ဆီးရီးယားဆီ ရုရှားက ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ စစ်သင်္ဘော ၂ စင်း စေလွှတ်

ပြီးခဲ့တဲ့ရက်က ဆီးရီးယား၊ အီဒလစ်ပြည်နယ်မှာ တူရကီစစ်သား (၃၃) ဦး ကျဆုံးတာဟာ တူရကီရဲ့ အပြစ်သာပဲ ဖြစ်တယ်လို့ အပြစ်ဆိုရင်း ဆီးရီးယားဆီး ခရုဇ် ဒုံးကျည်တွေတပ်ဆင်ထားတဲ့ စစ်သင်္ဘောနှစ်စင်း စေလွှတ်လိုက်ပြီဖြစ်ကြောင်း ရုရှားက သောကြာနေ့မှာ ပြောပါတယ်။“အကြမ်းဖက်အုပ်စုတွေကို စစ်ပွဲပုံစံ ဖွဲ့စည်းတဲ့ တူရကီစစ်သားတွေကို ဆီးရီးယားတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်။”လို့ ရုရှကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

တူရကီတပ်တွေဟာ ရှိမသင့်တဲ့ နယ်မြေအတွင်း ရှိနေခဲ့ပြီး ၎င်းတို့ ရှိနေကြောင်းကို ဆက်သွယ်အကြောင်းကြားခြင်းလည်း မရှိခဲ့ဘူးလို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။“အဲဒီ ဧရိယာဇုန်ကို ရုရှလေတပ်က အသုံးမပြုခဲ့ဘူး။”ဆိုပြီး ဝန်ကြီးဌာန ဖြည့်စွက်ဆိုပါတယ်။

ကြာသပတေးနေ့က ဆီးရီးယားတပ်တွေရဲ့ သူပုန်တွေကို လေကြောင်းစီးနင်းတိုက်ခိုက်မှုမှာ တူရကီ စစ်သားတွေ သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဆီးရီးယားနယ်စပ်က တူရကီ၊ ဟာတေးပြည်နယ် အုပ်ချုပ်ရေးမှူးက ကြေညာပါတယ်။

ဒါဟာဆိုရင် ဒီလထဲမှာ တူရကီစစ်သား ကျဆုံးတာ ၅၄ ဦးအထိ ရှိလာတာလည်း ဖြစ်ပါတယ်။ဒီလို ကျဆုံးမှုကို လက်တုံ့ပြန်ပြီး တူရကီဟာ ဆီးရီးယား တပ် တည်နေရာတွေကို သောကြာနေ့မှာ စတင်ထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။

ဆီးရီးယားရဲ့ ဗုံးကြဲမှုတွေမှာ အရပ်သားတွေကို ကာကွယ်နိုင်ဖို့ အနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်ကို မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာကို တူရကီက တောင်းဆိုတိုက်တွန်းပါတယ်။ဒါအပြင် ဆီးရီးယားနယ်မြေအတွင်း စစ်သည်အင်အား ထောင်ပေါင်းများစွာနဲ့ လက်နက်ကြီးများစွာ ပေးပို့ထားပြီလည်း ဖြစ်ပါတယ်။

ရုရှား ကျောထောက်နောက်ခံရှိတဲ့ ဆီးရီးယားတပ်တွေအနေနဲ့ အီဒလစ်ပြည်နယ်အတွင်း တူရကီ စောင့်ကြပ်ရာ နေရာတွေကနေ တပ်ပြန်မဆုတ်မချင်း တူရကီဟာ တင်းပြည့်ကျပ်ပြည့် တိုက်ခိုက်သွားတော့မှာဖြစ်တယ်လို့ သမ္မတ အာဒိုဂန်က သတိပေးလိုက်ပါတယ်။

Rf; CHTN
Writer_ မောင်သံဆင့်(XYZ News)