တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် တပ်တွေ တပ်စွဲခ တစ်နှစ်လျှင် ဒေါ်လာ (၆၀) ဘီလီယံ တောင်းတဲ့ ဒေါ်နယ်ထရမ့်

တောင်ကိုရီးယား နိုင်ငံဟာ အလွန်ကို အလွဲသုံးစား ပြုမူနေပြီး မတရားအခွင့်အရေး ယူနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သမုတ်ပြောဆိုလိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် တပ်ဖွဲ့တွေ တပ်စွဲထားရခြင်းအတွက် မဟာမိတ်နိုင်ငံအနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ ပေးသင့်တယ်လို့ ထရမ့်က ပြောကြောင်း အိမ်ဖြူတော် အသိုင်းအဝန်းထဲက တာဝန်ရှိသူဟောင်း တစ်ဦး ထုတ်ဝေတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း ဂျိမ်းမက်တစ်ရဲ့ မိန့်ခွန်းရေးသားသူနဲ့ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဂျေးဆန်နော့ဂရက်စ်က ‘Holding the Line: Inside Trum’s Pantagon with Secretary Mattis’ စာအုပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

၂၀၁၇ ဇူလိုင်နှင့် ၂၀၁၈ ဇန်နဝါရီမှာ ထရမ့်နဲ့ ၎င်းရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့တွေ ပင်တဂွန်မှာ တွေ့ဆုံစည်းဝေးခဲ့စဉ်က အကြောင်းကို အဲဒီ စာအုပ်ထဲမှာ ဂျေးဆန်နော့ဂရက်စ်က ထည်သွင်းရေးသားထားတာ ဖြစ်ပါတယ်။

ပြည်ပမှာ အမေရိကန်တပ်တွေ တပ်စွဲထားရတဲ့ တန်ဖိုးကို ထရမ့်က အထပ်ထပ်အခါခါ မေးသလို ကာကွယ်ရေးဝန်ကြီးဟောင်း ဂျိမ်းမက်တစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်စ်တဲလာဆန်တို့အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေကို တောင်ကိုရီးယား၊ ဂျပန်နဲ့ ဂျာမနီ အပါအဝင် နိုင်ငံတွေကနေ အမေရိကန် တပ်တွေ ရုပ်သိမ်းနိုင်မနိုင်ကို တိုက်တွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

“ဒါဟာ အချည်းနှီး သဘောတူညီချက်တွေပဲ။ တောင်ကိုရီးယားဟာ ကျုပ်တို့တပ်တွေ တပ်စွဲပေးထားတာအတွက် တစ်နှစ် ဒေါ်လာ ၆၀ ဘီလီယံ ပေးရင်တော့ အဆင်ပြေလိမ့်မယ်။”လို့ ၂၀၁၈ ဇန်နဝါရီလအတွင်းမှာ ထရမ့်က ပြောထားဖူးကြောင်း အဲဒီ စာအုပ်က ထုတ်ဖော်ထားတာ ဖြစ်ပါတယ်။

Rf; Yonhap News Agency
Writer_ မောင်သံဆင့်(XYZ News)