ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် သားအဖ (၂)ဦးက ဓားဖြင့် ခုတ်သဖြင့် လင်မယား နှစ်ဦးအနက် ဇနီးဖြစ်သူ သေဆုံးပြီး ခင်ပွန်းဖြစ်သူ အပြင်းအထန် ဒဏ်ရာရ

လှိုင်သာယာ မြို့နယ်တွင် သားအဖ (၂)ဦးက ဓားဖြင့် ခုတ်ခဲ့သည့် လင်မယား (၂)ဦးအနက် ဇနီးဖြစ်သူ သေဆုံးပြီး ခင်ပွန်းဖြစ် သူ ဒဏ်ရာ ရရှိခဲ့ကြောင်း မတ် (၄) ရက် က သိရသည်။

ဖြစ်စဉ်မှာ မတ် (၃) ရက် ည (၁၁) နာရီ ခွဲခန့်တွင် ရန်ကုန် တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်တွင် လူသတ်မှု ဖြစ်ပွားကြောင်း သိရ သဖြင့် သက်ဆိုင်ရာ လှိုင်သာယာမြို့မရဲစခန်းက တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ မတ် ၃ ရက် ညပိုင်းတွင် ယင်းရပ်ကွက်နေ မယုဇင်မြင့် (၂၆) နှစ်၏ ချင်းတွင်းလမ်းတွင် ရပ်ထားသည့် ဆိုင်ကယ်ကို တစ်လမ်းတည်းနေ ကို…… က စက် ဘီးဖြင့် တိုက်မိခဲ့သဖြင့် ဆိုင်ကယ်လဲသွားခဲ့ရာမှ အဆိုပါကိစ္စနှင့် ပတ်သက်၍ မယုဇင်မြင့်(၂၆)နှစ်နှင့် ကို……. တို့မှာ စကားများ ရန်ဖြစ် ခဲ့ကြကြောင်း၊ ရန်ဖြစ်နေစဉ် စက်ဘီးဖြင့် ဝင်တိုက်မိသည့် ကို…… ဘက်မှ အခြားအမျိုးသမီး တစ်ဦးက ဝင်ရောက်ပြောဆိုခဲ့ရာ ယင်း အမျိုးသမီးနှင့် မယုဇင်မြင့် (၂၆) နှစ်တို့ ထပ်မံစကားများ ရန်ဖြစ်စဉ် တစ်လမ်းတည်းနေ ဦးသန်းအောင် (၅၆) နှစ်က ရန်မဖြစ်ကြရန် ပြောဆို ခဲ့ကြောင်း သိရသည်။

ယင်းသို့ပြော ဆိုစဉ် မယုဇင်မြင့်က ဦးသန်းအောင်နှင့် ဝင်ရောက်ပြောဆိုသည့် အမျိုးသမီးတို့ လူမှုရေး ဖောက်ပြန်နေကြသည်ဟု အော် ဟစ်ပြောဆိုသဖြင့် ဦးသန်းအောင်က မခံမရပ်နိုင်ဖြစ်ကာ နေအိမ်ထဲသို့ ပြေးဝင်၍ ဓားယူလာကာ မယုဇင်မြင့်အား ခုတ်လိုက်ကြောင်း၊ ဓားဖြင့်ခုတ် စဉ် မယုဇင်မြင့်၏ ခင်ပွန်းဖြစ်သူ နေလင်းထွန်း မြင်သွားခဲ့ပြီး ဦးသန်းအောင်ထံသို့ ပြေးလာကာ လုံးထွေးသတ်ပုတ် ခဲ့ကြကြောင်း တရားလို ၏ တိုင်တန်းချက်အရ သိရသည်။

ထို စဉ် ဦးသန်းအောင် က ဓားဖြင့်ခုတ်ခဲ့ပြီး နေလင်းထွန်းက ဓားအားလက်ဖြင့် တွန်းထုတ်လိုက်စဉ် ဓားမှာ ဦးသန်းအောင် လက်ထဲမှ ပြုတ် ကျသွားခဲ့ပြီး ဓားကို ဦးသန်းအောင် ၏ သားဖြစ်သူ မျိုးသီဟက ကောက်ယူ၍ မယုဇင်မြင့်နှင့် ၎င်း၏ခင်ပွန်း နေလင်းထွန်းတို့ကို ထပ်မံခုတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံတွင် တရားလို၏ တိုင်တန်းချက်အရ သိရသည်။

အဆိုပါကဲ့ သို့ ဦးသန်းအောင်တို့ သားအဖနှစ်ဦးက ဓားဖြင့်ခုတ်မှုကြောင့် မယုဇင်မြင့်မှာ လည်ပင်းမှ ရင်ဘတ်နားအထိ ပြတ်ရှဒဏ်ရာ တစ်ချက် ၊ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဦးခေါင်းငယ်ထိပ် ပြတ်ရှဒဏ်ရာနှင့် တံတောင်ပြတ်ရှဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေ ရာတွင် သေဆုံးသွားခဲ့ပြီး ၎င်း၏ခင်ပွန်း နေလင်းထွန်းမှာ လက်ခုံပြတ်ရှဒဏ်ရာ၊ ပခုံးပြတ်ရှဒဏ်ရာ၊ တံတောင်ပြတ် ရှဒဏ်ရာ၊ ပါးပြတ်ရှဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“လက်ရှိ မှာတော့ ဒဏ်ရာရထားတဲ့ နေလင်းထွန်းက ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေဆဲပါ။ မနေ့ကညအထိ သတိကောင်းကောင်း မရသေး ဘူးလို့ သိရတယ်။ အခုအခြေအနေကိုတော့ မသိရသေးပါဘူး။ လက်ရှိ အမှုဖွင့်ထားတဲ့ ဖြစ်စဉ်ကလည်း တိုင်တန်းချက် အရ အမှုဖွင့်ထားတာပါ။ ကျူးလွန်တယ်လို့ဆိုတဲ့ နှစ်ယောက်ကိုလည်း စခန်းမှာ တိုင်တန်းချက်အရ ဖမ်းထားပါပြီ။ စစ်ဆေးပေါ်ပေါက်ချက် ကတော့ အခင်းဖြစ်နေရာက မျက်မြင်သက်သေတွေကိုစုံအောင် စစ်ဆေးရဦးမယ်။ စစ်ဆေးပြီးရင်တော့ သူတို့နှစ်ယောက် က ဘယ်လိုကျူးလွန်တာလဲ ဆိုတာကို သိရမယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

အဆို ပါဖြစ်စဉ် မှ ဓားဖြင့်ခုတ်ပြီး လူသတ်မှုကျူးလွန်သူ ဦးသန်းအောင်နှင့် သားဖြစ်သည့် မျိုးသီဟတို့ကို လှိုင်သာယာ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး၍ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

crd:Eleven media