“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၄)

အဘယ်ကြောင့်နည်း……

သေနတ်သံ ဗုံးသံများကြား ဖုံးအုပ်ပျောက်ကွယ်နေသော ကျွန်တော်တို့၏ နှစ်လက်မစိန်ပြောင်းနှစ်လက်၏လက်စွမ်းပြမှုများက ကျွန်တော်တို့ ရောက်ရှိနေပြီးဖြစ်သော ရန်သူ့စခန်းကုန်းဟောင်းပေါ်သို့ တာဝန်ကျေစွာ တဂျိုင်းဂျိုင်း ကျရောက် ပေါက်ကွဲလာသောကြောင့်ဖြစ်သည်။ကျွန်တော်တို့က စခန်းကို မမျှော်လင့်ပဲ ပေါချောင်ကောင်းရလိုက်ခြင်းကြောင့် ၊ နောက်တွင်နေရာချထားခဲ့သော နှစ်လက်မစိန်ပြောင်းနှစ်လက်ကို မေ့လျှော့
ခဲ့ကြခြင်းကြောင့် ဖြစ်လေသည်…၊

အကယ်၍သာ ပစ်ခတ်ရှင်းလင်းမှုမပြုမီ ထိုစိန်ပြောင်း (၂)လက်အား ဆက်သားစေလွှတ်၍ တားဆီးမည်ဆိုလျှင် သိပ်ခက်ခဲလှသည်မဟုတ် ၊ ပြေးသွားလျှင် (၁၀) မိနစ်ပင်မကြာသော ခရီးအကွာအဝေးဖြစ်သည် ။ သို့သော် သူတို့ကိုတားဆီးရန် ကျွန်တော်တို့က လုံးဝ မေ့လျော့ခဲ့ကြခြင်းသာဖြစ်လေသည် ။

စိန်ပြောင်းနှစ်လက်ကလည်း ရန်သူ မရှိတော့သည့် အခြေအနေများကို သူတို့မသိ ၊ သေနတ်သံတွေကြားသည်နှင့် သူတို့အား လက်ညိုးထိုးပြခဲ့သော ရန်သူ့ကုန်းဆိုသည့်နေရာသို့ ဗုံးသီး တစ်ဒါဇင်ကို မနားတမ်း ပစ်ခတ်ကြလေတော့သည်…၊ ၄င်းတို့၏ နှစ်လက်မစိန်ပြောင်းခွင်းဗုံးတို့က မိုးသီးမိုးပေါက်ပမာ တစ်ဒိုင်းဒိုင်း ကျရောက် ပေါက်ကွဲလာခဲ့သည်..၊

အမှန်တကယ် ရန်သူရှိနေသည်ဆိုလျှင်ပင် ပစ်ချက်က သည်မျှ ကောင်းပါမည်လား မသိ..၊ မိမိတပ်နေရာယူထားပြီးဖြစ်သော ရန်သူ့ကုန်းပေါ်သို့မူကား ပစ်ချက်များက တည့်တည့်ချည်းသာ ကျလေတော့သည်…၊

တစ်ခု အဆင်ပြေ သွားသည်က နှစ်လက်မစိန်ပြောင်းနှစ်လက်၏ ပစ်ခတ်မှုက နှစ်ဒါဇင်အပြည့် ပစ်ခတ်ခဲ့ခြင်းမရှိ ၊ သေနတ်သံများ ရုတ်ရက် တိတ်ဆိတ်သွားခြင်းကြောင့် မိမိတပ်က စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီဟု တွက်ဆမိသဖြင့် ဆက်မပစ်တော့ကြောင်းသိရသည် ။

အမှန်တကယ် တစ်လက် ၁၂ လုံးနှုန်းနှင့် ၂၄ လုံးသာဆက်တိုက်ပစ်ခတ်ခဲ့လျှင် ဘာတွေဖြစ်ကုန်မည် မသိနိုင်တော့။ယုံကြည်ချက်အပြည့်ဖြင့် တိုက်ပွဲဝင်ခဲ့သော ကျွန်တော်က စခန်းကို ပေါပေါလောလောကြီးရလိုက်သည်ကိုပင်ရင်ထဲမှာ ဘ၀င်မကျသလိုကြီး ဖြစ်နေမိခဲ့သည်။

သို့သော် ကျွန်တော်၏ ယုံကြည်ချက်ကမူ ထိုအခြေအနေများတွင် စတင်ပြိုကွဲလေတော့သည် ။

ထိုသော နှစ်လက်မစိန်ပြောင်း ဗုံးများပေါက်ကွဲရာမှ ထွက်လာသည့် ဗုံးစတစ်စသည် ကျွန်တော်၏ညာဘက် ပေါင်အထက်ပိုင်းသို့ ပြင်းထန်စွာဖောက်ဝင် သွားခဲ့သည်…၊ ဘာမျှတော့ လွမ်းလောက်သည်မဟုတ် ၊ ဗုံးစ,က သိပ်မကြီး၊ ရွေးကြီးတစ်စေ့ သာသာမျှသာ ရှိမည်ထင်သည်…၊

သို့သော် ပြင်းထန်သော ပေါက်ကွဲမှုမှထွက်ပေါ်လာသော ဗုံးဆံကား.. ကြီးသည်, သေးသည်မဟုတ် ၊ သွေးပူနေသောအချိန် ဖြစ်ခြင်းကြောင့်လည်း သွေးက တလဟော ထွက်လာလေတော့သည်..။ ဒဏ်ရာက ဖြုတ်ကိုက်သလောက် ဖြစ်သော်လည်း ထွက်လာသောသွေးကမူ ဒဏ်ရာနှင့် မတန်အောင် ဒလဟော ထွက်လာသည်…။

ထိုအချိန် တပ်ခွဲတစ်ခွဲက ရှေ့တိုး၍ ပစ်ခတ်ရှင်းလင်း နေရာချထားသည်…။ ထိုတိုက်ပွဲတွင် ရန်သူ့အလောင်း(၅)လောင်းနှင့် သေနတ် လေးလက်ကို ကျွန်တော်တို့ ရရှိခဲ့ကြောင်း တင်ပြလိုက်သည် ။ တချို့ကလည်း အမှန်တကယ်ရရှိခြင်းမဟုတ်၊ ပြီးခဲ့သော စစ်ဆင်ရေးက ရရှိထားသောသေနတ်အလက် ၈၀ ကျော်ထဲမှ မအပ်ပဲချန်ထားသော သေနတ်များကို ယခုမှ အရပြသည်ဟု သိနေကြသည် ။

မည်သို့ဆိုစေ ထိုတိုက်ပွဲတွင် ကျွန်တော်တို့ရန်သူ့အလောင်း(၅) လောင်းနှင့် သေနတ်လေးလက်ကို သိမ်းပိုက်ရရှိခဲ့သည် ဟု အတည်ပြုလိုက်ပါသည်..၊ထို တိုက်ပွဲစဉ်တလျှောက်လုံးတွင်လည်း ကျွန်တော်တစ်ယောက်တည်းသည်သာ ရှားရှားပါးပါး တစ်ဦးတည်းသော ဒဏ်ရာရရှိသူ ဖြစ်ပါသည်…။

ကျွန်တော်တို့၏ စစ်ကြောင်း(၂)မှူး ၊ ဗိုလ်မှူးရဲထွန်းကမူ ကျွန်တော် ဒဏ်ရာရသည်ကိုပင် သူက ကျေနပ်နေသည်လားမသိတော့ ၊ အဘယ်ကြောင့်ဆိုသော် စခန်းတိုက်သည် ၊တစ်ယောက်တော့ ဒဏ်ရာရသည်..ဟု ယုတ္တိရှိရှိ ပြောနိုင်သွားပြီ ဖြစ်သည် ။ သူက ကျွန်တော့ကို မြ၀တီ စစ်ဆေးရုံသို့ သွားရောက် ဆေးကုသရမည် ဆိုသည်..၊ ကျွန်တော်က ဤမျှ ဒဏ်ရာလောက်ဖြင့် ဆေးရုံသို့ မသွားရောက်လိုကြောင်း၊ ရှက်စရာကောင်းကြောင်း ၊ လေးငါးရက်မျှကြာလျှင် ပုံမှန်ပြန်ဖြစ်မည် ဖြစ်ပါကြောင်း မည်သို့ပင်သတင်းပို့သော်လည်း စစ်ကြောင်းမှူးက လုံးဝလက်မခံ ၊”မင်း ဆေးရုံသွား၍ ဆေးကုသမှု ခံရမည်” ဟုသာ တစ်ချက်လွှတ်အမိန့်ပေးသည် ။

ထိုအချိန်တွင် ကျွန်တော်၏ ခန္ဓာကိုယ်တွင်း၌ယခု ဗုံးစထက် အဆများစွာ ပိုမိုကြီးမားသော ဗုံးဆံတစ်စ နှင့် ယခုဗုံးဆံစ ပမာဏခန့်ရှိသော ဗုံးဆံစ တစ်စတို့က ကြိုတင်နေရာယူထားခဲ့ပြီး ဖြစ်လေသည်..။ယခု ထိမှန်သော ဗုံးဆံအစသည် တတိယမြောက်နှင့် နောက်ဆုံးထိမှန်ခြင်းသာ ဖြစ်ပါသည်…။

ကျွန်တော့်အတွက် အထူးအဆန်း မဟုတ်.. ရေးကြီး ခွင်ကျယ်မဟုတ်ပါချေ…၊ အချိန်တန်လျှင် ကျွန်တော်နှင့် အတူတွဲဘက် တာဝန်ထမ်းဆောင်သွားမည့် တတိယမြောက်လက်တွဲဖော် ဗုံးဆံအစတစ်ခုအဖြစ်သာ မှတ်ယူပါသည်…။

သို့သော်လည်း..ရန်သူ့စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရန်သူ့အလောင်း (၅) လောင်းသေနတ်(၄) လက်တို့ကိုရရှိထားသော တိုက်ပွဲကြီးတွင် စစ်သည် တစ်ဦးတစ်လေမျှ ထိခိုက်ဒဏ်ရာမရဟုဆိုလျှင် ပွဲက မလှ ၊ ယုတ္တိ မတန်ဟုအထင်ရှိလေသလား မဆိုနိုင်…. ရှားရှားပါးပါး ဖြစ်လာသောတစ်ဦးတည်းသော ဒဏ်ရာသမား ကျွန်တော်ကား စစ်ဆေးရုံသို့ မတက်မနေရ တက်ရောက်ရမည့် VIP လူနာ တစ်ယောက် အော်တိုမက်တစ်ဖြစ်လာလေတော့သည်…၊ ဆေးရုံ မတက်ရရေးအတွက် ကျွန်တော်၏ အတန်တန်ငြင်းပယ်မှုကြောင့်

စစ်ကြောင်းမှူးက ” ဆေးရုံတက်စရာ ပိုက်ဆံ မရှိလို့လား..” ဟု မေးပြီး ငွေ ၂၀၀ိ ထုတ်ပေးပါသည်…။

( ထိုစဉ်က တပ်သားအဆင့် ဘားဆုံးလစာ ၂၁၀ိ ဖြစ်ပါသည်…)

ထို့နောက် ကျွန်တော့်အား မြ၀တီ ဆေးရုံသို့ပို့ဆောင်မည့်လူနာပို့ခရီးကို စတင်လေတော့သည်..၊ကျွန်တော်က မဆိုစလောက် ဒဏ်ရာလေးဖြင့်လူနာထမ်းကြီးထဲမှ လိုက်ပါရမည်ကို အလိုလိုရှက်နေသည် ။ ထိုသို့ အထမ်းဖြင့်မလိုက်လိုသောကြောင့် လမ်းလျှောက် လိုက်ပါခဲ့သည်၊ အနည်းငယ်မျှ ထော့နင်း ထော့နင်း ဖြစ်သည်မှလွဲ၍ ကျွန်တော် လျှောက်နိုင်ပါသည်။

သို့သော် ထိုသို့ ထော့နင်းထော့နင်းမျှကိုပင်စစ်ကြောင်းမှူးက သည်းမခံနိုင်ခဲ့…။အထမ်းဖြင့်သာ လိုက်ရန်နှင့် ဒါက အမိန့် ဖြစ်ကြောင်း ခပ်မာမာ ပြောလာခဲ့တော့သည်…၊ သို့ဖြစ်သောကြောင့် ကျွန်တော်သည် ပုရွက်ဆိတ်ကိုက်မျှ ဒဏ်ရာကိုအကြောင်းပြုလျှက်၊ မရှက်မကြောက် သူများထမ်းသောလူနာထမ်းဖြင့် လိုက်ပါရပြီး ဆေးရုံသို့ ရောက်ရတော့မည်ဖြစ်လေသည်…၊

လူနာထမ်းအတွင်းလိုက်ပါစဉ် ကျွန်တော်က ဖြစ်စဉ်များကို အနုလုံ ပဋိလုံ အပြန်ပြန် အလှန်လှန် စဉ်းစားနေမိသည်..၊

ဤတွင်သံဗုဒ္ဓေဂါထာတော်အပေါ်ကျွန်တော်၏တလွဲတချော်အတွေးတို့က စတင်လေတော့သည် …။

ကျွန်တော်ကား တိုက်ပွဲမစမီ ကြီးစွာသော လုံ့လကို စိုက်ထုတ်လျှက် ၊ အိပ်စက်ငိုက်မြည်းခြင်းအပြည့်ရှိသော မျက်လုံးအစုံ၏ ဆန္ဒကိုတွန်းလှန်လျှက် ၊ အိပ်စက်အနားယူရန်ကိုသာ တောင်းဆိုနေသည့် ခန္ဓာကိုယ်အတ္တဘော၏ သဘောကို ဆန့်ကျင်လျှက် သံဗုဒ္ဓေဂါထာတော် ၁၀၀ကို မရမနေ ခက်ခက်ခဲခဲ ရွတ်ဖတ် ပုတီးစိတ်ခဲ့သည်…၊ စစ်ကြောင်း တစ်ကြောင်း
လုံးတွင် ထိုသို့ ရွတ်ဖတ်ပူဇော်ခဲ့သူမှာ ကျွန်တော်တစ်ဦးတည်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်..၊

ထို့အတူထိခိုက်ဒဏ်ရာရရှိသူမှာလည်း ကျွန်တော်တစ်ဦးတည်းဖြစ်နေခဲ့ရသည်…၊ သံဗုဒ္ဓေ ဂါထာတော်သည် အမှန်တကယ် အစွမ်းမထက်လေသလော…၊

စစ်ကြောင်းတစ်ကြောင်းလုံးတွင် သံဗုဒ္ဓေဂါထာ တစ်ခေါက်ကိုမျှ မရွတ်မဆိုပဲလျှက် တိုက်ပွဲ ၀င်ခဲ့သူများလည်း မလွဲမသွေ ရှိနေပါလိမ့်မည်….။ ထိုသူများ အဘယ်ကြောင့် ထိခိုက်ဒဏ်ရာမှ လွတ်မြောက်ခဲ့ကြသနည်း…၊တစ်ခေါက်မှ မရွတ်သူများကို လွတ်မြောက်စေလျှက် အခေါက် ၁၀၀ရွတ်ဆိုခဲ့ သူကို ထိခိုက်ခွင့်ပေးခဲ့လေသလား..၊သို့မဟုတ် ထိုဂါထာတော်ကား ကျွန်တော်နှင့် သဟဇာတ မဖြစ်သော ဂါထာတစ်ခုပေလား…၊ ကျွန်တော်၏ သို့လော..သို့လော သံသယအတွေးတို့က စိတ်တွင် အဖုအထစ်ပေါင်းများစွာတို့ကို ဖြစ်တည်စေခဲ့သည်…။

(( ထိုစဉ်က အသက်ငယ်ရွယ်သေးသည့်အလျှောက်
ကံတရားအပေါ် အတိတ် ၊ ပစ္စုပ္ပန် ဆက်စပ် မတွေးနိုင်ခဲ့))

ကျွန်တော်ကား မြ၀တီဆေးရုံသို့ ချောမောစွာ ရောက်ရှိခဲ့ပြီးနောက် ၊ မြ၀တီတွင် တစ်ရက် ရှိနေစဉ် မိမိတပ်မှ မိုင်းထိလူနာ(၄) ဦး ရောက်ရှိလာသည်..၊ အရာရှိတစ်ဦးပါသည်…။

နောက်တစ်နေ့တွင် ယာဉ်တန်းကြုံချက်ချင်းရသောကြောင့် မော်လမြိုင် စစ်ဆေးရုံသို့ ဆက်လက်လိုက်ပါရလေသည်…၊ မော်လမြိုင်စစ်ဆေးရုံတွင်လည်း ကျွန်တော် ဘာမှမဖြစ်ကြောင်း၊ အစသေးသေးတစ်စ ပေါင်ထဲ ၀င်သွားကြောင်း…ယခုလည်း နာကျင်မှု မရှိတော့ကြောင်း…စစ်ကြောင်းမှူးကစိုးရိမ်၍ ဆေးရုံတက်ခိုင်းလိုက်သောကြောင့် ရောက်ခဲ့ရကြောင်း ဆရာဝန်ကို ပြောပြရာ တစ်ခုခုဖြစ်လျှင် မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆက်လက်ပြသနိုင်ရန် ဆေးစာရေးပေးပြီး နောက်တစ်နေ့တွင်ပင် ဆေးရုံမှဆင်းလျှက် မိခင်တပ်ရင်းသို့ ပြန်လည်ရောက်ရှိခဲ့ပါသည် ။

ကျွန်တော်သည် သံဗုဒ္ဓေ ဂါထာတော်အပေါ် သံသယတစ်ခုကြောင့် ထိုအချိန်မှစ၍ ရွတ်ဖတ်ခြင်းမပြုခဲ့သည်မှာ ကာလအတော်ကြာခဲ့လေတော့သည်…။

xxxxxxxxxxxxxxxxxxxxxxxxx

သို့နှင့်… ကျွန်တော်သည် သံဗုဒ္ဓေ ဂါထာတော်ကိုဥပေက္ခာ ပြုခဲ့သည်ကား နှစ်ကာလ အတော်ကြာမြင့်သွားခဲ့လေသည်..၊ထိုကာလများအတွင်း ကျွန်တော်က ၂၄ ပစ္စည်းပဋ္ဌာန်းအကျဉ်းကိုသာ စွဲစွဲမြဲမြဲ ရွတ်ဆိုပူဇော်လာခဲ့သည်…၊ ထို့နောက် ကျွန်တော် အရာရှိစာမေးပွဲဖြေသည်…၊ ဖြေသည်ဆိုရာ၌ နလပိန်းတုံးဘ၀ဖြင့် သွားရောက်ဖြေဆိုရခြင်း ဖြစ်သည်…။.

ပထမဆုံး တပ်ရင်းအဆင့် ဖြေရသည်….ဒါက ပြသနာသိပ်မရှိ၊ ပေါ့ပေါ့ပါးပါး ကျော်လွှားသွားနိုင်ခဲ့သည်..၊

ထိုအချိန်က တပ်မများအတွင်း အုပ်ချုပ်မှု နီးစပ်လွယ်ကူရာတပ်ရင်းများကို ပြောင်းလဲ သွတ်သွင်းခဲ့ရာ ကျွန်တော်တို့က အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်လက်အောက်သို့ ရောက်နေခဲ့ပြီဖြစ်လေသည်..၊

ထို့နောက် တပ်မအဆင့်အတွက် တပ်မ(၇၇)ခြေမြန်တပ်မဌာနချုပ်တွင် ဆက်၍ ဖြေရသည် ၊ တပ်မအဆင့်မှာ နည်းနည်းကြပ်သည် ။ အချို့က တပ်မအဆင့်တွင် ကျရှုံးသွားခဲ့ကြသည်..၊

ကျွန်တော် တပ်မအဆင့် အောင်မြင်ခဲ့ပြန်သည်…၊

ဖြေဆိုမှုကာလတလျှောက်လုံး ကျွန်တော်က ၂၄ ပစ္စည်းအကျဉ်းကိုသာ ရွတ်ဆိုပူဇော်ခဲ့သည် ..၊

ထို့နောက် ဗိုလ်ရွေးတွင် ဆက်လက်ဖြေဆိုရန်တပ်မဌာနချုပ်တွင် ကျွန်တော်တို့အား စခန်းသွင်းလေ့ကျင့်ပေးခဲ့သည်..၊ ကျွန်တော် တို့ကို စခန်းသွင်းလေ့ကျင့်ရာ စစ်တန်းလျားမှ အနည်းငယ်ထွက်၍ လှမ်းမျှော်လျှင် ရွှေမော်ဓော စေတီတော်ကြီးကို ဖူးမြင်ရပါသည်…၊ ကျွန်တော်က ရွှေမော်ဓောဘုရားကြီးကို လှမ်း၍ဖူးမျှော်ရင်း ၂၄ ပစ္စည်းပဋ္ဌာန်းအကျဉ်းကို နေ့စဉ်နှင့်အမျှ ရွတ်ဆို ပူဇော်ခဲ့သည်..၊

ထိုံနောက် ကျွန်တော်တို့ တပ်မတော်ဗိုလ်ရွေးတပ်ဖွဲ့သို့ သွားရောက်၍ ဗိုလ်လောင်းဖြေဆိုခဲ့ကြသည်…၊

တပ်မတော်တစ်ရပ်လုံးမှ ဗိုလ်လောင်းဖြေဆိုမည့်သူများ တပ်မတော်ဗိုလ်ရွေးတွင်လာရောက်ဆုံစည်းကြသည်…၊

အသုတ်လိုက် ဖြေဆိုမှုတွင် စုစုပေါင်းဖြေဆိုသူ လေးထောင်ကျော် ရှိကြောင်းသိရပါသည်..၊

ဖြေဆိုသူများထဲတွင်တချို့က တစ်ခါ နှစ်ခါ.. တချို့က ၃/၄ ခါ ဖြေဆိုဖူးကြသည်၊ တချို့က ဗိုလ်လောင်းဖြေဆိုရန် ကျူရှင်တက်ခဲ့ကြသည်ဟု ဆိုသည်…၊

ဗိုလ်ရွေးတွင် တွေ့ကြုံရမည့် အဆင့်ပေါင်းများစွာသော လက်တွေ့ လုပ်ဆောင်ချက်များ… ခေါင်းစဉ်ပေါင်းများစွာဖြင့် မေးလာမည့် မေးခွန်းပေါင်းများစွာကို ဖြေဆိုနည်းများ… စသော အခြေအနေများကို လေ့လာသင်ကြားခဲ့ကြခြင်းဖြစ်သည်..၊

ကျွန်တော်နှင့်တကွ ရှေ့တန်းတွင်သာ ခွေခေါက် ပိန်လိန်နေခဲ့ရသော စစ်သည် တချို့ကမူ ကျူရှင်လည်းမသိ၊ ဘာလည်းမသိ၊ ဘာတွေ ဖြေဆိုရမည်၊ ဘယ်လိုပုံစံ ဖြေဆိုရမည်ကိုပင် ဟုတ်တိပတ်တိ မသိ ၊ စခန်းသွင်းလေ့ကျင့်စဉ်က ယခင်ဖြေဆိုခဲ့ဖူးသူများက ဗဟုသုတအဖြစ် တန်းရှေ့ထွက်၍ ဟောပြောဆွေးနွေးခဲ့သည်များ ၊ အရာရှိများ၏ ဟောပြောပို့ချချက်များလောက်သာ ခေါင်းထဲ ရှိနေသော ကျွန်တော်တို့တစ်သိုက်ကမူ သူများပြောသမျှတွေ ပါးစပ်အဟောင်းသား လိုက်လံ နားထောင်ကြရသည်…၊

တချို့က ဗိုလ်ရွေးမေးခွန်းတွေကို အတော်များများ အလွတ်ရွတ်ပြသည်..၊ သချာင်္ကဆို ဘာ ၊ ဖလက်ဆို ဘာ ၊ ဆိုက်ကိုဆို ဘာ ၊ ဒိုင်းကနဲဒိုင်းကနဲပြော၍ အဖြေမှန်ကိုလည်း ပြောပြတတ်သည်၊

လက်တွေ့လုပ်ဆောင်ချက်တွင် Single test အတွက် မည်သို့ကျော်ဖြတ်ရမည်..၊ Half group တွင် ဘာတွေ တွေ့မည်..၊Group test တွင် ဘာတွေကြုံနိုင်သည်..၊ Command test က ဘယ်လို အရေးကြီးသည်…၊၊ ထိုသို့ကြုံနိုင်သော အတားအဆီးကျော်ဖြတ်မှုများအတွက် ဆပ်ကပ်ဆို ဘယ်လို ကျော်ရသည်…၊ မိုးပျံနှင့်တွေ့သော်
မည်သို့ ဖြတ်သန်းရမည် ၊ လွယ်မယောင်ကျသော် ဘာလုပ်ရမည်… စသည်ဖြင့် စာရွက်တစ်ရွက်တွင် ပုံများဆွဲပြ၍ နီးစပ်ရာကို ပြောပြနေတတ်သည်…၊

ကျွန်တော်ကမူ ထိုအချိန်ထိ အူကြောင်ကျားအဆင့်သာရှိသေးသည်..၊ ထိုသူများကဲ့သို့ စာရွက်ပင်ယူလာရကောင်းမှန်းမသိ၊ မှတ်စုစာအုပ်လေး တစ်အုပ်နှစ်အုပ်ကို အရင်းပြုလျှက် ဗိုလ်ရွေးကို ကျော်ဖြတ်ရန် အားထုတ်နေခဲ့မိသည်…၊

ဗိုလ်ရွေး စစ်တန်းလျားအတွင်း ၊ ထိုသို့ ဟောပြောပို့ချနေသူများကား ကျွန်တော်၏ ကျေးဇူးရှင်များ ဖြစ်လာကြမည်ဟု ထိုအချိန်ထိ ကျွန်တော်မရိပ်မိသေးပါချေ..၊ ဟိုနားတစ်ဖွဲ့ ဒီနားတစ်ဖွဲ့ သူတို့ပြောသမျှ ပါးစပ်အဟောင်းသားဖြင့် လိုက်လံနားထောင်ခဲ့ရသောခဏတာ အချိန်ကား ကျွန်တော်၏ လက်တွေ့ဖြေဆိုချိန်များတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့ပါသည်…၊

သို့သော် ထိုသို့မေးခွန်းများ လက်တွေ့ဆောင်ရွက်ချက်များကို တဒိုင်းဒိုင်း ရွတ်ဖတ်ဖြေဆို ပြနိုင်သူများအတွင်းမှတချို့သောသူများ ဗိုလ်ရွေးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိကြောင်း အောင်စာရင်းထွက်ချိန်တွင် စိတ်မကောင်းစွာသိရှိရပါသည် ။ တစ်ခုခုတော့အမှားအယွင်း ရှိခဲ့သည်ထင်ပါသည်…၊

ဗိုလ်လောင်းအောင်စာရင်းမထွက်မီကာလများက ကျွန်တော်၏ အားကိုးမှီခိုလဲလျောင်းရာသည် ၂၄ပစ္စည်း ပဋ္ဌာန်းဒေသနာတော်သာဖြစ်ပါသည်…၊ ကျွန်တော်ကား အရပ်ဘက် အကြီးအကဲများတွင်လည်း ဆရာမရှိ အမျိုးမရှိ၊ တပ်မတော်တွင်လည်း ကျွန်တော်၏ ဗိုလ်လောင်းအောင်မြင်ရေးအတွက် နှုတ်၏စောင်မခြင်းမျှ ပြုပေးနိုင်သူ မရှိ၊ တပ်ခွဲမှူးဘ၀ကအတူနေခဲ့သောဆရာသမား အရာရှိတစ်ယောက်ကို ကျွန်တော်ဗိုလ်လောင်းဖြေဆိုရမည်ဖြစ်ကြောင်း လှမ်း၍ဆက်သွယ် သတင်းပို့ ပြောကြားခဲ့သည် ၊

ဆရာ၏ သြ၀ါဒကမူ…ဗိုလ်ရွေးဆိုတာ အရှည်ကြီးတွေ မတွေးနဲ့…အရှည်ကြီးတွေ မဖြေနဲ့။ short to the point သာဖြေရန်ဟူ၍ ဖြစ်သည်…၊ သူက ဗိုလ်သင်တန်းကျောင်းတွင် နည်းပြလုပ်ခဲ့ဖူးသူဖြစ်သည်။

ထို့နောက် လူအကြုံနှင့် စာရွက်ပိုင်းလေးတစ်ပိုင်းတွင် စာရေးပေးလိုက်သည်..။ စာကို အကုန်လုံးမမှတ်မိသော်လည်း

“တပည့်.. မင်းမှာ မင်းနဲ့သဘောထား မကိုက်ညီရင် မင်းရဲ့ရန်သူလို့သတ်မှတ်ပြီး အတိုက်အခံလုပ်တတ်တဲ့ အကျင့်ရှိတယ်၊ အဲဒါကိုဖျောက်ပါ ၊ သဘောထား မကိုက်ညီတိုင်း ရန်သူမဟုတ်ဘူး…”လို့ ရေးထားတာပါသည်ကို မှတ်မိသည်..။

သူက ကျွန်တော်နှင့်စစ်ဆင်ရေးပေါင်းများစွာတွဲခဲ့သည်..၊ တိုက်ပွဲတချို့ သူနှင့်အတူဆင်နွှဲခဲ့ဖူးသည်..၊ ကျွန်တော်နှင့် Chess ကစားဘက်ဖြစ်သလို ကျွန်တော်၏ အမူအကျင့်များကို အူမ,ချေးခါး သိနေသူလည်း ဖြစ်သည်…၊

သူကလည်း ကျွန်တော့်ကို ထိုသောသြ၀ါဒတစ်ခုမှအပ ဘာမျှ အကူအညီ မပေးနိုင်ခဲ့ပါချေ ၊ ကျွန်တော်သည်ကား ကိုယ့်ဒူးကိုယ်ချွန်ရသော မျက်နှာမွဲဗိုလ်လောင်းစစ်စစ် ဖြစ်လေတော့သည်…။

===================

အပိုင်း(၅) မျှော်

မဟော်ဂနီရေးသား၍ မင်းမော်ပြန်လည်တင်ပြသည်။

အပိုင်း (၁) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၁)

အပိုင်း (၂) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၂)

အပိုင်း (၃) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၃)