“မြောက်ကိုရီးယား မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို တားဆီးဖို့ ပျက်ကွက်ရင် ဆိုးဝါးတဲ့ နောက်ဆက်တွဲ ကြုံရလိမ့်မယ်”ဆိုပြီး ထိပ်တန်းတာဝန်ရှိသူတွေကို ကင်ဂျုံးအွန်း ကြိမ်းမောင်း

မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို တားဆီးဖို့ ပျက်ကွက်ရင် ဆိုးဝါးတဲ့ နောက်ဆက်တွဲ ကြုံရလိမ့်မယ်ဆိုပြီး ခေါင်းဆောင် ကင်ဂျုံးအွန်းက ပါတီထိပ်တန်း တာဝန်ရှိသူတွေကို သတိပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့မှာ ဖော်ပြပါတယ်။အားနည်းပြီး နုံချာတဲ့ ကျန်းမာရေးစနစ်သာ ရှိနေတဲ့ ဆင်းရဲတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံထဲ ကိုရိုနာဗိုင်းရပ်စ် မရောက်ရှိလာအောင် နယ်စပ်တွေကို ပိတ်ထားတာ ဖြစ်ပါတယ်။

အာဏာရ ကိုရီးယားအလုပ်သမားပါတီ အစည်းအဝေးမှာ ကင်ဂျုံးအွန်က ပြည်သူတွေကို ကာကွယ်ဖို့အတွက် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဟာ အရေးကြီးဆုံးပဲ ဖြစ်တယ်လို့ ပြောကြောင်း နိုင်ငံပိုင် KCNA သတင်းက ဖော်ပြပါတယ်။

“လက်တွေ့မှာ ကူးစက်တတ်တဲ့ ဒီ ဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်ဘဲ နိုင်ငံတွင်းမှာ ပျံ့နှံ့လာတာ တွေ့ရင်တော့ နောင်ရေးလှတော့မှာ မဟုတ်ဘူး။”လို့ ကင်ဂျုံးအွန်က ပြောပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ ပါတီဒုတိယဥက္ကဌတွေဖြစ်တဲ့ ရီမန်ဂွန်နဲ့ ပတ်သယ်ဒေါ့တို့ကို ရာထူးက ထုတ်ပယ်သလို ပါတီယူနစ်တစ်ရပ်ကိုလည်း ဖျက်သိမ်းကြောင်း အဆိုပါ သတင်းက ကြေညာတာကြောင့် ၎င်းတို့ဟာ ဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ဆက်စပ်ပြီး လာဘ်ပေးလာဘ်ယူခဲ့ဖွယ် ရှိနေတာကို ညွှန်ပြနေပါတယ်။

“ဘယ်သူကိုမှ မျက်နှာသာပေးလိမ့်မှာ မဟုတ်ဘူး။”လို့ ကင်ဂျုံးအွန်က ပြောရင်း ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်လာနိုင်တဲ့ နေရာတွေကို ချိတ်ပိတ်ထားဖို့ တာဝန်ရှိသူတွေက အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့တာကစပြီး လူပေါင်း ၂၈၀၀ သေဆုံးကာ ၈၄၀၀၀ ကျော် ကူးစက်ဖြစ်ပွားနေပေမယ့် မြောက်ကိုရီးယားမှာ Covid-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသေးခြင်း မရှိပါ။

Rf; Channel News Asia
Writer_ မောင်သံဆင့်(XYZ News)