“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၆)

ကျွန်တော်တို့ကို ဗိုလ်လောင်းများ ဟု ခေါ်ဝေါ်သုံးစွဲနေကြသော်လည်း အမှန်ကမူ ကျွန်တော်တို့ကား ဗိုလ်လောင်းဘ၀သို့ မရောက်ရှိသေးပါချေ…၊ ဗိုလ်လောင်းအဖြစ် လျာထားသောအလောင်းအလျာများဘ၀၌သာ ရှိပါသေးသည်…၊

ကျွန်တော်တို့ကို စစ်ကြောရေးနှင့် တည်းခိုရေးသို့ပို့သည် ၊ ဗိုလ်သင်တန်းကျောင်းမှ အရာရှိများ လာစောင့်နေသည်…၊ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးစစ်ကြရသည်..၊ အမျိုးသမီးသူနာပြု ဗိုလ်လောင်း( Nursing Gadet ) များက မကြားတကြား နောက်ပြောင်ကြသည်…၊

ပြောတော့ဗိုလ်လောင်း …တဲ့ … ပေါက်တူး သို့မဟုတ် ခေါက်ဂေါ်ပြားပါရမည်… တဲ့….. အဟိ…Fatigue လုပ်ရမှာကို ဗိုလ်လောင်းလာလုပ်နေသေးတယ်….ဟု မကြားတကြားပြောလျှက် တခွိခွိ ရယ်ကြသည်…၊ မှန်ပါသည် ကျွန်တော်တို့၏ဗိုလ်လောင်း ခေါ်စာ ကျောင်းဝင်ညွှန်ကြားလွှာတွင်အမှန်ပင် ပေါက်တူး သို့မဟုတ် ခေါက်ဂေါ်ပြားပါရမည်ဟု ဖော်ပြပါရှိပါသည်…၊

ကျွန်တော်တို့ ဆေးစစ်ကြပါသည်…၊ မျက်စိကို စစ် ၊ ဟိုဟာစစ်.. ဒီဟာ စစ်..အားလုံးက အိုကေနေသည်..၊

ရင်ဘတ်ပိုင်းကို ဓာတ်မှန်ရိုက်စစ်တော့ပြဿနာက စလေတော့သည်…၊အဆုတ်၏ အောက်ခြေပိုင်းတွင် ဘာမှန်းသေချာစွာမသိရသည့် ၀ိုးတ၀ါးအရိပ်တစ်ခုက(Abnormal) ခန္ဓာကိုယ်အတွင်း သာမန်အခြေအနေမဟုတ်ဟု ဖော်ပြလာသည်…။

((အမှန်တော့ ကျွန်တော် စစ်သက် ၂ နှစ် ၃နှစ်ခန့်က မဲလတိုက်ပွဲတွင် ထိမှန်ခဲ့သော ရန်သူ၏ လက်နက်ကြီးအစတစ်စက အဆုတ်၏ အောက်ခြေနားတွင် မထင်မရှား အခြေအနေဖြင့်ဓာတ်မှန်တွင် ဖော်ပြနေခြင်းဖြစ်သည်…၊ ထိုစဉ်ကမူ ဘာမှန်းမသိခဲ့..ထူးဆန်းသော အခြေအနေ တစ်ခုကိုနောက်ပိုင်းတွင်တင်ပြသွားပါမည်..))

ထိုဓာတ်မှန်ကား လက်တစ်ဝါးစာမျှ ရိုက်ထားသောဓာတ်မှန်ကလေးဖြစ်သည်..၊ကျွန်တော့်တွင် ဘာရောဂါမှ မရှိ ၊ ကျွန်တော်က ဆေးလိပ်လည်းမသောက် ၊ ကျွန်တော့်ကိုယ် ကျွန်တော် ဒေါင်ဒေါင်မြည် စစ်သားတစ်ယောက်ဟု ယုံကြည်ခဲ့သည်…။

တောပြိုင်တိုးမလား.. တောင်ပြိုင် တက်မလား.. သူများထက်ပင် ပို၍ ခံနိုင်ရည် ရှိသူဟု အထင်ရှိခဲ့သည်..၊ တပ်ရင်းအဆင့် ကြံ့ခိုင်ရေးဆန်းစစ်များတွင်ဘယ်သော အခါကမှ ကျွန်တော် နောက်မရောက်ခဲ့..၊ထို့ကြောင့် ယခုကဲ့သို့ အဆုတ်ပတ်ဝန်းကျင်တွင် ပြသနာတစ်ခုခု ရှိနေသည်ဆိုခြင်းကို မည်သို့မျှ လက်မခံနိုင်ခဲ့ပါချေ…၊

လက်ရှိအခြေအနေတွင် ကျွန်တော်ကြိုးစားဆောင်ရွက်နိုင်သည့်ကိစ္စ ဘာမျှမရှိတော့ပြီ…၊လာသမျှ ကံကြမ္မာကို ခါးစည်းခံဖို့သာရှိတော့သည်…၊အခြေအနေများအတွက် ကျွန်တော်၏ယုံကြည် ကိုးကွယ်ရာ ဆည်းကပ်ပူဇော်ရာ ပဋ္ဌာန်းဒေသနာတော်ကိုသာ အဖန်တလဲလဲ ရွတ်ဖတ်ရင်း နှလုံးသွင်းဆင်ခြင်နေမိတော့သည်၊ ကျွန်တော် ပြေးလွှားလာခဲ့သော မာရသွန် ခရီးရှည်က ပန်းဝင်ခါနီးမှ တစုံတရာဟန့်တားချက်ကြောင့် ကျွမ်းပစ်သည်ထိ လဲပြိုသွားရတော့မည်လား.၊ခဲလေသမျှ သဲရေကျရတော့မည်လား…၊ကံမရှိ၍ ဉာဏ်ရှိတိုင်း မွဲရလေမည်လား…ကံမခိုင်သောကြောင့် သံတိုင်နှင့် အိမ်ဆောက်ခဲ့သည့်တိုင် ကံမှောက်၍ ကျိုးရမည်လား…၊

ရင်ထဲမှာ တင်းနေမိသည်…၊

ဓာတ်မှန်ခန်းမှ ဆရာတစ်ယောက်၏တစုံတရာ ညှိနှိုင်းမှုကို ငြင်းပယ်လျှက်ခန်းဆောင် အတွင်းမှစိတ်ပျက်လက်ပျက်ထွက်ခွာလာခဲ့သည်..၊ ပေးစရာ ငွေမရှိ ၊ပြေးစရာလည်းမြေမရှိ၊ အခြေအနေတို့ကကြပ်ကြပ်တည်းတည်းရှိလွန်းသည်…၊

မင်္ဂလာဒုံဆေးရုံ (ထိုစဉ်က ကုတင် ၅၀၀ ဟုထင်ပါသည်..)အပေါက်ဝ ရောက်သောအခါကျွန်တော်၏တပ်ရင်းမှ တပ်ရင်းမှူး၏ မာဇဒါဂျစ်ဝင်လာသည်ကိုတွေ့ရသည်…၊သာမန်အားဖြင့်တော့ ဆေးရုံလာစရာ အကြောင်းမရှိ ၊ နေမကောင်းလို့များလား စဉ်းစားနေစဉ် မာဇဒါ ဂျစ်ပေါ်မှ ဆေးလက်ထောက်အရာခံဗိုလ်( M . A )က ကျွန်တော်ရှိရာသို့ဆင်းလာသည်ကို တွေ့ရသည်…၊ တပ်ရင်းမှူးက ဟိုမှာ ခင်ဗျားတပည့်မဟုတ်လား..အခြေအနေမေးကြည့်ပါဦး…ဟု ပြောသဖြင့် ဆင်းလာခြင်းဖြစ်ကြောင်းသူက ပြောပြသည်…၊ ကျွန်တော်က ဆေးတပ်စုမှ ဖြစ်ခြင်းကြောင့် ဆေးလက်ထောက်အရာခံဗိုလ်ကား ကျွန်တော်တို့ ဆေးတပ်စု၏ အကြီးအကဲ ကျွန်တော်၏ဆရာလည်း ဖြစ်ပါသည်..၊

စိတ်တွေထွေနေသောကျွန်တော်က အခုမှရင်ဖွင့်စရာ ထွက်ပေါက်တွေ့သည်ဖြစ်သောကြောင့် ဖြစ်ကြောင်းကုန်စင်ကို ခပ်မြန်မြန်ပြောပြလိုက်သည်…၊ ဆေးလက်ထောက်က ဒါဆိုလည်း လာကွာ.. တပ်ရင်းမှူးကို သတင်းပို့ရအောင် ဟု ပြောပြီး မာဇဒါဂျစ် ရပ်ထားရာသို့ ရှေ့မှ ထွက်သွားလေသည်…၊ ဆေးလက်ထောက်က အခြေအနေ သတင်းပို့တင်ပြသောအခါတပ်ရင်းမှူးက ဒါဆိုလည်း M.A ကြီး နည်းနည်း ကြည့်လိုက်ဦး ၊ O.P.D မှာ ကျွန်တော့်ဘာသာပဲ ပြလိုက်မယ် ဟု ပြောလျှက်ဆက်လက် ထွက်ခွာသွားလေတော့သည်..၊ ထိုစဉ်ကတပ်ရင်းမှူး သွားကိုက်သလား.. သွားနာသလား.. ထိုကိစ္စတစ်ခုကြောင့် ဆေးလက်ထောက်ကိုခေါ်၍ ဆေးရုံလာပြခြင်း ဖြစ်သည်…။

သို့သော် ကျွန်တော့်ကိစ္စ ကြားဖြတ်ပေါ်လာသောကြောင့် M.A ကို ကျွန်တော့်ထံတွင်ထားရစ်ခဲ့ပြီး သူ့ တစ်ယောက်တည်း ပြင်ပလူနာဌာနသို့ သွားပြခြင်းဖြစ်သည်..၊ ဘာမှမဟုတ်သော အကြောင်းတစ်ခုဟု ထင်စရာရှိသော်လည်း အမှန်တော့ လက်အောက်စစ်သည်တစ်ဦး၏ အခက်အခဲကို ပူပန်ကြောင့်ကြစွာ အရေးတယူဆောင်ရွက်ပေးလိုက်ခြင်းဖြစ်သည်..၊

((ထိုစဉ်က တပ်ရင်းမှူးသည် ယခု ဗိုလ်မှူးကြီး-အငြိမ်းစားဖြင့် ရန်ကုန်၌ပင် နေထိုင်လျှက်ရှိပါသည်..))

သတင်းပို့၍ အခြေအနေသိရလျှင် သူ့တာဝန်ကပြီးသလောက် ရှိနေပြီ….အေး.. မတတ်နိုင်ဘူးကွာ.. ကိုယ်လည်း ကြိုးစားခဲ့ပြီးပြီပဲ၊ ဖြစ်လာတာတော့ကံကြမ္မာအတိုင်းပေါ့ဟု ပြောခဲ့လျှင်ကျွန်တော်ကလည်း ကျေနပ်သွားမည်ဖြစ်ပြီး သူ့အတွက်လည်း တာဝန်ကျေသွားမည်သာဖြစ်လေသည်…၊ဆေးလက်ထောက် အရာခံဗိုလ် xxxxxxx က ဓာတ်မှန်ဌာနမှ ဆေးလက်ထောက် ဖြစ်လာခြင်းဖြစ်သည် ။( ဆေးလက်ထောက် ဆရာကြီးxxxxxသည်Long Service Commission ဖြင့် ပြန်တမ်းဝင်အရာရှိဗိုလ်ကြီး ဖြစ်ခဲ့ပြီး ယခု အငြိမ်းစားဘ၀ဖြင့် မြောက်ဒဂုံတွင် နေထိုင်လျှက်ရှိပါသည်..၊)

ထိုသို့ တပ်ရင်းမှူး၏မာဇဒါဂျစ်နှင့် ဆေးရုံပေါက်ဝတွင် တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံခြင်းက ကံကြမ္မာ၏ အစီအစဉ်တကျ ချိတ်ဆက်ပေးမှုတစ်ခု ဖြစ်သည်ကို ထိုစဉ်က ကျွန်တော် မသိနိုင်ခဲ့…။

xxxxxxxxxxxxxxxxxxxxxxx

ဆေးလက်ထောက်အရာခံဗိုလ်က ကျွန်တော့်ကို ဓာတ်မှန်ပါရဂူ ဒုတိယဗိုလ်မှူးကြီးထံ ခေါ်သွားသည်.. ထို ဒုတိယဗိုလ်မှူးကြီးက သူ့ဆရာဖြစ်သည်..၊ကျွန်တော်ကတော့ ကျွန်တော် ဘာမှမဖြစ်ကြောင်း၊ ဒေါင်ဒေါင်မြည်ကြောင်း ၊ ဆေးလိပ်မသောက်ကြောင်း ၊ အဆုတ်နှင့် ပတ်သက်သောရောဂါဝေဒနာ တစုံတရာကို မည်သည့်အချိန်ကမျှ မခံစားခဲ့ဖူးကြောင်းနှင့် ထို့ထက်ပိုလျှက် ဓာတ်မှန်တွင် လူ.. သို့မဟုတ် ပစ္စည်းတို့ အမှားအယွင်းတစ်ခုခု ရှိနေနိုင်ကြောင်းပင် ကျွန်တော်က ထင်မြင်ယူဆချက်တွေ ပေးနေမိသည်..၊ ဓာတ်မှန် ဌာနသို့ရောက်သော် လက်တစ်ဝါးခန့် ရိုက်ထားသော ကျွန်တော်၏ဓာတ်မှန်ပြားကလေးကို သူကသေချာစွာ ကြည့်သည် ၊ပြီးနောက် “ဟေ့ကောင်.. မင်း အရမ်းတွေ ပြောမနေနဲ့၊ မင်းဓာတ်မှန်က Clear မဖြစ်တာတော့ သေချာတယ်…၊ ဒီမှာ ဘာကြီးလဲမသိဘူး ပေါ်နေတယ် ”ဟု ပြောသည်..၊ သူကိုယ်တိုင်ပြောလာတော့ ကျွန်တော်လည်း စိတ်ဓာတ်ပိုကျသွားပြီး ပါးစပ်ပိတ်သွားတော့သည်၊ ဆေးလက်ထောက်က ဓာတ်မှန်ပါရဂူကို ဓာတ်မှန်ဖလင်နှင့်အတူ အခြေအနေတင်ပြသည်…၊

ကျွန်တော့်တပည့်ပါဆရာ.. နည်းနည်းကြည့်ပေးပါဦး ဟု အပူကပ်သည်…၊ ဓာတ်မှန်ပါရဂူကလည်းဓာတ်မှန်ကို ထပ်ကြည့်သည်၊ သူကိုယ်တိုင်အဖြေမထုတ်နိုင်၊ သို့ ဖြစ်၍ “ ကဲ .. ဒါဆိုလည်းကွာ အကြီးရိုက်လိုက်ပါ…၊ကြည့်ကြတာပေါ့ ” ဟု ဆိုသည် ၊ ထို့နောက် ဓာတ်မှန်ကိုပုံမှန် ရိုက်နေကျ ဆိုက်ဖြင့် အတည့် တစ်ပုံ၊ ဘေးတိုက် တစ်ပုံ၊နှစ်ပုံ ရိုက်လိုက်သောအခါ ၊ ဓာတ်မှန်ထဲတွင်တစ်လက်မကျော်အရှည်ရှိပြီး ထုအားဖြင့်စင်တီမီတာသုံးလေးစိတ်မျှ ရှိနိုင်သောရန်သူ့ လက်နက်ကြီးအစကပြူးပြူးကြီး ပေါ်လာလေတော့သည်..၊ ဓာတ်မှန်ပါရဂူက ကျွန်တော့်အား ဤသို့ မေးလေသည်..၊ “ ဒါက လက်နက်ကြီးက အစတစ်စလို့ ယူဆရတယ်… မင်းကိုယ်ထဲမှာ ဒါကြီး ရှိနေတာကို မင်းတကယ်မသိဘူးလား…”ကျွန်တော် ခေါင်းတွေ ထူပူသွားသည် ၊ ဤမျှ ကြီးမားလှသော ပြင်ပအရာဝတ္ထုတစ်ခု
((ဆေးပညာတွင် ( Foreign Body ) ဟု သုံးနှုန်းလေ့ရှိပါသည်..၊))
ကျွန်တော်၏ ကိုယ်ခန္ဓာအတွင်းရှိနေသည်ကို ကျွန်တော်က မသိသလို လုပ်နေသည်ဟု ပါရဂူကယူဆနေသည်လား.. သူ့မေးခွန်းက သံသယမေးခွန်းတစ်ခုလား..ကျွန်တော်လည်း မဝေခွဲတတ် ၊

သူကသံသယ ရှိသည် ဆိုလျှင်လည်း သူ့ အပြစ်တော့ဖြင့်မဟုတ်….ကျွန်တော်ကတော့ အမှန်ပင် မသိပါကြောင်း၊ ယခုမှသာ သိရကြောင်း တွင်တွင်ကြီးပြောရင်း ယုံပါ့မလား ဆိုသော အတွေးကလည်း ကြီးစိုးနေခဲ့သည်…၊ ထို ဗုံးဆံစ၏ သမိုင်းကိုလှန်သော် ကျွန်တော် စစ်သက် ၂ နှစ်, ၃ နှစ်လောက်က မဲလတိုက်ပွဲတွင် ရန်သူ့လက်နက်ကြီး ထိမှန် ဒဏ်ရာရခဲ့သည်။ ကျွန်တော်မှန်းဆတာ မလွဲဘူးဆိုပါလျှင် ထိုလက်နက်ကြီးစသည် သရီးပွိုင့်ဖိုက်(3.5 launcher) ဟု ခေါ်ဝေါ်လေ့ရှိသော ဒုံးပစ်လောင်ချာမှ ပစ်ခတ်သည့် ဒုံးသီး၏ အစတစ်စသာ ဖြစ်ပါလိမ့်မည်….။

ထိုစဉ်က ရန်သူ၏ သရီးပွိုင့်ဖိုက် တဂျိုင်းဂျိုင်းပစ်ခတ်နေသော စခန်းတစ်ခု၏
ကုန်းဖျားသို့ ကျွန်တော်တို့က အတင်းအဓမ္မ
တိုးဝင်ခဲ့ကြသည်…ထိုသို့တိုးဝင်စဉ် ထိမှန်ခြင်းဖြစ်သည်…၊ အခြားလက်နက်ကြီးတွေကလည်း အပြန်အလှန်ပစ်ခတ်နေတာရှိပါသည်..၊

သို့သော် ကျွန်တော့်အား ထိမှန်ချိန်နှင့် တပြိုင်နက်နီးပါး ကြားရသည့်ပေါက်ကွဲသံမှာ ယဉ်ပါးနေသောအသိတစ်ခုအရ သရီးပွိုင့်ဖိုက် ဒုံးပစ်လောင်ချာသံဖြစ်ဖို့ ၉၀%သေချာပါသည်…၊

(( ထိုတိုက်ပွဲတွင် ကျွန်တော်တို့၏တပ်ရင်းမှူးကချင်အမျိုးသား ဒုတိယဗိုလ်မှူးကြီးကျဆုံးခဲ့ပါသည်၊ ကျွန်တော် FB တွင် ထိုတိုက်ပွဲတစွန်းတစကို ဖြစ်ရပ်မှန်တိုက်ပွဲတစ်ခုအဖြစ် တင်ပြခဲ့ဖူးပါသည်..))

ထိုဒဏ်ရာဖြင့် ကျွန်တော်က ပွိုင့် ၁၀၁၄ တာလေစခန်းရှိ ရှေ့တန်း နည်းဗျူဟာဆေးရုံသို့ ရောက်ခဲ့သည်… ဆေးရုံဟုဆိုသော်လည်း ၀ါးကပ်လေးများဖြင့်မိုးထားသော ၀ါးကြမ်းခင်း၊ ထရံကာ တဲတန်းလျားလေးများသာ ဖြစ်သည်..၊ ဆရာဝန်ကလည်း ဘာမှ ဟုတ်တိပတ်တိ ရှိသည်မဟုတ်၊ သေချာမမှတ်မိသော်လည်း ရှိလှ နှစ်ယောက် သုံးယောက်သာ ဖြစ်မည် ထင်သည်..၊ ရန်သူက ထိုစခန်းသို့လည်း စိတ်ကူးတည့်သည့်အချိန် လက်နက်ကြီးဖြင့် ပစ်တတ်သည် ။ မထနိုင်သူရော.. ထနိုင်သူတွေပါ ခေါင်းကျော်ကတုတ် Over Head များရှိရာသို့ ပြေးကြရသည်..၊ မထနိုင်သူတွေကို ထနိုင်သူက သယ်ပြေးရသည်..၊ ထိုသို့သောဆေးရုံ မျိုးတွင် ဓာတ်မှန်ဆိုတာ ရှိသည်မဟုတ်၊ ဓာတ်ခွဲခန်းဆိုတာ ဝေး…၊ ဒဏ်ရာက အထဲသို့ အစ၀င်သွားသလား.. မ၀င်သည်လား မည်သည့် ဆရာဝန်ကမျှ မဆန်းစစ်နိုင်၊သူတို့ ဆန်းစစ်နိုင်စရာလည်း အကြောင်းကမရှိအဘယ်ကြောင့်ဆိုသော် ကာယကံရှင်လူနာဖြစ်သော ကျွန်တော် ကိုယ်တိုင်ကပင်လျှင် ခန္ဓာကိုယ်အတွင်းပိုင်းသို့ ထိုမျှ ကြီးမားသော ဗုံးစကြီးတစ်စ ၀င်ရောက်နေခြင်းကို မသိရှိခဲ့သောကြောင့် ဖြစ်လေသည်….၊ အဘယ်မျှ မသိရှိခဲ့ပါသနည်းဆိုသော် ထိုစတင် ထိမှန်စဉ်ကာလမှ ထို ဗိုလ်လောင်းအောင်မြင်သည်ထိ ကာလအတွင်း
နည်းနည်းလေးမှပင် ခံစားသိရှိခြင်း မရှိပဲနှစ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ခြင်းကြောင့် ဖြစ်သည်…၊

ကျွန်တော်ကား သေကံမရောက် သက်မပျောက်ဟု ဆိုရမည်လား…ထိုဒဏ်ရာကြောင့် ထိုရှေ့တန်းဆေးရုံလေးမှလွဲ၍ မည်သည့် စစ်ဆေးရုံသို့မျှလည်းမရောက်ခဲ့ပဲ ၊ ထိုရှေ့တန်း ဆေးရုံသို့ ကျွန်တော်၏တပ်ခွဲမှ ရိက္ခာလာထုတ်စဉ် ဒဏ်ရာပင် ကောင်းကောင်းမကျက်သေးပဲ ဆေးရုံ စခန်းကုန်းပေါ်မှ တောင်းဆင်းပြီး ကျွန်တော်၏ ရိက္ခာထုတ်တပ်ခွဲနောက်သို့ ကောက်ကောက်ပါအောင် ကျွန်တော် ပြန်လိုက်ခဲ့သည်..၊ ဒဏ်ရာမျှမကျက်သေးပဲ ၊ ကျွန်တော် ဆေးရုံစခန်းပေါ်က အမြန်ဆုံးဆင်းပြေးခဲ့ရသည့် အကြောင်းရင်းတစ်ခုရှိသော်လည်း ဖော်ပြ၍ အဆင်မပြေသောကြောင့် ချန်လှပ်ထားခဲ့ပါမည်..၊ ထိုဆေးရုံစခန်းတွင် တိုက်ပွဲ ပြင်းထန်ချိန်များ၌ ဒဏ်ရာရသူများ ရာဂဏန်းရှိနေတတ်သည်။ မြို့စစ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ရသည်က လွန်စွာခက်ခဲသည်…၊ ပေငါးထောင်ကျော်မြင့်သောထိုနေရာအပါအ၀င် ဒေါနတောင်တန်းကြီးကို တစ်တောင်တက် တစ်တောင်ဆင်း ကျော်ဖြတ်ရသည် … ဒေသအခေါ်လား…..ရဲဘော်အခေါ်လားတော့ မသိမြေပြင်တွင် ကုလားမတောင် ဟုခေါ်ကြသည်…၊ လမ်းမှာ ရေတံခွန်နှစ်နေရာ ရှိသည်။ အထက်ရေတံခွန် အောက်ရေတံခွန် ဟုခေါ်ကြသည်…၊ နွေဆိုလျှင် ရေတံခွန်နေရာရောက်မှသာ ရေမြင်ရသည်..။

ဒေါနကိုကျော်ဖြတ်ရသော ဒုက္ခများကို ကျော်ဖြတ်ဖူးသူများသာ သေချာစွာသိနိုင်သည်..၊ ကျွန်တော်က ဘယ်နှကြိမ်ဟု မမှတ်မိသော်လည်း ဒေါနကို မကြာခဏ ကျော်ဖြတ်ခဲ့ဖူးလေသည် ။

==================
အပိုင်း(၇) မျှော်

( မ ဟော် ဂ နီ )

မဟော်ဂနီရေးသား၍ မင်းမော်ပြန်လည်တင်ပြသည်။

အပိုင်း (၁) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၁)

အပိုင်း (၂) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၂)

အပိုင်း (၃) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၃)

အပိုင်း (၄) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်”

အပိုင်း (၅) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၅)