“တပ်မတော်အတွင်း ကိုရိုနာဗိုင်းရပ် ကူးစက် ဖြစ်ပွားပါကလည်း ကျန်းမာရေးဝန်ကြီးဌာနသို့ အကြောင်းကြားရမည်” ဟု ဒေါက်တာခင်ခင်ကြီး ပြော

တပ်မတော်အတွင်း COVID-19 ကူးစက်ရောဂါဖြစ်ပွား ပါကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြော ရေးဆိုခွင့်ရှိသူ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောသည်။နေပြည်တော်တွင် မေ ၄ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား လွှတ် တော်ကိုယ် စားလှယ်အားလုံး နှာခေါင်းစည်း (Mask) များတပ်ဆင်ကာ တက်ရောက်ခဲ့ကြခြင်းအပေါ် မေးခွန်းထုတ်မှုများ ပေါ်ထွက်ခဲ့သည်။

”ကျွန်မတို့ ဝန်ကြီးဌာနအနေနဲ့ တပ်မတော်နဲ့သာမက ဝန်ကြီးဌာန အကုန်လုံးနဲ့ ချိတ်ဆက်ဆောင် ရွက်နေပါတယ်။ တပ်မတော်တခုထဲတင်မဟုတ်ဘူး။ တခြားဝန်ကြီးဌာနတွေနဲ့လည်း အဆက်သွယ်ရှိသလို ဝန်ကြီးဌာနအဆင့် သမ္မတကိုယ်တိုင်ဖွဲ့တဲ့ ဗဟိုအဆင့်အစည်းအဝေးတွေမှာလည်း ပြည်ထဲရေးဝန်ကြီးဌာန လည်းပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေ၊ တပ်မတော်က ပညာရှင်တွေတက်ရောက်ပြီး အစည်းအဝေးကိုတက်ရောက်ကြတယ်။ နောက်ကျွန်မတို့ ဝန်ကြီးဌာနရဲ့ အစည်းအဝေးတွေမှာလည်း ဖိတ်တယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး တခုခုဖြစ်ရင် အကြောင်းကြားဖို့ အကုန်လုံးကိုပြောပြီးသားပါ”ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကူးစက်ရောဂါကို ”ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့်ရောဂါအဖြစ် သတ်မှတ်ထားသည့် အမိန့်”ကို ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ခဲ့ပြီး အမိန့်ထုတ်ပြီး ၂ ရက်အကြာတွင် ယင်းကူးစက်ရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် မတ် ၂၇ ရက်တွင် ကျရောက်မည့် စိန်ရတုတပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း တပ်မတော်က မတ် ၁ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ နှာခေါင်းစည်းတပ်ဆင်ကာ ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ”ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ထားတယ်။ သက်ဆိုင်ရာ အချို့အခမ်းအနားတွေမှာလည်း တခြားဝန်ကြီးဌာနတွေကရော၊ တခြားလူတွေပါ တပ်နေတာရှိတာပဲ။ ကျွန်တော်တို့က ဒီလိုတပ်တာ ဘာမှထူးခြားပြီး ညွှန်ကြားချက်တွေဘာတွေ ဘာမှပြောစရာအကြာင်း မရှိပါဘူး”ဟု ပြောသည်။

ကိုယ်တိုင် နှာစီးချောင်းဆိုး၊ ဖျားနာသူများ၊ နှာစီးချောင်းဆိုး၊ ဖျားနာသူများကို ပြုစုကုသသူများ၊ ကျန်းမာရေးဝန် ထမ်းများ၊ နှာခေါင်းစည်းများတပ်ဆင်သင့် ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာ၏ အခြေအနေပေါ် မူတည်ကာ ရိုးရိုးနှာခေါင်းစည်း၊ N95 အမှတ်တံဆိပ် နှာခေါင်းစည်းများကို ရွေးချယ်တပ်သင့်ကြောင်း သာမန်ပြည်သူလူထုအနေဖြင့် သာမန်အခြေအနေတွင် နှာခေါင်းစည်းကို တပ်ရန်မလိုအပ်သော်လည်း လူအစုလိုက် အပြုံလိုက်ရှိသည့်အခါတွင် စိုးရိမ်စိတ်ကြောင့် တပ်မည်ဆိုပါကလည်းတပ်နိုင်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြော သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် COVID-19 ကူးစက်မြန်ရောဂါ သည့် ကမ္ဘာနိုင်ငံပေါင်း ၈ဝ ကျော်သို့ ပျံ့နှံ့လျက်ရှိပြီး ကူးစက်ခံရသူ ၉၃ဝဝဝ ကျော် သေဆုံးသူ ၃၂ဝဝ ကျော်၊ ပျောက်ကင်းသူ ၅ဝဝဝဝ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ယင်းရောဂါ ကူးစက်ပြန့်ပွားနေသည်မှာ ၃ လ ကျော် ကြာပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ မရှိသေးဘဲ မတ်လ ၃ ရက်အထိ သံသယဖြင့်စောင့်ကြည့်လူနာ ၅၁ ဦးရှိကာ အကယ်၍ဖြစ်ပွားပါကလည်း အစုလိုက် အပြုံလိုက်တွေ့ရှိနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။