ဂျာမနီနိုင်ငံ တွင် လူအုပ် အတွင်း ကားနှင့် အတင်းဝင်တိုက်မှုဖြစ်ပွား၊ လူ(၃၀)  ဦးဒဏ်ရာရရှိ

ဂျာမနီ နိုင်ငံ အလယ်ပိုင်း မြို့တစ်ြ မို့တွင် ကာနီဗယ် ပွဲတော် လူအုပ် အတွင်း အမျိုးသား (၁)ဦးက ကားနှင့် အတင်း ဝင်တိုက် မှုကြောင့် ကလေးများ အပါအဝင် (၃၀) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင် များက ဖေဖော်ဝါရီ (၂၄) ရက် တွင် ထုတ်ပြန် အသိပေးသည်။

ဘာလင် မြို့မှ အနောက်တောင်ဘက် (၁၇၅) မိုင် အကွာ ဗိုမာဆန် မြို့တွင် အခင်းဖြစ်ပွား ခဲ့ခြင်းဖြစ် သည်။ လူအုပ် ကို ကားဖြင့် အတင်း ဝင်တိုက်သူ အသက် ၂၉ နှစ်အရွယ် ဂျာမနီနိုင်ငံသား ယာဉ်မောင်းကို အခင်းဖြစ်ပွားရာမှာပင် ရဲတပ်ဖွဲ့က လက်ရဖမ်းဆီးလိုက်နိုင်သည်။ လူအများအပြားကို မည်သည့်အတွက်ကြောင့် ကားနှင့် အတင်းဝင်တိုက်ရကြောင်းကို စစ်ဆေးမေးမြန်းနေဆဲဖြစ်သည်။

ဒဏ် ရာရသူများကို အနီးရှိ ဆေးရုံသို့တင်ကာ ကုသပေးလျက်ရှိပြီး ဒဏ်ရာပြင်းထန်သူအချို့လည်း ပါဝင်သည်။ ကားဖြင့် အတင်းဝင်တိုက်သည့် အမျိုးသားသည်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

ကာနီဗယ်ပွဲ ကို ငြိမ်းချမ်းပျော်ရွှင်စွာ ဆင်နွှဲနေသူများကို ရန်လိုသော အမူအရာဖြင့် တိုက်ခိုက်သည့် စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်ကြောင်း ဗိုမာဆန်မြို့ တည်ရှိရာ ဟတ်ဆီပြည်နယ်၏ ပြည်ထဲရေးဝန်ကြီး ပီတာ ဘတ်က ဝေဖန်ပြောကြားသည်။ ဒဏ်ရာရသူများ၏ သုံးပုံတစ်ပုံ သည် ကလေးနှင့် လူငယ်များဖြစ်ကြောင်း ဘတ်က ပြောသည်။ ဂျာမနီ ကာနီဗယ်ပွဲများတွင် လူအုပ်ထဲသို့ သကြားလုံးမျာ ကြဲလေ့ရှိပြီး ကလေးများ သည် သကြားလုံးလုကောက်ကာ ကာနီဗယ်လူအုပ်နှင့်အတူ လိုက်ပါလေ့ရှိကြသည်။

ဂျာမနီ ဝန်ကြီး ချုပ် အန်ဂျာလာ မာကယ်ကလည်း ဒဏ်ရာရသူများ၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းခံစားရကြောင်း၊ အမြန်ဆုံး ပြန်လည် ကျန်းမာကြပါစေကြောင်း သဝဏ်လွှာပေးပို့ထားသည်။ ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးမှုနှင့် ဒဏ်ရာရသူများကို ကျန်းမာရေးစောင့်ရှောက် မှုပေးခဲ့သည့် ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိကြောင်း မာကယ်က ပြောကြားသည်။

ကား သည် ပွဲတော်ကျင်းပနေသည့် နေရာသို့ မဝင်ရဟု တားမြစ်ထားသည့် အတားအဆီးကို ပတ်ရှောင်ကာ လူအုပ်ထဲသို့ အတင်းဝင် တိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

crd:The myanmar Time