AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ဇနီးနှင့်သားသမီးတို့ ဆွစ်ဇာလန်နိုင်ငံတွင်ခိုလှုံခွင့်ရ၍ ဝမ်းသာကြောင်း ရခိုင်လွှတ်တော်ဥက္ကဌပြောေ

AA မှ ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူသည် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ၏ သမီးလည်း ဖြစ်သည်။ ယခုကဲ့သို့ သမီးနှင့် မြေးများ တတိယ နိုင်ငံတွင် ခိုလှုံခွင့်ရသွားသည့် အပေါ် ဖခင် တယောက် အနေဖြင့် ဝမ်းသာမိကြောင်း ပြောသည်။ဦးစံကျော်လှ က “ငါ့ဘက်ကတော့ ဘာပဲပြောပြော ဝမ်းသာတာပေါ့လေ။ တတိယနိုင်ငံ တခုကို ရောက်သွားတယ် ဆိုတော့”

ဆွစ်ဇာလန်နိုင်ငံတွင် ခိုလှုံခွင့်ရသွားပြီဖြစ်သည့် မိသားစုနှင့် ထွန်းမြတ်နိုင်တို့အကြား လူချင်းတွေ့ဖို့ရာ အတွက်ကတော့ ခဲယဉ်းသွားပြီဖြစ် ကြောင်း ၎င်း၏ မိသားစုအရေးကို လိုက်ပါဆောင်ရွက်ပေးနေသူ တဦးက ပြောသည်။လောလောဆယ်ကတော့ သူတို့ မိသားစု ၄ ယောက်ပဲ ဆွစ်ဇာလန် မှာ နေထိုင်စားသောက်ရေး ကလေးတွေ ပညာရေး အတွက်ပဲ ဇောင်းပေးပြီးတော့ ရှေ့ဆက်ဖြစ်မယ်ဟု ပြောသည်။

ထိုင်းနိုင်ငံက ၁၂ ပတ်ကြာ ထိမ်းသိမ်းထားသော AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ဇနီး၊ သားနှင့် သမီးတို့သည် ကုလသမဂ္ဂ (UN HCR) ၏ အကူအညီဖြင့် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်သည်။မနှင်းဇာဖြူနှင့် သားသမီး ၂ ဦးကို ထိုင်းလူဝင်မှု ဌာနက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်သည်။

အေအေမှထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူ ကို ချင်းမိုင်မြို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနက ဗီဇာတိုးရန်လာ ရောက်စဉ်တွင် ဗီဇာ သက်တမ်းကုန်ဆုံးနေမှုဖြင့် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ကနဦး ထိန်းသိမ်းထားစဉ်က ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့မှ တဆင့် တာချီ လိတ်ဘက်သို့ လွှဲပြောင်း ပေးရန် ပြင်ဆင်ခဲ့သော်လည်း ကြားဝင် ညှိနှိုင်းမှုများကြောင့် ထိုအစီအစဉ် ပြောင်းသွားခြင်းဖြစ်သည်။