“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၇)

ဒေါနတောင်တန်းပေါ်မှဒုက္ခများက နွေဖြစ်စေ၊မိုးဖြစ်စေ၊ ဆောင်းဖြစ်စေ အသင့်ရှိနေသည်။

ဆောင်းဥတုတွင်လည်း ထိုတောင်တန်းများက မိုးရွာလေ့ရှိပါသည်။ နွေနွေ မိုးမိုး ဆောင်းဆောင်း…ညအချိန်တွင် ဆီးနှင်းပေါက်ကြီးများကျတတ်ပြီး မိုးတွင်းဆိုလျှင် တောင်ပေါ်တွင်နေသာသည့်အချိန်က ရှားပါးလွန်းသည်။မိုးတွေက တပြိုက်ပြီး တစ်ပြိုက်သာ ရွာချနေတတ်သည်။ နေသာလျှင်လည်း ခဏသာဖြစ်တတ်သည်။ထိုတောင်ပေါ်တွင် ညအိပ်ရပြီဆိုလျှင် မီးဖိုကြီးများဖိုလျှက် အပူဓာတ်ကို ရယူကြရသည်။ စောင်မည်မျှပင်ခြုံခြုံ.. နွေးသည်မရှိ။

ထိုအထဲတွင် ဒက်ဟု ခေါ်သော ကျွတ်ကဲ့သို့အကောင်အကြီးစားများက လူ၏ဒွါရကိုးပေါက်တွင် တစ်ပေါက်မှမလွတ်အောင် တိုးဝင်တတ်သည်။ မျှော့ ဆိုလျှင်လည်း သိသူများပြားသည်။ သို့သော် ဒက် ဆိုသောအကောင်ကို လူတိုင်းမကြားဖူးကြ။
ကြားဖူးကြသော်လည်း မမြင်ဖူးသူများ ရှိနေတတ်လေသည်။အချိန်တိုင်း ထိုအကောင်များကို မျက်ခြေမပြတ်သတိပြုလျှက် ကျီးလန့်စာစား နေနေရသည်။

ထို ဒက်ဆိုသောအကောင်များကား ကျွတ်ကဲ့သို့ မြက်ခင်းပြင်တွင်သာ နေသည်မဟုတ်၊ သစ်ပင် ခြုံ နွယ်များပေါ်၌လည်း ရှိနေတတ်သည်..၊အသံတစ်သံကြားလျှင် သစ်ရွက်ပေါ်တွင် သူတို့၏ခန္ဓာကိုယ်ကို တုတ်ချောင်းလေးတစ်ချောင်းလို ၉၀ဒီဂရီမျှ ထောင်၍ငြိမ်နေတတ်ပြီး သူ့အောက်သို့ ကျွဲ ၊ နွား ၊ လား ၊ မြင်းဖြစ်စေ.. လူဖြစ်စေ.. ရောက်ရှိလာပါက မလွတ်တမ်းခုန်ချ၍ သွေးစုပ်ရန်ကြိုးစားလေတော့ရာ အလွန်များပြားသောဒက်တို့၏ရန်မှ လုံးဝကင်းလွတ်သူကား ရှားလှပေသည်။တနည်းမဟုတ် တနည်းနှင့်တော့သွေးစုပ်ခံကြရပြီး၊ မျက်လုံးများ၊ နှာခေါင်းများနှင့် ရှိသမျှ ဒွါရအပေါက်များအတွင်း တိုးဝင် သွေးစုပ်ခြင်းခံကြရသူများကမူ လွန်စွာမှ ဒုက္ခရောက်ကြရလေသည်…၊ ၄င်းအကောင်များကား လိမ္မာပါးနပ်သည်ဟု ဆိုရမလောက်ပင်၊ ရံခါတွင် မျက်စေ့အတွင်း တိုးဝင်သွေးစုပ်နေသော်လည်းအစုပ်ခံရသူကမသိပဲ မြင်သူက ပြောမှသိလေ့ရှိကြသည်…။

ဒေါနကို ကျွန်တော်တို့ဖြတ်ကျော်သည့်နေရာက MုNားမတောင်ကြောဖြစ်သည် ။ ခရီးက ဘယ်နှစ်ခေါက်သွား၍ ကျင့်သားရနေသည်ဖြစ်စေ သွားသည့်အချိန်တိုင်း ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းကြရသည်သာ များလေသည် ။

MုNားမတောင်သည်ကား ဒေသန္တရပုံပြင် တစ်ပုဒ်အရ နာကျင်ကြေကွဲဖွယ် အချစ်ဇာတ်လမ်းတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ကျိန်စာများရှိနေသည်ဟု ဒေသခံတို့က ယုံကြည်ကြသည် ။

ပြောစမှတ်ပြုသော ပုံပြင်တစ်ပုဒ်ရှိသည်ကား..ဘယ်တုန်းကလဲတော့ ကျွန်တော်လည်း မသိ…။

ထို့ကြောင့် ဟိုရှေးရှေးတုန်းက..ဟုသာ ပြောရမည် ဖြစ်လေသည်…။

……………………………………….

ယိုးဒယားနိုင်ငံမှ မင်းသားတစ်ပါးက တောလည်ရင်း မျက်စေ့လည်လမ်းမှား၍ ယခု မြန်မာနိုင်ငံအတွင်းပါဝင်သော ဒေါနတောင်တန်းကိုကျော်လျှက် တောင်ကြောတစ်ဘက်မှ MုNားရွာလေးသို့ ရောက်လာခဲ့သည်…၊

(( မြန်မာပြည်ဘက်မှ ထိုMုNားရွာကားယခု မြေပြင်တွင် ဒေါနတောင်ခြေ၌ လက်ရှိရှိနေသော မိုးနဲ ခေါ် MုNားရွာဟု နှောင်းလူတို့က အဓိပ္ပါယ်ဖွင့်ဆိုကြသည်….ကရင်များကို MုNားတို့က ၀ါးမြိုလျှက် ကရင်မျိုးပြုန်းလုနီးနီး ဖြစ်နေသောရွာဖြစ်သည် ။ အထင်ကရ Ba Liရှိသည် ၊ ကရင်စကားပြောသော MုNားဆင်ကရင်လေးများကို Ba Li ဦးထုတ်ကလေးများဖြင့် တွေ့နိုင်သည် ။လွန်ခဲ့သော နှစ်နှစ်ဆယ် အစိတ်က ဖြစ်ပါသည်။နောက်ဆုံးအခြေအနေမသိပါ။))

ထိုMုNားရွာ မှ MုNားမတစ်ယောက်နှင့်ရည်ငံမိသဖြင့် ယိုးဒယားမင်းသားက အပြန်တွင် MုNားမကို ခေါ်၍ ပြည်တော်ပြန်သည်…၊ဒေါနတောင်တန်းကို ကျော်ဖြတ်ရသော ခရီးကား လွန်စွာခက်ခဲကြမ်းတမ်းလှသဖြင့် MုNားမက မလိုက်နိုင်ပဲ ရေတံခွန်နေရာတွင် အားပြတ်၍ လဲသည်…ယိုးဒယားမင်းသားက MုNားမကို ထိုနေရာတွင်နေခဲ့၍ သူ့ကိုစောင့်နေရန်နှင့် သူကယိုးဒယားသို့ပြန်၍ ဆင်တစ်ကောင် ယူဆောင်လျှက် ပြန်လာခေါ်မည်ဖြစ်ကြောင်း ကတိပေးကာ သဘောတူညီကြသည်…၊အမှန်လည်း ယိုးဒယားမင်းသားက တိုင်းပြည်သို့ပြန်လျှက် ဆင်တစ်ကောင်ကိုစီးကာ ပြန်လာခဲ့သည်…၊သို့သော် ခရီးကကြမ်းတမ်းပြီး ရာသီဥတုက ဆိုးဝါးလွန်းသောကြောင့် တောင်ပေါ်မှ ဆင်ရော လူပါ ပြုတ်ကျ၍ ယိုးဒယားမင်းသားရော ဆင်ပါ သေဆုံးခဲ့သည် ၊ MုNားမက အခြေအနေမသိ ၊ ယိုးဒယား မင်းသားက သစ္စာမဲ့စွာ သူ့အားထားရစ်ခဲ့ပြီးပြန်သွားသည်…၊ ရက်စက်စွာ သူ့ကို လာပြန်မခေါ်ပဲနေသည်…ဟု အထင်မှားခဲ့သည် ၊ MုNားမ မသေမီ ယောက်ျားများကိုမုန်းတီး နာကြည်းခဲ့သည် ၊ သို့ဖြစ်၍ နောင်တွင်ဤ တောင်ပေါ်သို့ ဖြတ်သန်းသော ယောက်ျားမှန်သမျှ ကြီးစွာသောဘေးဒုက္ခများဖြင့် ရင်ဆိုင်ကြရပါစေ…ဟု ကျိန်စာတိုက်ပြီးမှ သေသွားခဲ့သည်ဟု အဆိုရှိသည်..၊ MုNားမ ကျန်ခဲ့သောတောင်က နောင်သောအခါ MုNားမတောင်ဟု အမည်တွင်ခဲ့ကြောင်းနှင့် ယိုးဒယားမင်းသား ဆင်နှင့်တကွ ကျသေသော တောင်သည် ယခုဆင်တောင်ဟုခေါ်နေသော နေရာဖြစ်သည်ဟု ဆိုကြသည်၊ မြေပြင်တွင်လည်း ဆင်တောင်ဟု ခေါ်သော တောင်တစ်တောင် အမှန်ပင် ရှိသည်…။

ပေပေါင်း ၆၀၀၀ ကျော်သည် ( ၆၆၆၆ ပေဖြစ်မလားမသိ…ထိုတောင်ကား ဒေါနတောင်တန်းတစ်လျှောက် အမြင့်ဆုံးနေရာလား ၊ ထိုအနီးတစ်ဝိုက်တွင် အမြင့်ဆုံးလား သေချာ မမှတ်မိ )

ထိုရေတံခွန်နေရာကို ၄င်းထက် မြင့်သောနေရာ သို့မဟုတ် ကောင်းကင်မှကြည့်လျှင် အမျိုးသမီးတစ်ဦး၏တန်ဆာနှင့် သဏ္ဍာန်တူကြောင်း ထိုရေတံခွန်မှ တစ်နှစ်လျှင် တစ်ကြိမ် အနီရောင်ရှိသောရေများ ဆင်းလာတတ်ကြောင်း လွန်ကဲသောညွှန်းဆိုမှုများလည်း ရှိသည်..၊ MုNားမကျိန်စာကြောင့် တောင်ပေါ်တက်လာသောယောက်ျားများ ဘေးဒုက္ခ ကြီးစွာကြုံတွေ့ကြရလိမ့်မည် ဟု ဒေသခံတို့က ဆိုကြသည်…၊

ဆိုတိုင်းလည်း မှန်ပေသည်..၊ အဘယ်ကြောင့်ဆိုသော် ထို MုNားမတောင်ပေါ်သို့ မိန်းမများ သာမန်အားဖြင့်အရောက်အပေါက် မရှိကြပဲယောက်ျားများသာ ရောက်လေ့ရှိကြသည်..၊ရောက်ရှိသော ယောက်ျားများကလည်းစစ်သားနှင့် ပေါ်တာအထမ်းသမားများ၊သူပုန်များသာဖြစ်ပြီး ကြမ်းတမ်းသောတောင်တက်ခရီး ၊ ဆိုးဝါးပြင်းထန်သောရာသီဥတုတို့ကြောင့် အမှန်ပင် ကြီးစွာသောဒုက္ခကိုခံစားကြရသည်..၊လမ်းတစ်လျှောက်တွင် ကျဆုံး/သေဆုံးစစ်သည်နှင့် အထမ်းသမားတို့၏ မြေပုံများက လက်ညိုးထိုးမလွဲအောင်တန်းစီနေတတ်သည်..၊ ၈၀ ကျော် ခုနှစ်များက ပြည်သူ့စွမ်းအားရှင် လုပ်အားရှင်အဖွဲ့များတွင် အမျိုးသမီးအုပ်စုများပါဝင်လာကြသော်လည်း ကျွန်တော်မှတ်မိသလောက်သေဆုံးသူများတွင် အမျိုးသမီး တစ်ယောက်မှ မတွေ့ပါချေ…၊ဒဏ္ဍာရီအပေါ် သက်ဝင်ယုံကြည်သူများကမူ MုNားမကျိန်စာအရ အမျိုးသားများသာ ဘေးဒုက္ခရောက်ကြရမည်ဖြစ်သောကြောင့် အမျိုးသမီးများ ကြီးကျယ်စွာ ဒုက္ခရောက်လိမ့်မည် မဟုတ်ကြောင်းအခိုင်အမာ ပြောဆိုကြသည်…။

ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေအမှန်တကယ်လည်း အမျိုးသမီးများထဲမှသေဆုံးသူတစ်ဦးတစ်လေမျှပေါ်မလာခဲ့သည်အတွက် ဒဏ္ဍာရီအပေါ် နက်နက်နဲနဲသက်ဝင်ယုံကြည်သည့် Conservative သမားများ၏ အယူအဆက MုNားမတောင်ပေါ်တွင် အရေးသာခဲ့ ကြလေသည်..။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါန တောင်တန်းကြီးကား ရှည်လျားလွန်းလှသည်……

ရှည်လျားသလောက်လည်း ထိုတောင်ပေါ်တွင် ဒုက္ခဆင်းရဲဆပါင်းစုံတို့က လာသမျှသော ကြီးကြီးငယ်ငယ် ရွယ်ရွယ် လတ်လတ်သောယောက်ျားများကို ဆီးကြို စောင့်ဆိုင်းနေကြသည်…၊ထိုဒေါနတောင်တန်းတစ်နေရာ MုNားမတောင်ကြောတလျှောက် သေဆုံး၊ ကျဆုံး၊ ကွယ်လွန်သူတို့၏ မြေပုံများက လက်ညိုးထိုးမလွဲအောင် များပြားလွန်းသည်…၊ အဘယ်ကြောင့် နည်း….၊

ထိုဒေါနတောင်တန်းကြီးကို ကျော်ဖြတ်နေကြရသည်က အများအားဖြင့် တပ်မတော်သားများသာ ဖြစ်ကြပါသည်…၊ထို့ကြောင့် ထိုတောင်တန်းကြီးကို ကျော်ဖြတ်နေစဉ်ကျဆုံး ၊ သေဆုံးကြသူများကား တပ်မတော်သားများနှင့် တပ်မတော်သားတို့နှင့်အတူ ပါရှိလာတတ်သော အထမ်းသမား ပေါ်တာများသာ ဖြစ်နေတတ်လေသည်..။

အများအားဖြင့် စစ်ဆင်ရေးထွက်သည့် ခရီးစဉ်တွင် သေဆုံးမှုနည်းတတ်ပြီး…အပြန်ခရီးတွင် ကျဆုံး သေဆုံးသူ များပြားတတ်လေသည်..၊

အဘယ်ကြောင့်ဆိုသော် စစ်ဆင်ရေးအပြန်ခရီးတိုင်းတွင် ပြန်မည့်တပ်ရင်းစစ်ကြောင်းများနှင့်အတူ ရှေ့တန်းဆေးရုံပွိုင့် ၁၀၁၄ တာလေစခန်းမှ ဒဏ်ရာရလူနာ၊ဖျားနာလူနာများကို ထည့်ပေးလေ့ရှိကြသည်…၊

အပြန်စစ်ကြောင်းသည် အများအားဖြင့် ထိုလူနာများကိုသယ်ဆောင်၍ ပြန်ရလေ့ ရှိသည်…၊ သာမန်လူကောင်းများပင် သေချင်စော် နံသွားတတ်သည့် MုNားမတောင် ကျော်ခရီးကား ခြေတွေလက်တွေပြတ်နေသော ဒဏ်ရာရ စစ်သည်များ ၊ နေရာမျိုးစုံတွင် လက်နက်မျိုးစုံဖြင့် ထိမှန်၍ ဝေဒနာ ပြင်းထန်စွာခံစားနေရသော စစ်သည်များ…ပေါ်တာများ အားပြတ် ကြုံလှီနေသော ငှက်ဖျားရောဂါရှင် စစ်သည်နှင့် ပေါ်တာများ.. အခြားကိုးဆယ့်ခြောက်ပါးသော ဝေဒနာ ရှင်များဖြတ်ကျော်ကြသောအခါ အချို့စစ်သည်, ပေါ်တာများမှာ ပင်ပန်းဆင်းရဲလွန်းသောမရဏခရီးကြမ်းကြီးကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်းမရှိကြပဲ… ထိုတောင်ပေါ်တွင် ကျဆုံး, သေဆုံးကျန်ရစ်ခဲ့လေတော့သည်..၊ထို သေဆုံး,ကျဆုံးရာနေရာ၌ပင် မြှုပ်နှံသဂြိင်္ုလ်လေ့ရှိသောကြောင့် တောင်ပေါ်လမ်းဘေးတလျှောက် မြေပုံတို့က တန်းစီနေတတ်ခြင်းဖြစ်လေသည်..၊ ဖြတ်သန်းကြသည်ကလည်း တစ်ခေါက်မဟုတ် နှစ်ခေါက်မဟုတ၊် တစ်လမဟုတ် နှစ်လ မဟုတ်…၊ အခေါက်ပေါင်း မြောက်မြားစွာ နှစ်ပေါင်း မြောက်မြားးစွာဖြတ်သန်းကြရသည် မဟုတ်ပါလား..။ ထိုသို့ ဝေးလံသီခေါင်သော စစ်မြေပြင်ရှိရှေ့တန်းဆေးအဖွဲ့ငယ်တစ်ခုဖြင့် ကုသမှုခံယူခဲ့သောကျွန်တော်သည် ခန္ဓာကိုယ်တွင်း၌ ဗုံးစ ကျန်သည်မကျန်သည်ကို မည်သူကမျှ အလေးအနက်ထား မစစ်ဆေးနိုင်ခဲ့ကြပါချေ…။

ကျွန်တော်ကသာ ခန္ဓာကိုယ်တွင်း တစ်စုံတရာနာကျင်မှုရှိနေကြောင်းပြောပြနိုင်ခဲ့လျှင်မူအခြေအနေက တမျိုးပြောင်းလဲနိုင်သော်လည်းကျွန်တော်ကိုယ်တိုင်က ဤမျှကြီးမားသော ဗုံးစကြီးတစ်စ ခန္ဓာကိုယ်တွင်းရောက်ရှိနေသည်ကိုလုံးဝ(လုံးဝ)ခံစားသိရှိခဲ့ခြင်းမရှိခဲ့ပေ…၊စစ်သက်တစ်လျှောက် အနေအထားမျိုးစုံဖြင့်တိုက်ပွဲဝင်ခဲ့သော်လည်း ထိုဒဏ်ရာမှ နာကျင်ခံစားမှုဝေဒနာတစ်ခု လုံးဝဖြစ်ပေါ်ခြင်း မရှိခဲ့သည်က ၊ နောင်တွင် အံ့သြဖွယ်ရာတစ်ခုဖြစ်ခဲ့ရသည်…၊ ဤမျှကြီးမားသော ဗုံးစတစ်စ ထိမှန်၍ ခန္ဓာကိုယ်တွင်း၌ နက်ရှိုင်းစွာ စူးဝင်နေခဲ့သော်လည်း ဘာမရှိ ညာမရှိ ရှေ့တန်းဆေးအဖွဲ့ငယ်တစ်ခုတွင် တော်ရိ လျှော်ရိ ဆေးထိုး ဆေးသောက်လျှက် ပျောက်ကင်းခဲ့ရသည်က သေကံမရောက်ချင်သော ကျွန်တော်၏ ကံတစ်ခုသာဖြစ်လေသည်…၊ ထိုသို့ မပျောက်ကင်းခဲ့ခြင်းကြောင့် စစ်ဆေးရုံတစ်ခုခုသို့တက်ရောက်ရန် ဤဒဏ်ရာဖြင့် MုNားမတောင်ကိုဖြတ်ကျော်ရပါလျှင် ကျွန်တော်လည်း MုNားမကျိန်စာသင့် ယောက်ျားတစ်ယောက်ဖြစ်လျှက် တောင်ပေါ်လမ်းဘေး မြေပုံတစ်ခုအတွင်း ၀င်ရောက်ကျန်ရစ်ခဲ့ရလေမည်လား..မပြောနိုင်ပါချေ…၊၊

ကျွန်တော့်ခန္ဓာကိုယ်တွင်းမှ ထိုဗုံးဆံအစအတွက် ဓာတ်မှန်ပါရဂူက ဆေးလက်ထောက်အား ဤသို့ တွေးတွေးဆဆ ပြောလေသည်…၊

“အေး….တပည့်ရာ စိတ်တော့ မကောင်းပါဘူး…..အထဲမှာ ဒါကြီး ရှိနေတာကို ပါရဂူ တစ်ယောက်အနေနဲ့ မရှိပါဘူးလို့ လိမ်ပေးဖို့တော့ မဖြစ်နိုင်ဘူးလေ… ရှိတယ်လို့ပဲ တင်ပြရမှာပဲ…။မင်း တပည့်ကလည်း ဆိုက်ကားနင်းရင်း မြင်းလှည်းမောင်းရင်းရလာတဲ့ ဒဏ်ရာမှ မဟုတ်ပဲကွာ စစ်တိုက်ရင်းရခဲ့တဲ့ဒဏ်ရာပဲ….ဆေးခုံရုံးတော့ ထိုင်ရလိမ့်မယ်…အဆင်တော့ပြေသွားမှာပါ…”

သူက အဆင်ပြေသွားမှာပါ ပြောသော်လည်း….ထိုစဉ်ကကောလဟလများက ခန္ဓာကိုယ်တွင်း ဗုံးစတစ်စ ရှိနေလျှင် မည်မျှ သေးငယ်သည်ဖြစ်စေ ဗိုလ်လောင်းဆေးမအောင်… ဟု ဆိုကြသည်…၊အခြေအနေတော်တော်များများက ကိုယ့်ဘက်သို့ မပါ… ကျွန်တော်လုပ်နိုင်သည့် တစ်ခုတည်းသော အလုပ်ကမူ ပဋ္ဌာန်းအကျဉ်းကို အချိန်ရတိုင်း ရွတ်နေသော အလုပ်သာဖြစ်လေသည်…၊ ထိုအချိန်တွင် သံဗုဒ္ဓေ ဂါထာတော်ကိုကား ကျွန်တော်က လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားခဲ့ပြီး ဖြစ်လေသည်…၊

ဆေးလက်ထောက်အရာခံဗိုလ်ကလည်းကျွန်တော့်ကို ဖြောင့်ဖျ၍ ထားရစ်လျှက်တပ်ရင်းမှူးရှိရာသို့ထွက်ခွာသွားလေသည်..၊သို့သော် သူက စကားတစ်ခွန်းကိုမူ ကျွန်တော့်အတွက် လက်ဆောင်ပေးခဲ့ ပါသေးသည်…၊

ထိုစကားလက်ဆောင်မှာ သူ့ရှေ့က တာဝန်ထမ်းဆောင်ခဲ့သော ဆေးလက်ထောက်အရာခံ ဗိုလ်+++သည် လက်ရှိ ဆေးရုံကြီးတပ်မှူး (ထိုစဉ်က) ဗိုလ်မှူးကြီးမြသိန်းဟန် ၏ ညီဝမ်းကွဲတော်စပ်ကြောင်း..၊ သူနှင့် ဆက်သွယ်လျှင်တစုံတရာ အထောက်အကူ ဖြစ်နိုင်ကြောင်းတို့ကား.. သူပေးခဲ့သော စကား လက်ဆောင်တစ်ခုဖြစ်လေတော့သည်…၊ အရာခံဗိုလ်xxxကလည်း ယခုဆေးလက်ထောက်အရာခံဗိုလ် မတိုင်မီက ကျွန်တော်တို့တပ်ရင်းဆေးတပ်စု၏အကြီးအကဲ ကျွန်တော်၏ ဆရာသမားတစ်ဦးပင်ဖြစ်လေသည်..၊ သူက မဲသဝေါတိုက်ပွဲကို ပါဝင်ဆင်နွှဲခွင့်ရခဲ့သည့် ဆေးလက်ထောက်တစ်ဦးဖြစ်သည်…၊ မဲသဝေါတိုက်ပွဲတလျှောက် ကျွန်တော်နှင့်အတူတွဲခဲ့ရသောဆရာဖြစ်လေသည်…၊ ကျွန်တော်ကအရာခံဗိုလ် xxxxxထံ ဖုန်းဖြင့်ဆက်သွယ်လိုက်သည်..၊ ထိုကာလများက ဖုန်းတစ်ခါပြောဖို့လွယ်၊ လမ်းဘေးဖုန်းများကလည်းယခုလောက် များသေးသည်မဟုတ်..၊မင်္ဂလာဒုံဈေးထိ သွားပြောရသည်..၊

ထိုစဉ်က ဆရာကြီး xxxxသည် တပ်မ(၁၁)လက်အောက်ခံတပ်ရင်းတစ်ရင်းတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်…..။

(( ထို ဆေးလက်ထောက်အရာခံဗိုလ်သည် ၊အရပ်ဘက်သို့ ပြောင်းရွှေ့သွားပြီး သာသနာရေးဝန်ကြီးဌာန ၊ ရန်ကုန်တွင်လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့်အငြိမ်းစားယူသွားခဲ့သည်မှာ သိပ်မကြာသေးပေ ။..))

စစ်သားတို့မည်သည် .. မည်သည့်နေရာသို့ရောက်ရှိနေသည်ဖြစ်စေ ရဲဘော်ရဲဘက်စိတ်တို့ကား ပျောက်ပျက်သွားလေ့မရှိ..ကျွန်တော့်တွင် ဖြစ်နေသော အခက်အခဲကိုပြောပြလိုက်သည်နှင့် ငါကတော့ ပြန်လာဖို့မလွယ်ဘူး….မင်းအစ်မဆီသွားလိုက်.. ငါဖုန်းဆက်ထားပေးမယ်ဟု ပြောလျှက် လိပ်စာကို ပြောပြပါသည်…၊ ကျွန်တော်က ထိုလိပ်စာကို ရှာဖွေလျှက် ဆရာကြီးxxxx ၏ဇနီးထံ သွားရောက်ဆက်သွယ်ခဲ့ပါသည်…။

ကျွန်တော်တို့ကား ဆေးတပ်စုတွင်(ထိုစဉ်က)အကြီးဆုံးဖြစ်သော ဆေးလက်ထောက် အရာခံဗိုလ်ကတော်များကို အစ်မကြီးသဖွယ် ၊ အမေသဖွယ်သဘောထားလျှက်ဆရာကြီးနှင့် ထပ်တူချစ်ကြောက်ရိုသေကြသည်..။တလေးတစား ဆက်ဆံလေ့ရှိကြသည်…။နဂိုရ်ကပင် ခင်မင်ရင်းစွဲရှိသောဆရာကြီးကတော်ကလည်း ဆေးရုံကြီးတပ်မှူး အိမ်သို့သွားရောက်ပြီး ကျွန်တော်၏ လိုင်စင်ဓာတ်ပုံ၊ ကျောင်းသားနံပါတ်များပေးလျှက်အခြေအနေကို ပြောပြပေးပါသည်..၊ နောက်တစ်နေ့တွင်သိရှိရသည့် အကြောင်းပြန်ကြားချက်ကား…ရရင် လုပ်ပေးမယ်…မရနိုင်ပဲနဲ့တော့ အတင်းလုပ်ပေးလို့မရဘူးဟူ၍ ဖြစ်လေသည်…၊

ဆေးရုံကြီးတပ်မှူး တာဝန်ရှိအရာရှိကြီးတစ်ဦးအနေဖြင့် သူကရော ထိုထက် ပို၍ ဘာများပြောနိုင်ပါမည်နည်း..၊သူပြောသည်ကလည်း တရားနည်းလမ်းကျပါပေသည်..၊

ကျွန်တော်ကလည်း ကျွန်တော့်ကိစ္စ ဖြစ်နေသောကြောင့် အေး..အဆင်ပြေအောင် လုပ်ပေးလိုက်မယ် ဆိုတဲ့သတင်းမျိုးကို စောင့်မျှော်နေခြင်း မဟုတ်သော်လည်း အခြေအနေတစ်ခုကို ပိုင်ပိုင်နိုင်နိုင် သိချင်နေမိသည်..၊ မဖြစ်နိုင်သည့်ကိစ္စ မဖြစ်သင့်သည့်ကိစ္စတစ်ခုအား အတင်း ဖြစ်အောင်တောင်းဆိုရမည်ဆိုလျှင်လည်း သဘာဝကျမည် မဟုတ်တော့ပေ…၊

ကျွန်တော်ကလည်း ထိုသို့ အတင်းအဓမ္မ တောင်းဆိုတင်ပြချက်များကို လုပ်လိုလှသည်မဟုတ် ၊ အခြေအနေများက တွန်းပို့ထားသောကြောင့် အလိုက်သင့် မျောပါနေရခြင်းသာ ဖြစ်သည် ။ကျွန်တော်ကား ထိုဗုံးဆံစတစ်စအတွက်ဆေးခုံရုံးသို့ထိုင်ရမည်….၊ ခုံရုံးအဖွဲ့က ဗိုလ်သင်တန်းတက်ရောက်ရန်သင့်လျှော်သော ကျန်းမာရေးအခြေအနေရှိသည် (fit) ဟုဆုံးဖြတ်လျှင်ကျွန်တော် သင်တန်းတက်ခွင့်ရမည်….

မသင့်လျှော် ((unfit) ဟု ဆုံးဖြတ်လျှင်ကျွန်တော်က အောင်ဖျာလိပ်ရမည်သာဖြစ်လေသည်..၊အခြေအနေများက ငါးဆယ်/ငါးဆယ်သို့ ရောက်လာသည်…။ သင်တန်းတက်ခွင့်ရရန် ၅၀% ၊ မရရန် ၅၀% ဖြစ်ပြီး ကျွန်တော်က ထိုဒဏ်ရာကြီးကိုသာ ကျိန်ဆဲနေမိခဲ့လေသည် ။ထိုဒဏ်ရာကြီးကို ကျွန်တော်က မည်သို့ရရှိခဲ့ပါသနည်း။ ထိုဒဏ်ရာရရှိခဲ့သော တိုက်ပွဲဖြစ်စဉ်များကို တရေးရေးသာ ပြန်လည် မြင်ယောင်မိလေတော့သည် ။

အပိုင်း(၈) မျှော်

( မ ဟော် ဂ နီ )

မဟော်ဂနီရေးသား၍ မင်းမော်ပြန်လည်တင်ပြသည်။

အပိုင်း (၁) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၁)

အပိုင်း (၂) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၂)

အပိုင်း (၃) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၃)

အပိုင်း (၄) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်”

အပိုင်း (၅) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၅)

အပိုင်း (၆) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၆)