ကျောက်တော်မြို့ ထဲတွင် တပ်မတော်အရာရှိ(၁)ဦး ဓားထိုးခံရပြီး သေဆုံးခဲ့၊ အခြား အဆင့် စစ်သည် (၂)ဦးဖမ်းဆီးခြင်းခံရ

ကျောက်တော်မြို့ ထဲတွင် တပ်မတော် အရာရှိ(၁)ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ကာ အခြားအဆင့် စစ်သည်  (၂)ဦးဖမ်းဆီး ခံရပြီး လက်တလော တွင် ရန်ကုန် –  စစ်တွေ ကားလမ်းမပေါ် ၌ အခြားလူမျိုး(၁)ဦးအနေဖြင့် သာမန် ခရီးသွားလာရန်ပင် အခြေအနေမေ ကာင်းကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီ (၂၂) ရက်က နေပြည်တော် ရှိ တပ်မတော် စစ်သမိုင်းပြတိုက် ၌ ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော် သားများ ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများရှိနေကြောင်း ပြောကြားရာ၌ ဖေဖော်ဝါရီ ၂၁ ရက်က ကျောက်တော်မြို့တွင် တပ်မတော် အရာရှိတစ်ဦး အသတ်ခံရသည့် အပြင် စစ်သည်နှစ်ဦး ဖမ်းဆီးခံရကြောင်း ထည့်သွင်းပြောခဲ့သည်။

အဆိုပါ ကျောက်တော် မြို့တွင်း၌ ဖြစ်ပွားခဲ့သည့် တပ်မတော် အရာရှိ(၁)ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် လာရောက် သတ်ဖြတ်သူများသည့် လူမျိုးရေးအသုံးအနှုန်းများ အော်ဟစ်ခဲ့ကြောင်း သတင်းထွက်ပေါ်နေပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် မည်သို့ စုံစမ်းတွေ့ရှိသည်ကို သိလိုကြောင်း သတင်းထောက်တစ်ဦးက ထပ်ဆင့်မေးခွန်းမေးမြန်းခဲ့သည်။

ထို့သို့ မေးမြန်းမှုကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျောက်တော်ဖြစ်စဉ်ကတော့ ကျွန်တော်တို့ အရာရှိတစ်ယောက်နဲ့ စစ်သည်နှစ်ယောက်၊ အဓိက ကတော့ မြို့ထဲကို ငွေသွားထုတ်တာ ဖြစ်ပါတယ်။ မြို့ထဲကို ငွေသွားထုတ်တဲ့အခါမှာ ခုနကပြောသလို ဝိုင်းဝန်း တိုက်ခိုက်ခံရတယ်။ အရာရှိကတော့ ဝိုင်းဝန်းတိုက်ခိုက်တဲ့အချိန်မှာ ဘာတွေအော်ခဲ့တယ်၊ ဘာတွေဆိုတာလည်း မြင်ပြီးသားပဲ။ ထပ်ပြီး မပြောတော့ဘူး။ ထပ်ပြောရင် ကျွန်တော်တို့က လူမျိုးရေးမုန်းတီးမှုတို့ ဘာတို့ဖြစ်လာတယ်။ လူမျိုးရေး မုန်းတီးမှုဖြစ်အောင် ဘယ်သူတွေ လုပ်နေတယ်ဆိုတာလည်း အဲအထဲမှာ မြင်ပြီးသားပါ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်နက်ကိုင် တပ်ဖွဲ့များ သွားလာရာတွင် စစ်ဆင်ရေးအရ သွားလာခြင်းများရှိသော်လည်း အဖမ်းခံထားရသည့် စစ်သည်အများစုသည် တပ်မတော်သားများအပြင် ရဲတပ်ဖွဲ့ဝင်များသည် ခွင့်ပြန်ခြင်း၊ အုပ်ချုပ်မှုကိစ္စအတွက် သွားလာခြင်းများ၊ သာမန်ခရီးသွားတစ်ဦးအနေဖြင့် အရပ်သားအနေနှင့် သွားခြင်းများအပေါ်တွင် အခွင့်ကောင်းယူ၍ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “အခြေအနေကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဘယ်လောက်အထိ ဆိုးလည်းဆိုရင် တပ်မတော် သားတစ်ဦး သာမန်ခရီးသွားအနေနဲ့ သွားတာတင်မကဘူး။ ကျွန်တော်တို့က ဒီပြင်လူမျိုးတစ်ယောက်ပေါ့၊ လူမျိုးလို့ပဲ ပြောပါရစေ။ ဒီပြင်လူမျိုးတစ်ယောက်က ရန်ကုန်ကနေ စစ်တွေအထိ ကားစီးသွားမယ်ဆိုရင်တောင်မှ အခြေအနေ မကောင်းတဲ့အခြေအနေ ရှိတယ်။ သာမန်ခရီးသွားပေါ့၊ ဒီပြင်လူမျိုးတစ်ယောက် အဲလိုမျိုးသွားရင်တောင်မှ ဒါက အခြေအနေ မကောင်းနိုင်တဲ့ အနေအထား ဖြစ်တယ်။ ဒါကတော့ လက်တွေ့ဖြစ်နေတဲ့ အနေအထားပေါ့” ဟု ပြောကြားသည်။

စစ်ဆင်ရေးတာဝန်၊ လုံခြုံရေးတာဝန်နှင့် သွားသည့်ကိစ္စရပ်များတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်အနေဖြင့် လုံခြုံရေး အပြည့်အဝနှင့် ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိတွင် အုပ်ချုပ်မှုကိစ္စနှင့် သွားသည့်ကိစ္စရပ်များလည်း လုံခြုံရေးဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ အဆင့်ဆင့် သတင်းပို့ရန်၊ လုံခြုံရေးအရ ပေါင်းစပ်ညှိနှိုင်းပေးရန် ယင်းဒေသရှိ နယ်လုံဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကျောက်တော်မြို့ တွင် ဝိုင်းဝန်းတိုက်ခိုက်ခံခြင်းကြောင့် အရာရှိတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် မည်သည့်လက်နက်ကြောင့် သေဆုံးခဲ့နည်း ဆိုသည့် မေးမြန်းမှုကို “ကျွန်တော်သိရသလောက်ကတော့ ဓားနဲ့ ဝိုင်းထိုးလို့ မလို့ ကျဆုံးရတယ်။ လက်နက်ငယ်သံ ကြားရတယ် ဆိုတာတော့ အရာရှိမှာတော့ ပစ္စတို ပါသွားတာ ရှိတယ်။ သူလည်းခုခံတဲ့ဟာ ပုံထဲမှာလည်းတွေ့ရတယ်။ သူခုခံတဲ့ဟာ လည်း ရှိကောင်းရှိနိုင်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။

ကျောက်တော်မြို့ထဲ တွင် တပ်မတော် သားအရာရှိတစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ် အပေါ်စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း၊ လုံခြုံရေးအရ ကျိုးပေါက် မှုနှင့် နောင်တွင် လုံ ခြုံရေးကျိုးပေါက်မှုမရှိအောင် ယင်းနယ်မြေ ရှိ တပ်များကိုညွှန်ကြားပြီးဖြစ်ကြောင်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

crd:Eleven media