ရှမ်းပြည်နယ် လားရှိုးမြို့နယ် အတွင်း အမျိုးသမီး (၂)ဦးအသတ်ခံရ၊ သေဆုံးသူများ ကို မီးရှို့ ဖျောက်ဖျက်မှုဖြစ်ပွား

ရှမ်းပြည် နယ် မြောက် ပိုင်း လားရှိုးမြို့ နယ် နမ့်ပေါင်ကျေးရွာ တွင် အမျိုးသမီး (၂)ဦး အသတ်ခံ ရပြီး သေဆုံးသူ များကို မီးရှို့ဖျောက် ဖျက် မှု ဖြစ်ပေါ် ခဲ့ကြောင်း ရဲတပ် ဖွဲ့ထံမှ သိရသည်။

“နမ့်ပေါင်ကျေးရွာ က (၂၃) မိုင်လောက်ဝေး တဲ့ နမ့်ပေါင်မြို့ နယ် နဲ့ လုပ်ဝိုင်ကျေးရွာသွား ကျောက်ခင်းလမ်း ဘေး ပေ (၅၀ဝ) ကျော်အကွာ မှာ တာယာအဟောင်းတွေနဲ့ မီးရှို့ထားတဲ့ အလောင်းနှစ်လောင်းကိုတွေ့ရတယ်။ အမျိုးသမီးဝတ် ရှမ်းထဘီ နဲ့ အနွေးထည် အပိုင်းအစရယ် အမျိုးသမီးဝတ် နားကပ်၊ လက်စွပ်စတဲ့ လက်ဝတ်လက်စားတွေကို တွေ့ရတယ်၊ မီးလောင်ထားတဲ့ အလောင်း တစ်လောင်းက ဦးခေါင်းခွံမှာ ပြတ်ရှဒဏ်ရာတစ်ခု တွေ့ရတယ်။ မျက်မြင်အနေအထားအရ အမျိုးသမီးနှစ်ယောက် ဖြစ်မယ်လို့ ခန့်မှန်း ရတယ်” ဟု လားရှိုးမြို့မရဲစခန်းမှူး ရဲမှူးမြင့်ကျော်က ပြောကြားသည်။

ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်က မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် စိုးညွန့်၊ မှုခင်းဆရာဝန် ဒေါက်တာဇင်မင်း၊ ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်နေလင်း တို့အဖွဲ့က နမ့်ပေါင်ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းလှအာင်၊ စိုင်းပူးဆိုင်တို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း ၎င်းကပြောဆိုသည်။

အခင်းဖြစ်နေရာ သည် လျှိုအတွင်းမှ တောင်ယာပျက်အဟောင်းတစ်ခုဖြစ်ပြီး မိုင်းတင်းကျေးရွာမှ ဦးအိုက်မြတ်ဆိုသူ ပိုင်ဆိုင်ခဲ့သည့် တောင်ယာအဟောင်းဖြစ်ကြောင်း၊ မီးရှို့ခံထားရသူများ၏ ပြာပုံအနီးတွင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်ထားသော ရေသန့်ဘူးခွံများ၊ အချိုရည်ပုလင်းခွံနှင့် ပြာပုံမှ ၆၆ ပေအကွာ ချုံပုတ်အတွင်းမှ အရိုးအသွား ၁၆ လက်မရှိ ကော်ရိုးတပ် ဓားချွန်တစ်ချောင်းကို ရှာဖွေတွေ့ရှိရသည်ဟု ရဲမှူးမြင့်ကျော်က ဆက်လက်ပြောဆိုသည်။

မီးရှို့ခံရ သည့်အလောင်းများကို လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် စစ်ဆေးနိုင်ရန် PR 001 နှင့် PR 003 တို့ဖြင့် ပေးပို့စစ်ဆေးထားပြီး လားရှိုးမြို့ မရဲစခန်းက ပထမသတင်းပေးချက် အမှတ် ၁၄၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၂၀၁ ဖြင့် အမှုဖွင့်စစ်ဆေးနေ ကြောင်း၊ လတ်တလော တွင် မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မပြောနိုင်သေးကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

ရှမ်းပြည် နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းမုံရွာအနီး ပြည်ထောင်စုလမ်းဘေးတွင် ယခုနှစ်ဆန်းပိုင်းကလည်း အမျိုးသမီး တစ်ဦးအပါအဝင် လူ ၁၀ ဦး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းမှာလည်း လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။

crd:The voice