“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၅)

ထိုအချိန်တွင်…..ဘယ်လောက်ပေးရင် ဗိုလ်လောင်းအောင်သတဲ့…၊ဘယ်သူ့ဆီသွားရင်ရသတဲ့…စသဖြင့် ကောလဟလများကလည်း ရှိနေသည်..၊အဘက်ဘက်က အနှုတ်လက္ခဏာပြနေသော ကျွန်တော်၏ဗိုလ်လောင်းဖြေဆိုမှုခရီးစဉ်အတွက် ကျွန်တော်၏ ရင်းနှီးသောသူငယ်ချင်းစစ်သည် တစ်ဦးတစ်လေမှလွဲ၍ မည်သူကမှ အားတက်သရောမရှိလှ၊ကျွန်တော်တို့တပ်ရင်းမှ ဗိုလ်ရွေးထိတက်ရောက်ဖြေဆိုသူ(၁၁) ဦးရှိခဲ့သည်..၊ ဟိုလူကတော့ အောင်နိုင်ခြေရှိသည်၊ ဒီလူကတော့အောင်နိုင်သည်ဟု ကောလဟလအကြိုစာရင်းများတွင်ကျွန်တော်၏အမည်ကား မှုန်ဝါးဝါးလေးမျှမပါ။ နောက်ကျောလေးလှန်ကြည့်သော်လည်း မပါရှိခဲ့ပေ…။

ကျွန်တော်တို့၏ရှေ့တွင် ကျွန်တော်တို့ကဲ့သို့ပင်သွားရောက်ဖြေဆိုခဲ့ပြီးအကြိမ်ကြိမ်ကျရှုံးခဲ့သောဗိုလ်လောင်းများနည်းတူ ကျွန်တော့်ကိုလည်းဒီပုတ်ထဲကဒီပဲမျှသာ အထင်ရှိပုံရလေသည်…၊

ကျွန်တော့်အပေါ်ယုံကြည်မှုအပြည့်ရှိသောသူငယ်ချင်းတစ်ဦးသာရှိသည်….။သူကရခိုင်လူမျိုးဖြစ်သည်။ ကျွန်တော်ဘာလုပ်လုပ်.. သူကမှန်တယ်ချည်းသာထင်နေတတ်သူဖြစ်သည်.. သူကတော့ ကျွန်တော်ဗိုလ်လောင်းဖြေပြီးနောက် အောင်စာရင်းမထွက်မီကတည်းကပင်လျှင် ဗိုလ်ကြီးခေါ်နေသူဖြစ်သည်…။

((ကျွန်တော်က ရခိုင်သူငယ်ချင်းများနှင့်အကျိုးပေးသည် ။ ထို့ကြောင့် ယနေ့ AA ရခိုင်သူပုန်.. ဘာညာတွေ.. ကျွန်တော် သိပ် ၀င်မပြောချင် ၊ သူငယ်ချင်းများကို အားနာ၍ ဖြစ်သည် ။ သူငယ်ချင်းဆိုသော်လည်း သူက စီနီယာ ဖြစ်ပါသည်။ ဖဲရိုက်ခြင်းကို အလွန် ၀ါသနာထုံပြီး ကျွန်တော် သူ့ကို တားမရသော အကြောင်းတစ်ခုတွင် ထို ဖဲရိုက်သောကိစ္စ ပါသည် ။ သို့သော် သူက ဖဲကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်ကို ဒုက္ခပေးတတ်သူတော့မဟုတ် ။

သူ ဖဲရှုံးလျှင် ကျွန်တော့်ထံ မလာ ၊ သို့သော်သူဖဲ နိုင်လာလျှင် ကျွန်တော့်ထံ ရောက်လာတတ်သည်။ ဟေ့ရောင်…ဟိုဟာ သွားစားမယ် ၊ဒီဟာ သွားစားမယ် ခေါ်နေတတ်သည် ။သူစီးသော ဖိနပ်ကို လမ်းကြုံ၍ ကျွန်တော်တစ်ခါ တိုက်ပေးလျှင်၊ သူက ကျွန်တော့်ကို၁၀ ခါလောက် ပြန်တိုက်ပေးတတ်သည် ။

သူ့အတွက် ရည်းစားစာ ရေးပေးပါ ဟု ဂျီကျသောကြောင့် ကျွန်တော် မကြာခဏ ရေးပေးရသည် ။ သို့သော်…သူက ဘယ်တော့မှ ပြန်မရေး ၊ကျွန်တော်ရေးပေးထားသော ကျွန်တော့်လက်ရေးအတိုင်းသွားပေးပစ်သည်။ ကျွန်တော်က ဘာလုပ်ချင်သည် ဖြစ်စေ၊ သူက အပြည့်အ၀ထောက်ခံနေတတ်သည် ။

နောက် ရခိုင်သူငယ်ချင်းတစ်ယောက်ကတော့အရာရှိ တစ်ပါတ်စဉ်တည်း ဖြစ်သည် ။

တစ်နေ့ ..ကျွန်တော် ပြသနာတွေ ကြုံသည်။ဆွေမျိုးအရင်းတွေ အလွဲသုံးစားလုပ်ပစ်သောကြောင့် ငွေကြေးကိစ္စ ကျွန်တော် မျက်ဖြူ ဆိုက်နေသော ကာလ ဖြစ်သည် ။ သူ့ကို ကျွန်တော်ပိုင်ဆိုင်သော တဲသာသာ အိမ်ကလေးတွေ ချောင်ကြို ချောင်ကြားက မြေကွက်ကလေးတွေ ထိုးရောင်းသည် ။ သူလိုက်ကြည့်သော်လည်း မ၀ယ်ချင် ။ လိုချင်ချင် မလိုချင်ချင် မင်းယူလိုက်ကွာငါငွေလိုနေတယ် ဟု ကျွန်တော် ဂျီကျတော့ငွေလိုရင် ငွေ ခဏ ယူသုံးထားကွာ ။ မင်းနေရာက ငါနဲ့ အလှမ်းဝေးတယ်၊ ငါ မထိန်းသိမ်းနိုင်ဘူး..။ ငွေသိန်း (၅၀) ကို ဘာအထောက်အထားမှ မပါ.. ဒီအတိုင်းထုတ်ပေးသည် ။ ထိုစဉ်က ငွေသိန်းငါးဆယ်မှာ များလှသည် မဟုတ်သော်လည်း ၊ နည်းသည့်ငွေတော့ မဟုတ် ။ လတ်တလောတော့ ကျွန်တော်အသက်ရှူခွင့် ရခဲ့သည် ။ သူငယ်ချင်း ဖြစ်နေသောကြောင့် အပေါင်ပစ္စည်းတွေ ဘာတွေ သွားပေးနေလျှင်လည်း ဆဲလွှတ်မှာ စိုးသည် ။ ထို့ကြောင့် သူငယ်ချင်းကို ငွေသိန်း(၅၀) လက်ခံရရှိ၍ ကျေးဇူးတင်ပါကြောင်း Message ပေးပို့၍၊ ယခု Message ကိုပင် အထောက်အထားအဖြစ် ယူထားပါရန် ပြောခဲ့သည် ။ ))

ထို ရခိုင် သူငယ်ချင်းတစ်ဦးသာလျှင် ကျွန်တော့ကို ယုံကြည်မှုအပြည့်အ၀နှင့် အားပေးနေပြီး ကျန်အခြေအနေများက ကျွန်တော့်ဘက်သို့မပါ ။

ကျွန်တော့်ကိုကူညီစောင်မမည့်သူကားကျွန်တော်သာဖြစ်သည်…၊ သို့ကြောင့်ပင်လျှင်ကျွန်တော်၏အားကိုးရာယုံကြည်ရာ ၂၄ပစ္စည်းပဋ္ဌာန်းအကျဉ်းကိုသာနာနာရွတ်ဖြစ်လေတော့သည်..၊

အောင်စာရင်းမထွက်မချင်းနေ့စဉ်မပျက်မကွက် အခေါက်၅၀ ရွတ်ပါသည်..၊ အခေါက်(၅၀)က ဘာမျှမဟုတ်ဆိုသော်လည်းအချိန်ရှားပါးလှသောစစ်သားဘ၀တွင် ထိုအခေါက်၅၀ပြည့်အောင်ပင် အကြိတ်အနယ်ကြိုးစားရွတ်ဖတ်ရသည်…။ဟိုယခင်ကာလများတွင်သံဗုဒ္ဓေဂါထာတော်ကိုရွတ်ဆိုပူဇော်မိမည်ဖြစ်သော်လည်း..ယခုမူ သံဗုဒ္ဓေဂါထာတော်ကား ကျွန်တော်နှင့်ခပ်စိမ်းစိမ်းအခြေအနေသို့ ရောက်နေခဲ့သည်။ ကျွန်တော်က သံဗုဒ္ဓေဂါထာတော်အပေါ်ယုံကြည်မှုလျှော့ပါးနေခဲ့သောကာလဖြစ်သည်။

ဗိုလ်လောင်းအောင်စာရင်းထွက်တော့ကျွန်တော့်အမည်ပါလာခဲ့သည်…။

ကျွန်တော်တို့တပ်ရင်းကား တပ်မသမိုင်းတွင်မော်ကွန်းအသစ်တစ်ခုစိုက်ထူနိုင်ခဲ့သည်..၊အဘယ်ကြောင့်ဆိုသော် ဗိုလ်လောင်းအောင်မြင်သူအမည်စာရင်းတွင် မိမိတပ်ရင်းတစ်ရင်းတည်း လေးဦးအောင်မြင်ခဲ့ခြင်းကြောင့်ဖြစ်လေသည်။

ယခုကဲ့သို့ (၄)ယောက် အတွဲလိုက် ယခင်ကလည်းမအောင်မြင်ခဲ့ဖူးသကဲ့သို့ ကျွန်တော်သိမီသလောက် နောက်ထပ်လည်း ထိုကဲ့သို့ သုံးလေးယောက်အောင်သည်ဟု သတင်းမကြားမိတော့ပေ ။

ထိုကာလများဆီက ရန်စွယ်တွေကြားမှအခိုက်အတန့် လွတ်မြောက်နေသောကာလများဖြစ်သည် ။

ဗိုလ်လောင်းအောင်မြင်ကြောင်း မင်္ဂလာသတင်းကို စတင်သယ်ဆောင်လာသူက ရေး(၂) (တပ်ရင်းရံပုံငွေ/ငွကြေးဆိုင်ရာအမှုတွဲကိုင်)တပ်ကြပ်ကြီးစာရေးတစ်ဦးဖြစ်သည်..၊

…………………………………………

(( ယခုတော့ကွယ်လွန်ခဲ့ပြီ…..သို့သော်

သူမကွယ်လွန်မီ ကျွန်တော်နှင့်ရေစက်ကမကုန်၊ကျွန်တော်ကအမှတ်(xxx) ခြေမြန်တပ်ရင်းသို့ ဗိုလ်ကြီး အဆင့်ဖြင့် ရောက်ရှိတာဝန်ထမ်းဆောင်စဉ် သူကလည်း အငြိမ်းစားဘ၀ဖြင့် ထို ခမရ(xxx)မှ စစ်သည်တစ်ဦးနှင့်အိမ်ထောင်ကျနေသော သူ၏သမီးနှင့်အတူ တပ်တွင် လာနေပြီး တပ်တွင်း၌မကြာခဏတွေ့ဆုံမိသည်…၊ထိုအချိန်သူအရက်လုံးဝပြတ်နေလေပြီ…၊ အရက်ချိုးများ အရက်ဖြတ်တော့မည်ဟုပြောလေတိုင်း ကျွန်တော်တစ်ခါမှမယုံကြည်ခဲ့ ၊ ကျွန်တော်မှ တစ်နာရီနှစ်နာရီကြာအောင် အရက်၏ဆိုးကျိုးများကိုတရားဟောပြီးနောက် … ဟုတ်..ကျွန်တော်အရက်လုံးဝ မသောက်တော့ဘူးဟု ဆင်ဖမ်းမယ်ကျားဖမ်းမယ်ပြောသွားသောတပည့်များ ဘယ်တော့မှအရက်ပြတ်သည်မရှိ၊ အချိန်တန်မူးနေပြန်တော့သည်…၊ သူငယ်ချင်းတွေထဲမှာလည်းဒါမျိုးတွေအပုံကြီးရှိသည်…၊ ဟေ့ကောင်ငါနောက်နေ့ကစပြီးအရက်မသောက်တော့ဘူး…ဒီညဘယ်ဆိုင်မှာ ငါ့ကိုတစ်ခါတည်းအ၀တိုက်မလားဆိုပြီး ကျွန်တော့်ဆီကအရက်ညာသောက်သွားသောသူငယ်ချင်းများလည်းရှိသည်…၊ အရက်ပြတ်သွားသူကား ကျွန်တော်တစ်ယောက်မှမတွေ့ခဲ့…။

အရက်မသောက်ရလျှင် လက်တွေတုန်နေတတ်သောကျွန်တော့်ဆရာကြီးက ဗိုလ်ကြီးကျွန်တော်အရက်ပြတ်နေပြီဗျ ဟုပြောလာသောအခါ…အတွေ့အကြုံများလှသောကျွန်တော်စိတ်ထဲမှကြိတ်ပြုံးမိခဲ့သည်..၊သူစိတ်ကျေနပ်အောင်.. ဟုတ်လားဆရာကြီး..ကောင်းတာပေါ့….ဘာညာပြောလိုက်ရသော်လည်း နည်းနည်းလေးမျှမယုံကြည်ခဲ့ပါချေ…၊ သို့သော် ကျွန်တော်ထိုတပ်တွင်(၅) နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့စဉ် သူလုံးဝအရက်သောက်တာမတွေ့ရတော့မှ ကျွန်တော်စွဲကိုင်ထားသော အရက်ချိုးများ..အရက်ဘယ်တော့မှမပြတ်ဟူသောအရက်ဝါဒအကြီးအကျယ်မှားကြောင်း ကျွန်တော်သိလိုက်ရတော့သည်..၊(၅) နှစ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တပ်ရေး၊တပ်ထောက်တာဝန်များကို (၃)နှစ်ခန့်တာဝန်ယူခဲ့သည်..၊ သူအရက်သောက်တတ်သေးလျှင် သူ့အတွက်အာမီရမ်လက်ဆောင်ပေးရလိမ့်မည်ဟု ရည်မှန်းထားခဲ့သော်လည်းအမှန်တကယ် ကျွန်တော်သူ့အိမ်သို့သွားရောက်ပို့ပေးရသောလက်ဆောင်ကား နို့ဆီနှင့်သကြားများသာဖြစ်ခဲ့သည်..၊))

………………………………………….

သူက စူပါအရက်သမားတစ်ဦးဖြစ်သည်၊အရက်ကိုနှစ်နှစ်ခြိုက်သောက်သည်၊ ရုံးချိန်အတွင်းအရက်သောက်မှုကြောင့် မကြာခဏကြိမ်းမောင်းခံရသူဖြစ်သည်…။

သို့သော်အထင်သေး၍ကားမရ။ အရက်မူးနေသော်လည်း သူ့ကိန်းဂဏန်းများကမှားယွင်းခဲသည်..၊ လုပ်ငန်းကျွမ်းကျင်သော OldService ကြီးဖြစ်သည်၊ နောက်ပေါက်စာရေးတွေသာ Grade 2 ,Grade 1 Level တွေဖြစ်သွားသည် ၊ သူကတော့ Grade 3 ကနေ တိုးတက်မလာ…(နောက်ပိုင်းတော့Grade2 အောင်သွားသည်ဟုထင်သည်..)

စာရင်းစစ်ကို လိပ်ပတ်လည်အောင် ငွေစာရင်းရှင်းနိုင်သည်..၊ ငွေဆယ်ပြားကွာခြားချက်ကိုတကုတ်ကုတ်ရှာဖွေအဖြေထုတ်ပေးခဲ့ဖူးသည်..၊ သို့သော်အရက်သောက်လွန်းသောကြောင့်သူ့အပေါ် စစ်သည်တို့က သိပ်လေးလေးစားစားမရှိကြ…၊ပါးစပ်မှအရက်နံ့ထွက်နေသောသူကဗိုလ်လောင်းအောင်မြင်ကြောင်းလာပြောနေခြင်းကို သံသယများစွာဖြင့် ကျွန်တော်ကနားထောင်နေခဲ့သည်…၊ ဆရာကြီးကလည်း မနောက်စမ်းပါနဲ့.. ဟုသာအကြိမ်ကြိမ်ပြောနေမိသည်…၊

ထိုသောအခါသူက အရက်သမားပီသစွာကျွန်တော့်ကို အရက်ဖြင့် စိန်ခေါ်လာတော့သည် ။

မင်းကို…တကယ်ဟုတ်တယ်လို့သက်သေပြနိုင်ရင်ငါ့ကိုအရက်တစ်လုံးတိုက်မလား.. ဟုစိမ်ခေါ်လာတော့သည်…၊

ကဲပါ.. ဆရာကြီး..သက်သေသာပြ။ကျွန်တော်တိုက်ပါမည် ဟု အာမခံလိုက်ရသည်…၊ထို့နောက်သူက ကျွန်တော့်ကိုဆက်သွယ်ရေးရုံးခန်းသို့ခေါ်သွားပြီး ဆက်သွယ်ရေးကဖမ်းယူထားသောကြေးနန်းစာကိုကြည့်ခိုင်းသည်….ဆက်သွယ်ရေးစစ်သည်ကလည်းထိုကြေးနန်း တပ်မဌာနချုပ်ကပို့လာကြောင်းအမှန်အကန်ဖြစ်ကြောင်းသက်သေလိုက်သည်…. သို့နှင့် ကျွန်တော်အာမခံထားသည့်အတိုင်းပင်…ဟုတ်ပါပြီဆရာကြီး..ယုံပါပြီ၊ သက်သာဆိုင်မှာ အရက်တစ်လုံးသောက်လိုက်ပါ…ကျွန်တော်ရှင်းလိုက်ပါ့မည် ဟုပြောသော်လည်း…မရ။ ကျွန်တော်ကလည်း လက်ထဲမှာပိုက်ဆံပါမလာ…၊

ငါပြောရင် သူတို့ကယုံမှာမဟုတ်ဘူးကွ။မင်း စာနဲ့ရေးပေးလိုက်..ဆို၍ ကျွန်တော်ကသက်သာဆိုင်တာဝန်ခံအားဆရာကြီးxxxxx သို့ အရက်တစ်လုံးရောင်းပေးပါရန်နှင့် ထိုအရက်တစ်လုံးကို ကျွန်တော်မှရှင်းပေးပါမည့်အကြောင်း စာရွက်လေးတစ်ရွက်ရေးပေးလိုက်ရလေတော့သည်…၊ ဗိုလ်လောင်းအောင်မြင်ကြောင်းမင်္ဂလာသတင်းအတွက်အရက်တစ်လုံးက ဘာမှမဟုတ်သောတန်ဖိုးတစ်ခုမဟုတ်ပါလား…။

ဗိုလ်ရွေးကိုအောင်မြင်စွာကျော်ဖြတ်နိုင်လျှင်ဗိုလ်ဖြစ်မည်ဟု အကြမ်းဖျဉ်းမှတ်ယူနိုင်သော်လည်းအမှန်စင်စစ် ဗိုလ်ရွေးမှအောင်စာရင်းသည် ပဏာမရွေးချယ်မှုသာဖြစ်သည်ဟု အချိန်အတော်နောက်ကျမှ ကျွန်တော်သိခဲ့ရသည်…၊

======================

အပိုင်း(၆) မျှော်

မဟော်ဂနီရေးသား၍ မင်းမော်ပြန်လည်တင်ပြသည်။

အပိုင်း (၁) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၁)

အပိုင်း (၂) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၂)

အပိုင်း (၃) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၃)

အပိုင်း (၄) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၄)