ကိုရိုနာ ဗိုင်းရပ်စ်ဟာ တရုတ်ထုတ်ကုန်ပစ္စည်းတွေ နဲ့အတူ ပါလာနိုင်သလား???

ကိုရိုနာဗိုင်းရပ်စ်ဟာ အတိုင်းအတာ အရွယ်အစား အနေနဲ့ 0.12 microns အချင်း ရှိပါတယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။ ချောင်းဆိုးရင်တောင် အသေးဆုံးအမှုန်က 8 ကနေ 14 micron အထိရှိတယ်ဆိုပါတယ်။အဲ့ဒီတော့ တစုံတယောက်က နှာစေး၊ချောင်းဆိုးလိုက်တဲ့ ရောဂါပါတဲ့ အမှုန်တွေဟာ… လေထဲမှာ ပြန့်လွင့်လို့သော်လည်းကောင်း၊ မျက်နှာပြင်ပေါ် တိုက်ရိုက်ကျလို့သော်လည်းကောင်း၊ ကုန်ပစ္စည်းထုပ်တွေအပေါ်မှာ ရှိနေနိင်ပါတယ်။

အဲ့ဒီမှာမေးစရာက ကိုရိုနာ virus ဟာ အဲ့ဒီပစ္စည်းတွေပေါ်မှာ ဘယ်လောက် ကြာကြာအသက်ရှင်နိုင်သလဲ? ဒီမေးခွန်းဟာ ခဏခဏ ကိုင်နေတဲ့ ဖုန်းတွေ၊ စားသောက်ဆိုင်နဲ့ အများပိုင်နေရာတွေက ခုံတွေ၊ စားပွဲတွေပေါ်မှာ ဘယ်လောက်ကြာကြာအသက်ရှင်မလဲ ဆိုတဲ့ အဖြေလည်း ဖြစ်လာပါမယ်။

Germany ရှိ Ruhr University က သိပ္ပံပညာရှင်တွေ ရေးထားတဲ့ စာတမ်းတစ်စောင်ကို Journal of Hospital Infection မှာဖတ်ဖူးပါတယ်။ သူတို့က COVID-19 ဖြစ်စေတဲ့ SARS-CoV-2 မရတော့ SARS-CoV virus နဲ့ စမ်းသပ်မှုတွေပြုလုပ်ပါတယ်။ အဖြေက သိပ်မကွာနိုင်ပါ။ သူတို့စမ်းသပ်တာ MERS-CoV, SARS-CoV, HCoV, MHV နဲ့ TGEV virus strain တွေပါ။ သူတို့တွေက ကိုရိုနာ မျိုးကွဲတွေပါ။တွေ့ရှိချက်ကတော့… ကိုရိုနာဗိုင်းရပ်စ်မျိုးဟာ အရာဝထ္တုတစ်ခုခုရဲ့ မျက်နှာပြင်ပေါ်မူတည်ပြီး ၂ နာရီကနေ ၉ ရက်အထိ အသက်ရှင်နိုင်ပါတယ်တဲ့ ခင်ဗျား။

TGEV အစာလမ်းကြောင်းရောင်စေတဲ့ virus နဲ့ MHV ကြွက်အသည်းရောင် virus က အပူချိန် ၄ ဒီဂရီ စင်တီဂရိတ် မှာ ၂၈ ရက်အထိ အသက်ရှင်နိုင်ပါသတဲ့။ ကျနော်တို့ စိတ်ဝင်စားတဲ့ SARS-CoV က သူရပ်တည်နိုင်တဲ့ inocula များလေ ပိုအသက်ရှည်လေပါပဲတဲ့။ အခန်းအပူချိန်မှာ humidity စိုထိုင်းမှုပိုများရင် ပိုအသက်ရှင်ဖို့ အခွင့်အရေးရှိပါသတဲ့။

ဘယ်လိုကွာသလဲ?

စတီး၊ အလူမီနီယမ်၊ စာရွက်၊ သစ်သား၊ သတ္ထု၊ မှန်၊ ပလတ်စတစ်၊ PVC၊ ရာဘာလက်အိတ်၊ mask၊ ကြွေထည်၊ တက်ဖလွန် မျက်နှာပြင်တွေပေါ်မှာ စမ်းသပ်ပါတယ်။ ကျနော်လေ့လာကြည့်ရာမှာ အများအားဖြင့် အခန်းအပူချိန်မှာ ၄ ၊ ၅ ရက် (4 to 5 days) အသက်ရှင်တာတွေ့ပါတယ်။

SARS-CoV ချင်းအတူတူ ပလတ်စတစ်မျက်နှာပြင်ပေါ်မှာ Strain P9 က ၄ ရက်အသက်ရှင်ပြီး၊ Strain FFM1 က ၆ ရက်ကနေ ၉ ရက်အသက်ရှင်တာတွေ့ရပါတယ်။

ကျနော်တို့ဆီလာတဲ့ ကုန်ထုပ်တွေဟာ စက္ကူပုံးတွေ၊ အထပ်သားပုံးတွေနဲ့ ပီနံအိတ်တွေများပါတယ်။ အဲ့ဒီအပေါ်မှာ Plastic တိပ်တွေ၊ ပလတ်စတစ်ပတ်တာတွေ ရှိပါတယ်။ တုပ်ကွေး ဗိုင်းရပ်စ်ဟာ လက်နဲ့ ၅ စက္ကန့်ထိမိတာနဲ့ ၃၁.၆% viral load လက်ကို ကူးနိုင်ပါတယ်။ ကျနော်တို့ဟာ ၁ နာရီမှာ မျက်နှာကို ၂၃ ကြိမ်လောက်ထိပါသတဲ့။ မျက်နှာက moisture အစိုဓါတ် ရှိပြီး ပိုးကအသက်ရှင်နိုင်ပါတယ်တဲ့။

အချုပ်အားဖြင့်ဆိုသော်…

Human coronovirus ဟာ အရာဝတ္ထုမျက်နှာပြင်တွေပေါ်မှာ အခန်းအပူချိန်မှာ ၉ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ အပူချိန် ၃၀ ကနေ ၄၀ ဒီဂရီ စင်တီဂရိတ် အထိတိုးတာနဲ့ အသက်ရှင်ချိန် နာရီပိုင်းအထိကျလာပါတယ်။

သူ့ကိုသတ်မယ်ဆိုရင် 0.1 % sodium hypochlorite (သို့) 62 – 71% ethanol အရက်ပျံဟာ မျက်နှာပြင်ပေါ်က virus နဲ့ ၁ မိနစ်ထိတွေ့ထားရင် သေဆုံးနိုင်ပါတယ်တဲ့။ အိမ်သုံး bleach ချွတ်ဆေးတွေ မှာ sodium hypochlorite 3 ကနေ 8 % အထိပါပါတယ်။ ပိုးသတ်ဆေး disinfect နဲ့ wipes တွေမှာ 50 ppm ကနေ 1.5% အထိပါပါတယ်။

တရုတ်မှာ delivery service တွေကတော့ အထုပ်တွေအပေါ် ဆေးဖျန်းပိုးသတ်တာတော့တွေ့ပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားတွေက ကျန်းမာတယ်လို့ ယူဆရပါတယ်။ ရောဂါရှိတာနဲ့ စက်ရုံက လက်ခံမှာမဟုတ်ဘူး။ ကျန်အလုပ်သမားတွေထိမှာကိုး။ စက်ရုံအလုပ်ရုံတွေကနေ မြန်မာပြည်ပို့တဲ့အချိန်မှာတော့ စဉ်းစားစရာရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေက စိတ်ပူတာမတွေ့သေးပါ။

အမေရိကန်ပြည်ထောင်စုက David Evans လို ပညာရှင်ကတော့ အမေရိကန်ကို တရုတ်ကပို့ချိန်ကြာမှာမို့ မစိုးရိမ်ပါတဲ့။ နောက်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်က lipid bilayer (fatty membrane) ရှိတာကြောင့် အလွန်သေလွယ်ပါတယ်တဲ့။

သူတို့တွေကတော့ ဝေးတော့ဟုတ်ပါတယ်။ ကျနော်တို့လို တရုတ်နဲ့ ဘေးချင်းကပ်ကဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားစရာရှိပါတယ်။ အဲ့ဒီတော့ တရုတ်ကနေ မြန်မာကို ပစ္စည်းအဝင်ကို စိတ်မချရင် ကျနော်တင်ပြခဲ့သလို အခန်းအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် လောက်အထိမြှင့်ပါ။ နေပူပြတာက အကောင်းဆုံးပိုးသတ်နည်းတစ်ခုပါ။အထက်ကကျနော် ပြောထားတဲ့ ပိုးသတ် chemical တွေကိုလည်း သုံးပြီး ၁ မိနစ်ထိတွေ့ပြီးထားသတ်ဖို့ အကြံပြုပါတယ်။ အဓိကပြဿနာက ပိုးပါမပါ မသိနိုင်တဲ့အတွက် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုပေါ်သာ မူတည်ပါကြောင်း…

Richard Myo Thant
1-Mar-2020