“Hypersonic လက်နက်များ” ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ဖြေရှင်းနိုင်ရန် ပင်တဂွန် စစ်ဌာနချုပ်က ကြိုးစားနေ

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ စစ်လက်နက် ပစ္စည်း သုတေသနဆိုင်ရာအေဂျင်စီ (The Defense Advanced Research Projects Agency – DARPA) သည် ရန်သူ့ Hypersonic လက်နက်များကို ကြားဖြတ် တိုက်ခိုက်နိုင်ရန်နှင့် ချေမှုန်းဖျက်ဆီးနိုင်ရန်အတွက် နည်းလမ်းသစ်များကို ရှာဖွေလေ့လာ လျက်ရှိပါသည်။အဘယ်ကြောင့်ဆိုသော် အင်အားကြီး နိုင်ငံများဖြစ်ကြသော တရုတ်နှင့် ရုရှားနိုင်ငံများ သည် အသံထက် အဆ ၂၀ ခန့်အထိမြန်သော Hypersonic လက်နက်များကို တီထွင်ထုတ်လုပ်နိုင်ရေး အပြင်းအထန်ကြိုးစားနေသောကြောင့်ပင်ဖြစ်သည်။

DARPA သည် Hypersonic လက်နက်ခြိမ်းခြောက် မှုများကို ကမ္ဘာ့လေထုအပေါ်ဆုံးအလွှာအထိ ကြားဖြတ်တိုက်ခိုက်နိုင်မည့် လက်နက်စနစ်ဆိုင်ရာ နည်းပညာများကို တိုးတက်တီထွင်နိုင်ရန် လေ့လာမှု များပြုလုပ်နေခြင်းဖြစ်သည်။ DARPA ၏ Hypersonic အဆင့်မြင့်နည်းပညာလေ့လာမှုဆိုင်ရာ ပရောဂျက်ကို Glide Breaker Project ဟုအမည်ပေးထားပြီး အမြန်နှုန်း မြင့်နိုင်သမျှအမြင့်ဆုံးသော လက်နက်စနစ်တစ်ခုကို ဖန်တီးနိုင်ရန်နှင့် ယခုနှစ်အတွင်း စမ်းသပ်မှုများပြုလုပ်သွားရန် အစီအစဉ် ရေးဆွဲထားသည်။

Hypersonic Glide Vehicles (HGV) များသည် တိုက်ချင်းပစ်ဒုံးကျည်များထက် ကြားဖြတ် တိုက်ခိုက်ရသည်မှာ ပိုမိုခက်ခဲသည်။ စတင်လွှတ်တင်သည့်အချိန်တွင် တိုက်ချင်းပစ်ဒုံးများသည် ကမ္ဘာ့လေထုအပြင်ဘက်သို့ ရောက်ရှိအောင်ပျံသန်းပြီး HGV များသည် လေထု၏ပါးလွှာသော အပေါ်ဆုံးလွှာသို့ ပျံသန်းသည်။

၎င်းတို့သည် ရေဒါထောက်လှမ်းရန်မလွယ်ကူသည့် အလွန်မြင့်မားသော အရှိန်ရရှိအောင် သတ်မှတ်အမြင့်တစ်နေရာသို့ ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ တိုက်ချင်းပစ်ဒုံးများ၏ အားနည်းချက်မှာ ပျံသန်းရာလမ်းကြောင်းကို ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ပြီး ကြားဖြတ်တိုက်ခိုက် နိုင်သည်။ HGV များသည် လေထု၏အပေါ်လွှာမှနေ၍ လှုပ်ရှားစစ်ကစားနိုင်သောကြောင့် ကြိုတင်ခန့်မှန်းရန်နှင့် ကြားဖြတ်ထောက်လှမ်းနိုင်ရန် လွန်စွာခက်ခဲသည်။

Directed Energy Weapons များသည် HGV များကို ချေမှုန်းနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သော်လည်း ရာသီဉတုဆိုးရွားသည့်အခါ ထိရောက်မှုမရှိနိုင်ပေ။ ထို့အပြင် တန်ပြန်တိုက်ချင်းပစ် ဒုံးစနစ်များသည် အချို့သော Hypersonic လက်နက်များကို ကာကွယ်နိုင်သော်လည်း တန်ပြန်တိုက်ချင်းပစ် ဒုံးစနစ်များကို နိုင်ငံတစ်ဝန်းဖြန့်ခွဲထားနိုင်ရန်မှာ ကုန်ကျစရိတ် အလွန်ကြီးမားသည်။

DARPA အနေဖြင့် HGV များကို တိုက်ခိုက်ချေဖျက်နိုင်မည့်နည်းပညာမရရှိသေးသည့်တိုင် HGV များကို ထောက်လှမ်းနိုင်ပြီး ပစ်မှတ်လမ်းကြောင်း လွှဲပေးနိုင်မည့်နည်းပညာကို ရရှိပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အဆိုပါနည်းပညာသည်သာလျှင် လက်ရှိအချိန်တွင် HGV များ၏ ခြိမ်းခြောက်မှုအန္တရာယ်မှ အကောင်းဆုံးကာကွယ်ပေးနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ref:myanmarnews24