ဒဂုံတောင်မြို့နယ်တွင် ပိတောက်ပန်း တက်ခူးသည့် အမျိုးသားတဦး “ဓာတ်လိုက်၍ ပွဲချင်းပြီးသေဆုံး”

ဒဂုံတောင်မြို့နယ် ၂၆ ရပ်ကွက်တွင် အမျိုးသား တစ်ဦး ပိတောက်ပင်တစ်ပင်ပေါ်သို့ တက်ပြီး ပိတောက်ပန်းခူးရာမှ ဓာတ်လိုက် သေဆုံးမှု မတ် ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။မတ် ၁၁ ရက်၊ နံနက် ၁၀ နာရီဝန်းကျင် ခန့်တွင် ဒဂုံတောင်မြို့နယ်၊ ၂၆ ရပ်ကွက်၊ ဘုရင့်နောင် လမ်းတွင် အမျိုးသားတစ်ဦး ပိတောက် ပင်ပေါ်သို့တက်ပြီး ပိတောက်ပန်းခူးရာမှ ဓာတ်လိုက်သေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက် ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူမှာ အသက် ၂၀ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး ၄င်းမှာ ပိတောက်ပင်ပေါ်သို့ ပိတောက်ပန်း တက်ခူးရာမှ ဓာတ်လိုက်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“၁၀ နာရီကျော်လောက်မှာ သတင်းရတာပါ။ ပိတောက်ပင်ပေါ် ပိတောက်ပန်း တက်ခူးရင်း ဓာတ်လိုက် သေဆုံးသွားတာပါ။ သေဆုံးသူကို မြို့ဦးလုလင်အဖွဲ့က သစ်ပင်ပေါ်က အောက်ကို ကူညီပြီး ချပေးတာပါ။ အလောင်းကို ကျွန်တော်တို့အဖွဲ့ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အခင်းဖြစ်နေရာကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ (ဒဂုံတောင်)၊ လူမှုအဖွဲ့ ကူညီရေးအသင်း နှစ်သင်း၊ ယာဉ်ထိန်းရဲ၊ စည်ပင်နဲ့ လျှပ်စစ်ဌာနနဲ့ အခြားတာဝန်ရှိသူတွေ လာရောက်ခဲ့ပါတယ်” ဟု ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ ဒဂုံတောင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ မြယမုံအိမ်ရာတွင် နေထိုင်သူဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ရန်ကုန်သို့ လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကာ မြယမုံအိမ်ရာအတွင်း အဆောင်နေထိုင်သူ ဖြစ်ကြောင်း ရှင်သန်ခွင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ref:Eleven Media Group