူနှစ်ဦး ရန်ပြုမှုကို အသင့်ပါလာသည့်ဓားဖြင့်ခုခံစဉ် လူသတ်မှု ကျူးလွန်ခဲ့သည့် လှိုင်သာယာမြို့နယ် ကိုမျိုးသက်လွင် (၃၀ နှစ်) အား အခင်းဖြစ်ပွားပြီးနောက် နာရီပိုင်းအတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကာ ၄င်းကို လှိုင်သာယာမြို့မရဲစခန်းက (ပ) ၁၂၅၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

crd:Eleven media