“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၈) (၉)

ကျွန်တော်က ထိုဒဏ်ရာကြီးကို မည်ကဲ့သို့ရရှိခဲ့ပါသနည်း ။ အတွေးများက အတိတ်ကာလ ခပ်ဝေးဝေးနေရာများဆီ လွင့်ပျံပြေးသွားသည် ။

အမှန်တော့ ထိုကဲ့သို့သော ငရဲခန်းများကားအမှတ်တရ ပြန်တွေး၍ပင်မကြည့်ချင်သောကာလများသာ ဖြစ်လေသည် ။

တစ်ခုသော စစ်ဆင်ရေးတွင်ဖြစ်သည်………..။

ထိုစစ်ဆင်ရေးတွင်……ကျွန်တော်ပြောသော ဒေါနတောင်တန်းကြီးကိုပင်ပန်းဆင်းရဲစွာ ကျော်ဖြတ်ခဲ့သည် ။ထို့နောက် ကျွန်တော်တို့က မဲလစခန်းကို အခြားတပ်ရင်းတစ်ရင်းထံမှ လွှဲပြောင်းလက်ခံခဲ့ရသည် ။

ဒေါနတဖက်သို့ ကျော်ထွက်သွားပြီးလျှင်မော်ဖိုးကေ ၊ မဲလ ဟူသော စခန်းကြီးများကထိုဒေသ၏ လူကြမ်းမင်းသားကြီးများနှယ်နာမည်ဆိုးဖြင့်ကျော်ကြားသည်ဟုသာ ဆိုရမည်ဖြစ်သည် ။

ပင်မစခန်းသို့မရောက်မီ လမ်းတွင် ရိက္ခာစခန်းတစ်ခုရှိသည် ။ စစ်ကြောင်းရုံးထိုင်သည့် ပင်မစခန်းပေါ်တွင် ၆၀မမ ၊ ၈၁ မမ ၊ ရ၅မမ စသည့် လက်နက်ကြီး ဗုံးသီး ၊ ဒုံးသီးများက ၊ ခေါင်ကတုတ်များအတွင်း အပြည့်အသိပ် ရှိနေသည် ။ သံခမောက်များက တန်းလျားရှည်ကြီးများအတွင်း အစီအရီရှိနေသည် ။ (( ဖိုင်ဘာဟက် မဟုတ်ပါ သံခမောက်သာ ဖြစ်ပါသည် ။ မီးဖိုတွင်တယ်လျှင် ဒန်အိုး ၊ ဒယ်အိုးတစ်လုံးကဲ့သို့ တယ်၍ရပါသည် ။))

မဲလစခန်းက စိတ်ခြောက်ခြားဖွယ်ရာ ကောင်းသည် ။ သရဲ တစ္ဆေတွေ ခြောက်လှန့်နေ၍တော့မဟုတ်.. လူသူ ကင်းဆိတ်လွန်းနေပြီး ၊ တောတောင်ရေမြေ သဘာဝတို့ကပင်လျှင် စိတ်မသန့်ဖွယ်ရှိလှသည် ။ရာသီဥတုကလည်း မိုးတွင်းကာလဖြစ်သောကြောင့် ပတ်ဝန်းကျင်က ညို့ညို့မှိုင်းမှိုင်း ရှိလွန်းသည် ။ တောရိပ်တောင်ရိပ်များက အလိုအလျှောက် စိတ်ကိုထိုင်းမှိုင်းစေသည် ။ လောက ငရဲတစ်ခုအတွင်း အချိန်ပိုင်းသက်ဆင်းရောက်ရှိရသကဲ့သို့ စိတ်ညစ်ညူးဖွယ်တို့က ပြည့်နှက်နေသည် ။

ရိက္ခာဆန်တွေက ရေဆေးလျှင် ရေပေါ်မှာ ပေါလောမျောနေတတ်သလို ၊ ရိက္ခာပဲများကလည်း ချက်စားလျှင် ပဲဟင်းအရသာမထွက်၊ ပဲအတွင်းမှ မည်းမည်းပိုးကောင်လေးများက ပဲထက်ပိုများနေသည်ဟု ထင်ရသည် ။

ပတ်ဝန်းကျင်မှာ ၀ါးတောတွေ ရှိသည် ။မိုးတွင်းဖြစ်သောကြောင့် မျှစ်ရှာစား၍ ရသော်လည်း မည်သည့်နေရာကိုမျှ အရမ်းသွား၍မရ၊ နေရာတိုင်းတွင် မိုင်းများက မွစာကြဲနေသည် ။

ထိုစဉ်က ကျွန်တော်သည် စစ်သားဘ၀ မင်မခြောက်သေးဟု ပြော၍ရသော ကာလဖြစ်သည် ။

(( ဤအသုံးအနှုန်းသည် စစ်သက် အနု,အရင့်ကို သတ်မှတ်သည့်၊ နှိုင်းယှဉ်သည့်အသုံးအနှုန်းဖြစ်ပြီး စစ်သားစစ်စစ်များသာ နားလည်နိုင်မည်ဖြစ်၍ လူပြိန်းများနားလည်စေရန် အနည်းငယ်ရှင်းလိုသည်။ကိုယ်ပိုင်နံပါတ်တွင် ကျနော်တို့ခေတ်က ခြောက်လုံး.. ချရေးလျှင် တစ်လုံးပြီးမှတစ်လုံးရေးရသည်ဖြစ်၍ စရေးသောစာလုံးသည် မင်အရင်ခြောက်ကာ နောက်ဆုံးရေးသောစာလုံးက နောက်မှမင်ခြောက်၏။ သို့ဖြစ်၍ တပ်မတော်အတွင်းအစောရောက်သောသူ စီနီယာများက မင်ခြောက်သည့်အချိန်တွင် နောက်မှရောက်သည့် ဂျူနီယာများက မင်မခြောက်သေးဟု နှိုင်းယှဉ် တင်စားသုံးနှုန်းသည့် အသုံးဖြစ်ပါသည်။ ဂျူနီယာကျသူကို နှိမ်သည့်သဘော မပါဝင်ပါ။

နောက်အသုံးတစ်မျိုးရှိသေးသည်။ ကိုယ်ပိုင်နံပါတ်နဲ့ တန်းစီ, ညာညှိလိုက်ရင် ဆယ်မိုင်လောက်ထိ လွင့်ထွက်သွားမယ်.. ဆိုသော အသုံးအနှုန်းဖြစ်၏။ စီနီယာကျသူက ညာထိပ်စီးဝင်လိုက်ပြီဆိုလျှင် ဂျူနီယာကျသူက ဘယ်ဘက်သို့ဝင်၍ တယောက်ပြီးတယောက်တန်းစီလိုက်သည်နှင့် ဂျူနီယာအကျဆုံးသည် တဖြည်းဖြည်း ညာထိပ်စီးနှင့် ဆန့်ကျင်ဘက် ဘယ်ခြမ်း အဝေးဆုံးနေရာသို့ရောက်သွားခြင်းကို ဆိုလိုသည်။ ထိုအသုံးအနှုန်းကိုတော့ ဂျူနီယာများကို နှိမ်သည်ဟု ကျနော်ကိုယ်တိုင်ခံစားမိသဖြင့် သဘောမတွေ့သလို ကိုယ်တိုင်လည်း လက်အောက်များကို မသုံးခဲ့ပါ။ အသုံးကျသောစီနီယာများရှိသကဲ့သို့ အသုံးမကျသောစီနီယာများလည်း ရှိသည်မဟုတ်လော… ၊

ဥပမာအားဖြင့် သတ်ကွင်းတစ်ခုကို မဖြစ်မနေဖြတ်ရတော့မည့်အခြေအနေတွင် တပ်စုမှူး၏အမိန့်အတိုင်းလိုက်နာဆောင်ရွက်ခဲ့ပါလျှင် အထိအခိုက်အကျအဆုံး များနိုင်ချေရှိသဖြင့် တပ်စုမှူး၏အမိန့်ကို လွန်ဆန်ပြီး တပ်စုတပ်ကြပ်ကြီး၏အမိန့်အတိုင်း သတ်ကွင်းကိုဖြတ်ခဲ့ရာ ထိခိုက်ကျဆုံးမှုမရှိသည့်အပြင် တန်ပြန်ခြုံခိုတိုက်ခိုက်နိုင်ခဲ့၍ ရန်သူ့ထံမှ ၃လောင်း၊ ၃ လက်ရရှိခဲ့သော အဖြစ်အပျက်တစ်ခုကို မှတ်သားခဲ့ဖူးသည်။

မှတ်ချက်။ ဤစာသားသည် ပြန်လည်တင်ပြသူ၏ ဖြည့်စွက်ချက်သာဖြစ်ပြီး မူရင်းဇာတ်ကြောင်းတွင်မပါဝင်ပါ။

ပြန်လည်တင်ပြသူ_မင်းမော်ဖြည့်စွက်သည်။))

မူလဇာတ်ကြောင်းကို ပြန်ဆက်ပါမည်။

နေရာဒေသကြီး၏ အပြင်အဆင်ကပင်လျှင်လက်ရှိနေရာမှ ထွက်ပြေးသွားချင်လောက်အောင် ထိုင်းမှိုင်းနေပြီး မြင်ရသည့်မြင်ကွင်းတိုင်းကိုအကျည်းတန်နေသည်ဟု ကျွန်တော်က ယူဆနေမိသည် ။

စခန်းကို လွှဲပြောင်းတာဝန်ယူပြီးနောက် မြေပြင်အခြေအနေများကို Commander group က သုံးသပ်ကြသည် ။ထိုသို့ သုံးသပ်ရာတွင် လက်ရှိ တပ်ခွဲအလိုက်ထိုင်ထားသော စခန်းကုန်းများသည် စစ်ကြောင်းရုံးကို လုံခြုံစွာ ကာရံထားနိုင်မှုမရှိဟု သုံးသပ်ကြသည် ။

အဘယ်ကြောင့်ဆိုသော် စစ်ကြောင်းရှေ့မှတပ်ခွဲစခန်းများ၏ကြားဝယ် ၊ ကျယ်ပြန့်သောလျှိုကြီးတစ်ခုရှိနေပြီး ၄င်းလျှိုအတွင်းမှ ရန်သူက စိမ့်ဝင်ထိုးဖောက်လာမည်ဆိုပါလျှင်စစ်ကြောင်းနေရာသို့ အလွယ်တကူရောက်ရှိလာနိုင်မည်ဖြစ်သည် ။ လျှိုထိပ်တွင်လူသတ်မိုင်းများဖြင့် တားဆီးထားသော်လည်း တကယ်တမ်းတွင်လုံခြုံစိတ်ချရမှု မရှိချေ ။

ထို့ကြောင့် “ထုတ်နှုတ်တပ်စိတ်တစ်စိတ်ကို ဖွဲ့စည်းလျှက် လျှိုအ၀င်လမ်းတွင် ကာရံပိတ်ဆို့ထားရမည်”ဟု ဆုံးဖြတ်လိုက်ကြသည် ။ တပ်မတော်ဖွဲ့စည်းပုံအရ “တပ်စိတ်တစ်စိတ်” ဟု ဆိုလိုက်လျှင် တပ်ကြပ် တပ်စိတ်မှူး တစ်ယောက် ၊ ဒုတပ်ကြပ်ဒုတပ်စိတ်မှူး တစ်ယောက် ၊ ရဲဘော် ရှစ်ယောက်ဖြင့် ( ၁၀ )ဦး ဖြစ်ရပေမည် ။ ရှေးခေတ် မြန်မာ့တပ်မတော်တွင် ( ၈ ) ယောက်လျှင် တစ်အိုးစားဟု ခေါ်ဝေါ်သုံးနှုန်းကြောင်းသိရပြီး ၊ ထိုတစ်အိုးစားသည် ကျွန်တော်တို့ယနေ့ခေတ်၏ တပ်စိတ်တစ်စိတ်သဘော ဖြစ်နိုင်ပါသည် ။

သို့သော် ထိုထုတ်နှုတ်တပ်စိတ်ကိုမူ(၅)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကျွန်တော်လည်းတစ်ဦးအပါအ၀င် ဖြစ်ခဲ့သည် ။ တစ်စိတ် တစ်ယောက် ပေးပါ ဟု လူတောင်းချိန်တွင် တပ်စိတ်မှူးက “မင်းတို့ ဘယ်သူသွားမလဲ” ဟု ဆန္ဒခံယူပါသေးသည် ။ ထိုနေရာကား လက်ရှိစခန်းကြီးတစ်ခုလုံးတွင် အန္တရာယ် အရှိဆုံးနေရာ ၊ အုပ်ချုပ်မှုကိစ္စများ အဆင်မပြေဖြစ်နိုင်သည့်နေရာတစ်ခုဖြစ်မည်ကို မည်သူမဆို ကြိုတင်တွက်ဆနိုင်သည် ။ ထို့ပြင် မိမိတပ်စိတ်မဟုတ်ပဲ ဟိုမှ သည်မှ ပေါင်းစပ်စုဖွဲ့ထားသောတပ်စိတ်တစ်ခုဖြစ်၍ ရုတ်တရက် အဆင်ပြေနိုင်ပါ့မလား ဟူသောအတွေးများက ကိုယ်စီရှိကြသည် ။ ထို့ကြောင့် သိပ်မသွားချင်ကြ ၊ တယောက်မျက်နှာ တယောက်ကြည့်နေသည် ။ ကျွန်တော်က ထိုသို့ သူလိုလို,ငါလိုလို၊ သူ့မျက်နှာ,ကိုယ့်မျက်နှာ ကြည့်နေရသောအလုပ်များကို မုန်းသည် ။ ထို့ကြောင့် သိပ်စိတ်မပါသော်လည်း “ကျွန်တော်သွားမည်”ဟု ဆန္ဒပြုလိုက်သည် ။ သို့နှင့် ထိုစုပေါင်းစပ်ပေါင်းတပ်စိတ်တွင် ကျွန်တော်ပါဝင်ခဲ့ရခြင်းဖြစ်သည် ။

တပ်စိတ်မှူးသည် သာမန်အားဖြင့် တပ်ကြပ် ( နှစ်ရစ် )ဖြစ်သော်လည်း ကျွန်တော်တို့ စုပေါင်းစပ်ပေါင်း ထုတ်နှုတ်တပ်စိတ်၏ တပ်စိတ်မှူးကား တပ်ကြပ်မဟုတ်ပဲ တပ်ကြပ်ကြီး ( သုံးရစ် )တစ်ဦးဖြစ်သည် ။ ထိုနေရာတွင် ကျွန်တော်တို့က အခိုင်အမာစခန်းတစ်ခုမဟုတ်သော်လည်း ရောက်ရောက်ချင်းပင် ပစ်ကျင်းများတူးကြရသည် ။ ရန်သူက လျှိုအတိုင်း ၀င်ရောက်လာခဲ့သော် ကျွန်တော်တို့၏ ထုတ်နှုတ်တပ်စိတ်ဖြင့် ဦးစွာတွေ့ရှိရမည်ဖြစ်သည် ။

ကျွန်တော်တို့၏နေရာကား ပင်မစစ်ကြောင်းရုံးကုန်းနှင့် ဝေးလှသည်တော့မဟုတ် ။ ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်သွားလျှင် ရောက်ပါသည် ။ကျွန်တော်တို့၏ မဟာထုတ်နှုတ်တပ်စိတ်ကြီးထိုနေရာသို့ ရောက်ရှိနေရာယူပြီးနောက် သုံးရက်လား..လေးရက်လား သေသေချာချာ မမှတ်မိတော့..

ထိုတစ်ရက်၏ မနက်ပိုင်း(( ၁၀နာရီခန့်ဟုထင်သည် )) တွင် ရန်သူ့လက်နက်ကြီးသံများက ဟိုမှ,သည်မှ တထုံထုံနှင့် ထွက်ပေါ်လာပြီး၊ လက်နက်ကြီးပေါက်ကွဲသံ ခြိမ်းခြိမ်းညံနေသောကြားမှ ရန်သူ့လက်နက်ငယ်သံများက လေပြင်းနှင့်အတူ ရွာချလိုက်သည့် မိုးစက်မိုးပေါက်အသံများနှယ်ဝေါကနဲ ဝေါကနဲနေအောင် ထွက်ပေါ်လာသည်။

ရန်သူက မိမိခံစစ်စခန်းများကို လက်နက်ကြီးဖြင့်ပစ်ခတ်လျှက် ဦးနှိမ်ထားပြီးမှ၊ ကြိုတင်ချဉ်းကပ်ရောက်ရှိနေသည့်ရန်သူက လက်နက်ငယ်ဖြင့် ပုံအောလိုက်ခြင်းဖြစ်သည် ။

ကျွန်တော်တို့ စုပေါင်းစပ်ပေါင်းတပ်စိတ်ကားကိုယ့်ပစ်ကျင်း ကိုယ်ပြေး နေရာယူထားလိုက်ကြသည်။မျက်လုံးများပြူးကျယ်လျှက် နားရွက်များပါထောင်ကုန်လေသလား..ဟု ထင်ရလေတော့သည် ။

ပထမဦးစွာ ၊ ကျွန်တော်တို့စဉ်းစားကြရသည်က တိုက်ပွဲကြီးကား စလေပြီ ၊ သို့ဆိုလျှင် ကျွန်တော်တို့က လက်ရှိနေရာတွင် ဆက်လက် ပိတ်ဆို့ထားရမည်လား.. တိုက်ပွဲဝင်တပ်များထံသို့ ကိုယ်စီကိုယ်စီ သွားရောက်ပူးပေါင်းကြရမည်လား.. ဟူသော ပုစ္ဆာဖြစ်သည် ။

“စခန်းတိုက်ခံရလျှင် သက်ဆိုင်ရာတပ်ခွဲနှင့် ပြန်ပေါင်းကြ” ဟူသောအမိန့်မျိုး ကြိုတင်ပေးထားခြင်းမရှိ ။အမိန့်မရပဲ လက်ရှိနေရာကို စွန့်ခွာရန်က ခက်သည် ။ ကျွန်တော်တို့၏ မဟာ စုပေါင်းတပ်စိတ် စစ်သည်တော်ငါးသိန်းကား ခွေးနေရာ မရ.. ဟိုပြေးရမလိုလို.. ဒီပြေးရမလိုလိုဖြစ်နေသည် ။

စိုးရိမ်စိတ်တွေက ရင်မှာ ကိုယ်စီကိုယ်စီ ရှိနေကြသည် ။ ချီတုံ ချတုံ ရှိနေပြီး ၊ နောက်ဆုံးတော့ တပ်စိတ်မှူးတပ်ကြပ်ကြီးက တာဝန်ပေးထားတဲ့နေရာကနေတော့ မိမိသဘောအလျှောက် ခွာ၍မဖြစ် ၊ စစ်ကြောင်း၊ တပ်ခွဲများမှ ဆက်သားဖြင့် လာရောက်ဆက်သွယ်ခေါ်ယူလိမ့်မည် ။ ထိုအချိန်ကိုသာစောင့်မည်ဟု ဆုံးဖြတ်ခဲ့သည်။

လက်နက်ကြီး,ငယ်သံများကမူ ငရဲပွက်သလိုတအုန်းအုန်း တဒိုင်းဒိုင်း တဗျောဗျောနှင့်ပွက်ပွက်ညံနေသည် ။ မိမိ လက်နက်ကြီးများကလည်း ဟိုမှ သည်မှ လန်ထွက်နေအောင်ပစ်ကြသည် ။

ရန်သူ့ လက်နက်ကြီးများက ကျွန်တော်တို့၏စခန်းများကို စခန်းများကို ဦးတည်ပစ်ခတ်ခြင်းဖြစ်သော်လည်း စခန်းကို ကျော်လွန်လာသောဗုံးသီးများက ကျွန်တော်တို့ ဖိုက်တာ (၅)ဦးအခြေပြုရာ မဟာစခန်းကြီး နေရာတ၀ိုက် တဒိန်းဒိန်းနှင့်လာကွဲသည် ။

လက်နက်ကြီး ဗုံးသီး လေထဲသို့ ဖြတ်သန်းပြေးလွှားသည့် တရွှစ်ရွှစ်အသံက ကျွန်တော်တို့နှင့် အစိမ်းသက်သက်မဟုတ် ။ စစ်သက်နုသော်လည်း လက်နက်ကြီးအပစ်ခံရသည့်အသက်က နုလှသည်မဟုတ် ။ ယဉ်ပါးနေပြီးသားဖြစ်သည် ။ ရွှစ်ရွှစ်အသံကြားသည်နှင့် ပစ်ကျင်းထဲသို့ ခုန်ဆင်းပြီးသားဖြစ်သည် ။

ပစ်ခတ်သံတွေက လျော့ပါးမသွား ၊ ကျွန်တော်တို့၏တပ်စိတ်မှူးကား သိပ် Sharp (ထက်မြက်လှသူ) ဖြစ်သူ မဟုတ်သော်လည်း အတွေ့အကြုံက သင်ကြားပေးထားသောအသိများဖြင့် မှန်ကန်စွာသုံးသပ်နိုင်သူတစ်ဦးတော့ဖြစ်လေသည် ။ ပစ်ခတ်သံများကိုနားထောင်ကြည့်လျှင်
စစ်ကြောင်းရှေ့ တပ်ခွဲစခန်းကုန်းနှစ်ခုနေရာကနေ လက်နက်ငယ်သံတွေကြားနေရသည် ။ ထို့ကြောင့် “ရန်သူက တပ်ခွဲစခန်း(၂)ခုကို ၀င်တိုက်နေပြီ..” ဟု သူပြောသည် ။ ခွဲ (၄)ဘက်က မိမိပစ်အားလျော့သွားသည် ၊ “ခွဲ(၄)ကုန်း ကျတော့မည်ထင်သည်..”ဟု
သူသုံးသပ်သည် ။ သူ့သုံးသပ်ချက်များမှန်ကြောင်း နောက်ပိုင်းတွင် ကျွန်တော်တို့ သိခဲ့ရသည် ။

နေ့လည် (၂)နာရီလောက် ဖြစ်မလား မမှတ်မိတော့၊ ထိုအချိန်တွင် နှစ်ဘက်ပစ်အားများ သိသိသာသာ ကြဲပါးသွားကြသည် ။

ထိုအချိန် သူ့သုံးသပ်ချက်က ပိုမိုထိရောက်စွာတပ်စိတ်ကို အထောက်အကူပြုနိုင်ခဲ့သည် ။ “ဒီလို အသံတွေ တိတ်သွားတာ ကောင်းတာ ဖြစ်နိုင်သလို၊ မကောင်းတာလည်းဖြစ်နိုင်တယ်” ဟု သူကသုံးသပ်သည် ။ “ဆက်သားဖြင့် အခေါ်လွှတ်ဆက်သွယ်လာသည်ကို စောင့်နေ၍မဖြစ်တော့၊ စစ်ကြောင်းရုံးသို့ အခြေအနေပြေးကြည့်ရမည်” ဟု သူက ဆုံးဖြတ်သည် ၊ ထို့နောက် ဒုတပ်ကြပ်တစ်ယောက်ကို စစ်ကြောင်းရုံးသို့ အခြေအနေပြေးကြည့်ရန် လွှတ်လိုက်သည် ။သိပ်ဝေးသည်မဟုတ် လမ်းလျှောက်လျှင် ဆယ့်ငါးမိနစ်မျှကြာနိုင်သော်လည်း သူက ပြေးသွားခဲ့သောကြောင့် အသွားရောအပြန်ပါ ဆယ့်ငါးမိနစ်သာကြာသည် ။

သူအမောတကော ပြန်ရောက်လာသည်။
(( ဆရာကြီး….ဆရာကြီး…..ဟို…ဟို…))

ဆရာကြီးက အကင်းပါးသည် ။
(( အားလုံး ဆုတ်သွားကြပြီလား ))

(( ဟုတ်…..ဟုတ် ))

အသံများတိတ်ဆိတ်သွားခြင်းက မိမိစခန်းများ ကျသွားခြင်းကြောင့်ဖြစ်ပြီး ၊ ရှေ့ခံစစ်များ မရှိတော့သောကြောင့် စစ်ကြောင်းရုံးကလည်း ဆုတ်ခွာသွားခဲ့ပြီ ။

ကျွန်တော်တို့ ငါးယောက်သာလျှင် သောင်ပြင်လွတ်သော ဟင်္သာလေးများနှယ် မျက်စိသူငယ်ဖြင့် ကျန်ရစ်ခဲ့လေပြီ ။
ရှေ့မှ ရန်သူက တိုးလာ၍ စစ်ကြောင်းနေရာသို့ရောက်လျှင် ထုထည်ကြီးမားလှသော ရန်သူကို ကျွန်တော်တို့ (၅)ဦးက ရင်ဆိုင်ကြရပေတော့မည်။ မိမိစစ်ကြောင်းများကမူ မည်သည့်နေရာထိ ဆုတ်ခွာသွားလေသည်လဲ ။ အခြေအနေတွေကို မှန်ကန်စွာမသုံးသပ်နိုင်ပါက အသက်နှင့်ကိုယ် အိုးစားကွဲသွားမည် ။

မည်သို့ဆိုစေ ကျွန်တော်တို့ကမူ ဆုတ်ခွာသွားသော မိမိစစ်ကြောင်းများနှင့် လိုက်လံပူးပေါင်းရန် ကြိုးစားရမည်သာဖြစ်လေသည်။
သို့ဖြစ်သောကြောင့် အားလုံးအသင့်ပြင်လျှက် မိမိစစ်ကြောင်းများ ဆုတ်ခွာရာလမ်းအတိုင်း သွားရောက်ပူးပေါင်းကြရန် (၅)ဦးသား ထွက်ခွာခဲ့ကြလေတော့သည် ။

======================

“ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၉)

အချိန်တွေက တန်ဘိုးရှိလွန်းသည် ။မည်သို့ပင်စဉ်းစားသည်ဖြစ်စေ ကျွန်တော်တို့က ရန်သူ့တပ်နှင့်မိမိတပ် နှစ်တပ်ကြားတွင်ရောက်နေခဲ့သည်က သေချာသည် ။ မည်သူ့ကိုမှ အပြစ်မပြောလိုတော့ ၊ စစ်ရေးအခြေအနေများက တခါတရံ ထိုသို့ပင် Sector အလိုက် Commander ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရသည်များလည်းရှိတတ်ပါသည် ။ လွန်စွာ ရှုပ်ထွေးနေသောအခြေအနေများကြားတွင် တပ်များကိုမစုစည်းနိုင်ပဲ အရေးပေါ်ဆုတ်ခွာသွားပုံရပါသည် ။

ကျွန်တော်တို့၏ စုပေါင်းစပ်ပေါင်းတပ်စိတ်အတွက်မူ အခြေအနေတို့က ဘေးကြပ် နံကြပ်ရှိလွန်းသည် ။ပထမအချက်မှာ ရန်သူက မည်သည့်နေရာထိရောက်ရှိနေပြီကို မှန်းဆနိုင်ခြင်းမရှိ။

ရှေ့တပ်ခွဲ ခံစစ်ကုန်းနှစ်ကုန်း ကျသွားတာတော့သေချာပြီ ။ ထို့ကြောင့် စစ်ကြောင်းရုံးကလည်း ဆုတ်ခွာသွားရခြင်းဖြစ်သည် ။ လူလွှတ်၍ ကြည့်စဉ်က စစ်ကြောင်းရုံးနေရာတွင် ဘာမှမရှိတော့သည်ကို သိရှိထားပြီးဖြစ်သည် ။ကျွန်တော်တို့ တစ်စိတ်တစိတ်လုံးစစ်ကြောင်းရုံးနေရာသို့ ပြန်တက်ရမည် ။ ပြီးလျှင် စစ်ကြောင်းရုံးဆုတ်ခွာသည့်လမ်းကြောင်းအတိုင်း ကျွန်တော်တို့ စစ်ကြောင်းရုံးနောက်သို့လိုက်ရမည်ဖြစ်သည် ။ ထိုအခိုက်အတန့်လေးတွင် ရန်သူသည်စစ်ကြောင်းရုံးနေရာသို့ရောက်ရှိနေခဲ့သော် ကျွန်တော်တို့ စစ်ကြောင်းရုံးကုန်းပေါ်အတက်တွင် ကြိုတင်ရောက်ရှိနေမည့်ရန်သူက ကျွန်တော်တို့ ငါးယောက်တစ်စိတ်လောက်ကို ခပ်သာသာ ၀ါးစားလိုက်မည်သာဖြစ်သည် ။

သို့ဖြစ်၍ စစ်ကြောင်းရုံးကုန်းပေါ်ပြန်အတက်တွင်ကုန်းပေါ်သို့ သေနတ်တွေကိုထိုးချိန်ထားကြသည်။ ခလုပ်ကာကွင်းပေါ်မှ လက်ညှိုလေးများက တလှုပ်လှုပ်ဖြစ်နေသည် ။ မောင်းပြောင်းခလုပ်ပေါ်မှ လက်မလေးကမူ ခလုပ်ကို အတွဲလိုက်နေရာသို့ မကြာခဏ ဆွဲဆွဲချမိနေသည် ။

မျက်လုံးများက ကျီးကန်းတောင်းမှောက် ဟိုဟို
သည်သည် ပြူးနေအောင် ဖျတ်ကနဲဖျတ်ကနဲ
ရွေ့လျားကြည့်ရှုနေခဲ့ကြသည် ။ ခြေလှမ်းများကမူ ကုန်းပေါ်သို့ တစ်လှမ်းချင်း တစ်လှမ်းခြင်း တရွေ့ရွေ့။

မည်သည့်နေရာမှ ရန်သူ့သေနတ်သံ ပေါ်ထွက်လာလေမလဲ ၊ စိုးထိတ်မှုများလည်းရှိနေကြသည် ။
ဟန်ကိုယ့်ဖို့နှင့်သာ သေနတ်များကို အလျင်အမြန်ပစ်ခတ်နိုင်သည့်အနေအထားဖြင့် သတိကြီးစွာတက်နေကြသော်လည်း အမှန်အားဖြင့်မူ စစ်ကြောင်းရုံးကုန်းပေါ်သို့ လှမ်းကြည့်သော်လည်း ဘာကိုမျှမမြင်ရသည့်အခြေအနေသာဖြစ်သည် ။
မိမိတို့က မမြင်ရသော်လည်း စစ်ကြောင်းရုံးကုန်းပေါ်သို့ ရန်သူသာ ရောက်နှင့်နေမည်ဆိုပါက တက်လာသော မိမိတို့ငါးယောက်ကို ‘လယ်ပြင်မှာ ဆင်သွားသလို’ ကားကားကြီး မြင်နေရမှာ သေချာလှသည် ။

အခြေအနေက သေလူအဖြစ် တ၀က်စာရင်းသွင်းခံလိုက်ရသည်သို့ ဖြစ်၏ ။

မျက်စိကသာ တဖျတ်ဖျတ် ပြောင်းရွှေ့ကြည့်ရှုနေသည်မဟုတ် ၊ စစ်ကြောင်းရုံးကုန်းပေါ်မှ ရန်သူ့အသံတချို့ကို ကြားလို ကြားငြား.. နားကိုလည်း ဧရိယာအဆုံး လွှင့်ထားရသေးသည် ။
အသံကိုကြားရလျှင် ရှောင်တိမ်းရမည့် နောက်အခြေအနေတစ်ခုကို ရွေးချယ်စဉ်းစားကြရမည်သာဖြစ်သည် ။

မိနစ်ပိုင်းမျှသောအချိန်က ကျွန်တော်တို့အတွက် ကမ္ဘာတစ်သိန်းမက ကြာမြင့်လွန်းသည် ။

သို့သော် ကံကြမ္မာတရားက ကျွန်တော်တို့ကို ဖေးမခဲ့သည် ။ စစ်ကြောင်းရုံးကုန်းပေါ်သို့ ကျွန်တော်တို့ အနှောက်အယှက်အဟန့်အတားမရှိ တက်ရောက်နိုင်ခဲ့ကြသည် ။ တပ်ခွဲခံစစ်များကို သိမ်းပိုက်မိသော်လည်း ရုတ်တရက် ရှေ့သို့တိုးလာရန် မ၀ံ့မရဲရှိနေပုံရသည် ။ တောက်လျှောက်သာ နင်းလာခဲ့လျှင် ကျွန်တော်တို့နှင့် စစ်ကြောင်းရုံးကုန်းပေါ်တွင် ကွက်တိလောက် ဆုံတွေ့သွားနိုင်သည် ။

ငါးယောက်တည်းဆိုသော်လည်း ကျွန်တော်တို့
ကုန်းပေါ်ရောက်ချိန်မှ ရန်သူက တက်လာမိလျှင်တော့ အနည်းနှင့်အများ သူတို့ပေးဆပ်ရပေလိမ့်မည် ။
သူတို့ကစောခဲ့သော် ကျွန်တော်တို့ (၅)ယောက်ကား ကံမကောင်းလျှင် အရှင်တောင် မိသွားနိုင်ပေသေးသည်။

စစ်ကြောင်းရုံးကုန်းပေါ်မှာ
ဘဲ လေးငါးကောင်ပြေးလွှားနေသည်ကို တွေ့ရသည် ။ စစ်ကြောင်းရုံးက စခန်းထိုင် စစ်ဆင်ရေးများတွင် ထိုသို့ ကြက်,ဘဲများ သယ်လာပြီး မွေးမြူထားတတ်သည် ။
ယခုတော့ ဘဲများကိုပင် ဖမ်းချိန်မရတော့ပဲ ဆုတ်ခွာသွားပုံရလေသည် ။ ကျွန်တော်တို့ထဲမှ ရဲဘော်တစ်ယောက်က ကုန်းပေါ်သို့ ရန်သူ မရောက်သေးကြောင်းကို တွက်ဆ၍ ရသွားပြီဖြစ်သောကြောင့် ဘဲတွေကို လိုက်ဖမ်းနေသေးသည် ။

တပ်စိတ်မှူး တပ်ကြပ်ကြီးက ဟောက်သည် ။ (( ဟေ့ကောင်….လျှောက်လုပ်မနေနဲ့ မင်းပထွေးတွေက ဒီနားလေးတင် ရွှတ်ကနဲ ရောက်လာလို့ မသာပေါ်နေမယ် ၊ လာအမြန်..။))

ကျွန်တော်တို့ လမ်းကြောင်းအတိုင်း သုတ်ခြေတင်ကြသည်။ အလာတုန်းကမြင်ခဲ့ရသည့် ခေါင်ကတုတ်များအောက်မှ ဗုံးသီးအမျိုးပေါင်းစုံက ပိုင်ရှင်မဲ့နေသည်သို့ တွေ့ရ၏။ သံခမောက်ဂိုဒေါင်ကြီးကလည်း ထီးထီးကြီးရှိနေသည် ။ ရင်ထဲမှာ သိပ်မကောင်း ၊ ကြည့်ခဲ့ဖူးသော ရုပ်ရှင်,ဗီဒီယိုများထဲကလို ထိုယမ်းတိုက်ကြီးများကို ဖောက်ခွဲပစ်ချင်လှသော်လည်း မင်တောင်မခြောက်တတ်သေးသော တပ်သား ငထွေရည်ဘ၀က ဘာများနားလည်ပါမည်နည်း။ မကြာမီ ရန်သူ့လက်အောက် ကျရောက်တော့မည် ဟူသောအသိဖြင့် နာကျင်ခံခက်သော ဝေဒနာတစ်ခုဖြစ်မိသည်မှအပ မည်သို့မျှမတတ်နိုင်ခဲ့…။

ရန်သူ့ လက်နက်ကြီးများကလည်း ကျွန်တော်တို့ငါးယောက်ကိုများ ချိန်ပစ်နေရော့သလား ထင်မှတ်ရလောက်အောင်ပင် ကျွန်တော်တို့သွားနေသောလမ်းကြောင်းများအနီး လာလာကျသည် ။ တရွှစ်ရွှစ်အသံကြားလျှင် အချင်းချင်းသတိပေးလျှက် ရောက်သည့်နေရာတွင် ၀ပ်နေကြရပြန်သည် ။ပိုပိုလိုလို သတိပေးနေကြသော်လည်း အားလုံးက ဗုံးသံကြားလျှင်သိကြသည် ။ လှစ်ကနဲနေအောင် မှောက်ချလိုက်ပြီးသားဖြစ်သည် ။

ဆယ့်ငါးမိနစ်လောက်သွားမိတော့ ကျွန်တော်တို့ရှေ့ ကုန်းပြန့်ပြန့်မှ သေနတ်သံများ တဒိုင်းဒိုင်း ထွက်လာသည်။
ကျည်ဆံများက ကျွန်တော်တို့ခေါင်းပေါ်မှ တရွှိရွှိ ဖြတ်သန်းသွားသည် ။ ကျွန်တော်တို့အသံကို နောက်လိုက်လာသော ရန်သူအမှတ်ဖြင့် လှမ်းဆော်လိုက်ခြင်းဖြစ်သည် ။

အခြေအနေကို ရိပ်မိသော ဒုတပ်ကြပ် xxxxxxxx က (( ငါတို့ လာတယ်ဟေ့)) ဟု ခပ်အုပ်အုပ် အော်လိုက်သည် ။

(( ဘယ်သူတွေလဲ ))
ကုန်းပေါ်က ပြန်မေးသည် ။

(( ဆရာကြီး xxxxxxအဖွဲ့..ဟေ့))

ကုန်းပြန့်ပေါ်မှ (( ဟာ…သေကုန်တော့မှာပဲ …)) ဟု အသံတစ်ချက် ထွက်လာသည် ။

ကျွန်တော်တို့ ရှေ့ဆက်တိုးသွားတော့ သုံးယောက်တစ်ဖွဲ့ တွေ့သည် ။ သူတို့နောက်မှာ သုံးယောက်ရှိနေသေးကြောင်း၊ တစ်ဆင့်ခြင်းဆုတ်နေကြောင်း၊ ဆုတ်ခွာနေသူများနောက်သို့ ရန်သူ အလွယ်တကူလိုက်မလာနိုင်စေရန် ဟန့်တားထားပေးသည့် နောက်ဆုံးတပ်စိတ်ဖြစ်ကြောင်း သူတို့ကပြောပြသည် ။

ရန်သူနှင့် သူတို့အဖွဲ့နှစ်ဖွဲ့ကြားတွင် ကျွန်တော်တို့ရှိနေသည်ကို သူတို့က လုံးဝမသိခဲ့ ။ ခုတော့ ကျွန်တော်တို့က ဆုတ်ခွာနေသောစစ်ကြောင်း၏ နောက်ဆုံး ဟန့်တားစစ်ဆင်နေသည့်အဖွဲ့နှင့်
အထိအခိုက်မရှိ ပူးပေါင်းသွားနိုင်ခဲ့ပြီဖြစ်သည်။

ကံကြမ္မာတရားက ခုချိန်ထိ ဖေးဖေးမမ ရှိလွန်း၍သာ ကျွန်တော်တို့ငါးယောက် အပျက်အကြွေမရှိ မိမိစစ်ကြောင်းနှင့် ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည် ။

ရန်သူက လူလိုက်မလာနိုင်သေးသော်လည်းကျွန်တော်တို့ဆုတ်ခွာရာ လမ်းကြောင်းနေရာများဆီသို့ ၈၂ မမ များ ၊ ၆၀ မမ များဖြင့် တောက်လျှောက်ပစ်ခတ်နေသည် ။ ကျွန်တော်တို့စခန်းဆိုသော်လည်း တချိန်က ရန်သူ့စခန်းများကို ကျွန်တော်တို့က တိုက်ခိုက်သိမ်းပိုက်ထားသည်ဖြစ်သောကြောင့် ရန်သူက စခန်းအနေအထား၊ လမ်းကြောင်းအနေအထားများကို ကျွန်တော်တို့ထက် ဆယ်ဆပိုကျွမ်းကျင်သည်။ နောကြေနေသည် ။ ကျွန်တော်တို့ကသာလျှင် စခန်းရောက်ပြီး တစ်ပတ်မျှပင် မကြာသောအချိန်အတွင်း အတိုက်ခံရသဖြင့် မြေအခြေအနေကို ကျွမ်းကျွမ်းကျင်ကျင်မရှိသေးပဲ ဖယိုဖရဲဖြစ်နေသည်။

တကယ်တော့ ကျွန်တော်တို့ ဖိုးကံကောင်း (၅)ယောက်ကား အချိန်အများကြီး ရလိုက်သည်မဟုတ်။ မိနစ်ပိုင်းကလေးမျှသာ ပွတ်ကာသီကာ လွတ်မြောက်လာခြင်းဖြစ်ကြောင်း နောက်မှ သိလိုက်ရသည်။

ကျွန်တော်တို့က ခွာစစ်အဖွဲ့နှင့် တွေ့ဆုံပူးပေါင်းလိုက်သောကြောင့် သူတို့နှင့်ပင်ပေါင်း၍ တဆင့်ခြင်းဆုတ်ခွာကြမည်ဖြစ်လေသည်။ ကျွန်တော်တို့ ပေါင်းမိပြီးနောက် ဆယ်မိနစ်မကြာမီ နောက်မှ ရန်သူ့သေနတ်သံများ တဗျောင်းဗျောင်း လိုက်ပါလာလေတော့သည် ။

+++++++++++++++++++++

ထိုအခြေအနေက ကျွန်တော်တို့ နောက်ထပ်ဆယ်မိနစ် ထပ်၍နောက်ကျခဲ့သည်ရှိသော် ငါးယောက်သားမှာ မသာဘယ်ဈေးလဲတွေ ဖြစ်ကုန်ဖို့သာရှိတော့သည် ။ စစ်မြေပြင်တွင် ဉာဏ်ကောင်းရုံနှင့်မရ ၊ ကံကောင်းဖို့ကလည်းလိုသေးသည်။ရန်သူ့အသံ ကြားရာနေရာသို့ ကျွန်တ်ာတို့မှန်းဆပစ်ခတ်ကြသည် ။ ရန်သူကလည်း ကျွန်တော်တို့ရှိနေသည့် နေရာများသို့ တဗြောင်းဗြောင်းပစ်ခတ်ရင်းတရွေ့ရွေ့တိုးလာနေသည် ။

ရဲဘော်တစ်ယောက်အသံကို ကြားရသည် ။
(( ဆရာ..ဆရာ..ကျွန်တော်တို့ လူတွေ နောက်မှာ ကျန်သေးလား ))

ကျွန်တော်တို့ တပ်စိတ်မှူး တပ်ကြပ်ကြီးက

(( ငါသိသလောက်တော့ မရှိတော့ဘူး ၊ ငါတို့ နောက်ဆုံးပဲ ))ဟု ကြားဖြတ်ပြောလိုက်သည် ။

(( ဟိုးမှာ တွေ့လားဆရာကြီး .. တက်လာနေတာ ကျွန်တော်တို့သံခမောက်မျိုး ဆောင်းထားတယ်))

(( တွေ့တယ်….အဲ့ဒါငပွေးဟ…ကောင်လေးရ.. ငါတို့ သံခမောက်ဂိုဒေါင်ကနေ ယူဆောင်းတာတာ ဖြစ်မှာပေါ့…)) ဆရာကြီး xxxx က ပြောပြောပစ်ပစ် တဒိုင်းဒိုင်း ပစ်နေသည် ။ ရန်သူက နေရာတိုင်းတွင် လှမ်းမြင်နေရသည်တော့မဟုတ် ၊ အချို့ တောပါးသော လမ်းကြောင်းနေရာများတွင်မူ လှမ်း၍မြင်ရသည် ။

ကျွန်တော်ကတော့ ပစ်ရတာ သိပ်အားမရ ၊ ကျွန်တော်က သူမြင်ကိုယ်မြင် ပစ်ချင်နေသူဖြစ်သည် ။ မင်းလား..ငါလား.. ခေါင်းမငုံ့စတမ်း ပစ်ကြည့်ချင်သည် ။

တကယ်ပစ်နေရသည်ကမူရန်သူလိုက်လာသောလမ်းကြောင်းနေရာများ ရန်သူ၏ သေနတ်သံကြားရာနေရာ ၊ စကားသံ ကြားရာနေရာများသို့ မှန်းဆပစ်ခတ်နေရသည် ။ သေနတ်တွေကလည်း ဘယ်လောက် တိုက်ထားတိုက်ထား မိုးတွင်းဖြစ်သောကြောင့် တစ်ချက်တစ်ချက် ရပ်တံ့မှုကဖြစ်နေသေးသည် ။ ပြေးလွှား မှောက် လူသွားရာနောက် အခြေအနေအမျိုးမျိုးဖြင့်လိုက်ပါရသည့် သေနတ်ကလည်း ရပ်တံ့မှုဖြစ်ချင်စရာရွှံ့အလူးလူးနှင့် ဖြစ်လေသည် ။

ဆုတ်လမ်းများသို့ မှန်းဆပစ်ခတ်နေပုံရသော ရန်သူ့လက်နက်ကြီးများကလည်း ခပ်ကြဲကြဲလေးတော့ လာလာကွဲနေသည်။ ကျွန်တော်တို့၏ ဘေးနံတပ်များနှင့် မိုင်တိုင်(၄၀)စခန်းတို့မှ လက်နက်ကြီးပစ်ကူများပေးခဲ့သည်ဟု သိရှိရသော်လည်း အခြေအနေက ဆေးမမီသောအခြေအနေဖြစ်ခဲ့သည် ။

ကျွန်တော်တို့ တရွေ့ရွေ့ဆုတ်ခွာနေစဉ်ကျွန်တော်တို့၏ တပ်ရင်းမှူးကြီးက သူ့လက်ဖြောင့်တပ်ကြပ်ကြီးနှင့်အတူ ရောက်ရှိလာလေသည် ။

(( ကောင်လေးတွေ…ကောင်လေးတွေ…))ဟုတပ်ရင်းမှူးက ခေါ်သည့်အသံကို ကြားလိုက်ရသည် ။ နောက် သူတစ်စုံတရာပြောလိုက်သေးသည် ။သဲသဲကွဲကွဲ မကြားလိုက် ။ ဆရာကြီး xxxx က (( အဘ….ဒီနေရာအထိပဲ ကျွန်တော်တို့ ရှိတယ်…နောက်မှာ မရှိတော့ဘူး ခင်ဗျ….)) ဟု လှမ်းပြောသံကြားရသည် ။ တပ်ရင်းမှူးက ဆရာကြီး xxxxx ပြောသည်ကို မကြားသည်လား ၊ ကြားလျှက်နှင့်ပင် သွားသည်လားတော့မသိ ၊ ရှေ့သို့သာ ဆက်တိုးသွားလေသည် ။ ထို့ကြောင့် နောက်မှ ရှိသည့်လူများပြန်စု၍ တပ်ရင်းမှူးနောက်လိုက်ရန် ပြင်ကြသည်။

အချိန်အားဖြင့် နှစ်မိနစ်မျှပင်မကြာလိုက်ဟု ထင်သည်။ ကျွန်တော်တို့ရှေ့တွင် ၆၀မမ ဗုံးနှစ်လုံးက ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ကြီး လာကွဲလေသည်။

ကျွန်တော့်စိတ်ထဲမှာ မှန်းဆကြည့်နေမိသည် ၊ထိုကွဲသောနေရာသည် တပ်ရင်းမှူးရောက်နေနိုင်သည့်အကွာအဝေးဆလာက်ဖြစ်မည်ဟု မှန်းဆနေမိခြင်းဖြစ်သည် ။ ကျွန်တော့်တွင် တိုက်ပွဲအတွေ့အကြုံနည်းပါးသော်လည်း ထိုမှန်းဆသောအချက်ကမူ ဒက်ထိမှန်သွားခဲ့သည် ။ အဘယ်ကြောင့်ဆိုသော် ခဏအကြာတွင် သွေးများဖြင့်လူးနေသော တပ်ရင်းမှူးအား လက်ဖြောင့်တပ်ကြပ်ကြီးက ထမ်းလာသည်ကို တွေ့မြင်လိုက်ရသောကြောင်ြ့ဖစ်သည် ။ကျွန်တော်မြင်သောအချိန်တွင် အသက်ရှိနေသေးသည် ။ သို့သော် အသက်ရှင်ရန် မလွယ်ကူတော့ပြီကိုမူ
လူပြိန်းအနေအထားနှင့်ပင် သိနိုင်သော အခြေအနေဖြစ်လေသည်။

=====================

အပိုင်း(၁၀) မျှော်

မဟော်ဂနီရေးသား၍ မင်းမော်ပြန်လည်တင်ပြသည်။

အပိုင်း (၁) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၁)

အပိုင်း (၂) ဖတ်ရန် >>> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၂)

အပိုင်း (၃) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၃)

အပိုင်း (၄) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်”

အပိုင်း (၅) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၅)

အပိုင်း (၆) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၆)

အပိုင်း (၇) ဖတ်ရန် >> “ရန်စွယ်တွေကြား_သွားခဲ့သည်” အပိုင်း (၇)