“ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အကြံအဖန် လုပ်စရာအကြောင်း ရှိကိုမရှိဘူး”
မေး – လက်ရှိဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာဆိုရင် NLD က တင်တဲ့ အချက်အများစုဟာ လုံးဝပြင်ဆင်နိုင်ခြင်း မရှိတာကိုတွေ့ရတယ် ခင်ဗျ။
ဖြေ – အထူးတော့ ပြောစရာမရှိပါဘူး။ ပုံမှန်အတိုင်းပဲပေါ့။ ၇၅ ရာခိုင်နှုန်း ကျော်ရမယ်ဆိုတဲ့ ပထမဆုံး အတားအဆီးကို မကျော်လွှားနိုင်ဘူး ဆိုတာပေါ့။ ဒါကတာ့ သူတို့ရဲ့ရွေးချယ်မှုပေါ့။
မေး – NLD အပါအ၀င် တိုင်းရင်းသားပါတီတွေ ပြင်ချင်တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချတဲ့ ပုဒ်မတွေပေါ့။ အဲဒါတွေကလည်း လုံးဝပြင်ဆင်နိုင်ခြင်း မရှိတာကိုလည်း တွေ့ရတယ်ခင်ဗျ။
ဖြေ – အခုလက်ရှိ အခြေအနေမှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးက ၈၀ ရာခိုင်နှုန်းကနေ ၈၇ ရာခိုင်နှုန်းအထိ ထောက်ခံပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖေါ်ပြထားတဲ့အတိုင်းပဲ ၇၅ ရာခိုင်နှုန်း မကျော်တော့ တပ်က ထောက်ခံမဲမပေးဘူးဆိုရင် ပြင်မရဘူးဆိုတာကို လက်တွေ့ ခံစားနေရတာ။ ဒါ ရရှိနေတဲ့ အဖြေရဲ့အခြေအနေပဲ။
မေး – တချို့ကလည်း ဝေဖန်နေတာ ရှိပါတယ်။ ဒါ အန်ကယ်တို့လည်း သိပြီးသားဖြစ်မှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပေဒ မပြင်ခင်မှာ တပ်နဲ့ NLD နဲ့ ကြိုတင် ညှိနှိုင်းထားမှုတွေ မရှိတဲ့အခါကြတော့ ပြင်ဆင်ရေးက မအောင်မြင်တာလို့လည်း ပြောကြတယ်ခင်ဗျ။
ဖြေ – အန်ကယ်တို့ အနေအထားကတော့ ရှင်းရှင်းလေးပဲလေ။ အန်ကယ်တို့က လွှတ်တော် ကိုယ်စားလှယ်များရဲ့ အနေအထားနဲ့ NLD တင်မကပါဘူး။ တိုင်းရင်းသား ပါတီတွေနဲ့ အတူတူ ညှိနှိုင်းပြီးတဲ့အခါ တိုင်းရင်းသားပါတီတွေရဲ့ အနေအထားနဲ့ရော အားလုံးကို နားလည်မှုရယူပြီးတဲ့ အခါကျတော့ ဖြစ်သင့်ဖြစ်ထိုက် တဲ့ ဒီကာလမှာ ပြင်သင့်တယ်လို့ ယုံကြည်တယ်။
ပြင်သင့်တယ်လို့ ယူဆတဲ့ အခြေအနေမျိုးနဲ့ ဒီလိုပြင် သွားတဲ့အခါမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍလည်း အဆင့်လိုက် လျှော့ချသွားနိုင်ဖို့ဆိုတဲ့ အနေအထားမျိုးဟာ။ မူလကတည်းကိုက အားလုံး သိသာမြင်သာအောင် တင်ပြပြီးပြီပဲလေ။
ဒါနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ စပြီးတော့ ဖွဲ့စည်းကတည်းကိုက ဒီအချက်အလက်တွကို တင်ထားတယ်ဆိုတာ တစ်နှစ်နီးပါးတောင် ရှိပြီပဲ။
ပြင်သင့်ပြင်ထိုက်တဲ့ အခြေအနေတွေဟာ ဘာတွေရှိသလဲဆိုတာ တစ်နှစ်နီးပါးတောင် ရှိခဲ့ပြီးပြီဆိုလို့ရှိရင်။ တွေ့ဆုံညှိနှိုင်းမှု ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာ တကယ်တော့ တိုင်းပြည် အပေါ်မှာထားတဲ့ စေတနာနဲ့ ဆောင်ရွက်ချက်အပေါ်မှာ ဘယ်လောက် စိတ်ဝင်စားမှုထားသလဲ။ ဘယ်လောက် စေတနာအမှန်ရှိသလဲ။ မရှိဘူးလည်း ဆိုတဲ့အပေါ်မှာပဲ မူတည်မှာပဲလေ။
မေး – တချို့ကလည်း ပြောတယ်ပေါ့။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ရွေးကောက်ပွဲနီးမှ အချိန်ကိုက်လုပ်တယ်ဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မဲဆွယ်တဲ့ သဘောမျိုးများ ဖြစ်မလားဆိုပြီး ဝေဖန်တာတွေရှိတယ်ခင်ဗျ။
ဖြေ – တကယ်တမ်းကြတော့ တို့တွေရဲ့အနေအထားမျိုးက ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုတာ ဒါနဲ့တင် မဲဆွယ်စည်းရုံးနေစရာ အကြောင်း ရှိကိုမရှိဘူး။ ရွေးကောက်ပွဲရဲ့ အောင်နိုင်ရေးဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံတာနဲ့ ပြည်သူလူထုရဲ့ အနာဂတ်နိုင်ငံတော်ကို ဘယ်လို တည်ဆောက်ကြမလဲ။ ဘယ်လို ဖေါ်ဆောင်ကြမလဲဆိုတဲ့ နောက်ခံသမိုင်းကြောင်း အစဉ်အလာနဲ့ လာတဲ့ NLD အနေနဲ့။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ကို ဒါ( ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး )အပေါ်မှာ ခုတုံးလုပ်ပြီး အကြံအဖန် လုပ်စရာအကြောင်း ရှိကိုမရှိဘူး။
နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စကလည်း နဂိုကတည်းကိုက NLD ရဲ့ အခြေခံမူထဲမှာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဆိုတာ ပါပြီးသားပဲ။ ဒီအပေါ်မှာ မူတည်ပြီးတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးလောက်ဆိုတဲ့ အင်မတန်ကျဉ်းမြောင်းတဲ့ အမြင်နဲ့ လုပ်တာမဟုတ်ဘူး။
အခုတင်ပြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြင်ဆင်သင့် ပြင်ဆင်ထိုက်ပါတယ်ဆိုတဲ့ အချက်အလက်တွေကို စိစစ်ပြီးတော့ ရွေးချယ်ပြီးသွားတဲ့ အခါမှာလည်းပဲ လေ့လာနေတဲ့သူတွေ အားလုံးသိပါတယ်။ အခြား တိုင်းရင်းသားပါတီတွေ အပါအ၀င် တကယ်ရှိနေတဲ့ ပါတီတွေဟာ ဘယ်လောက် အထိတောင်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုလားသလဲဆိုတာဟာ ပါတီ အသီးသီးကနေပြီးတော့ တင်ပြတဲ့ တင်ပြချက်တွေ အကုန်လုံးကို ဖတ်ကြည့်လိုက်ရင် သိတယ်။ ဘယ်လောက်အထိတောင် ပြင်ဆင်ချင်ကြလဲ။ ဘယ်လောက် အတိုင်းအတာအထိ ပြင်ဆင်မှုတွေ ရှိတယ်ဆိုတာ ဖေါ်ထုတ်ခဲ့ပြီးပြီဆိုတာ သမိုင်းမှတ်တိုင်မှာ တင်ခဲ့ပြီးပြီ။ ဒါပေမယ့် NLD အနေနဲ့ စိစစ်ပြီးတော့ တင်တဲ့အခါမှာ အဲဒီထဲက အများကြီးထဲကနေပြီးတော့ ဒီကာလမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖြစ်နိုင်လောက်တဲ့။ ဖြစ်သင့်တဲ့ အနေအထားမျိုးပေါ်မှာ မူတည်ပြီးတော့ စိစစ်ရွေးချယ်ပြီး တင်ပြပေးတာပဲ။ အဲလို တင်ပြပေးတဲ့အတွက်ကြောင့်မို့လို့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း အပေါ်မှာ မူတည်ပြီးတော့ လာမယ့် ရွေးကောက်ပွဲအတွက် ဘယ်လိုနည်းနဲ့မှ ဆက်စပ်ပြီးတော့ ရွေးကောက်ပွဲ အတွက် ဘာမှ စွပ်စွဲစရာကြောင်းကို မရှိဘူး။
မေး – ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူတွေလည်း တော်တော်စိတ်ဝင်စားတာကို တွေ့ရတယ်။ အထူးသဖြင့် လွှတ်တော် Channel တွေဆိုရင် အခုရက်ပိုင်း အတောအတွင်းမှာ စောင့်ကြည့်တာကို တွေ့နေရတယ်။ အခုလို လူထုစိတ်ဝင်စားမှု အပေါ်မှာရော ဘာများပြောချင်လဲ ခင်ဗျ။
ဖြေ – ပြည်သူလူထု ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်တဲ့အရာကို ဘယ်လောက် အထိ ပြင်ဆင်ချင်ကြတယ်။ နောက် ပြည်သူလူထုကိုယ်တိုင်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပေါ်မှာ ဘယ်လောက်အထိ စိတ်ဝင်စားတယ်ဆိုတဲ့ ပေါ်ပေါက်နေတဲ့ ပုံရိပ်တွေကို ကြည့်မယ်ဆိုရင်။ ပြည်သူလူထုက ဘာတွေရှိသလဲ ဆိုတာ ကြည့်တဲ့လူတိုင်း။ မြင်တဲ့လူတိုင်း။ သတိရှိတဲ့ လူတိုင်းသိနိုင်တဲ့ အချက်ကို မမြင်ချင်ယောင် ဆောင်နေတာ။ မသိချင်ယောင် ဆောင်နေတာမျိုး ဆိုရင်တော့ မတတ်နိုင်ဘူး။
မြင်တဲ့ သိတဲ့လူတိုင်းက ပြည်သူလူထု ကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဘယ်လောက်အထိ လိုလားသလဲဆိုတာ အားလုံးသိနိုင်တဲ့ အခြေအနေပဲလေ။
မေး – ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ မဲခွဲဆုံးဖြတ်တာလည်း ခရီးတစ်ဝက်လောက်တော့ ရောက်ပြီပေါ့။ အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီသက်တမ်းမှာ လုံးဝပြင်ဆင်လို့မရတဲ့ အနေအထားမျိုး အကျပ်အတည်းမျိုး တစ်ခုတွေ့မယ်ဆိုရင် အန်ကယ်တို့ အနေနဲ့ ဘယ်လိုမျိုး ရှေ့ဆက် ဆောင်ရွက်ဖို့ အခြေအနေမျိုးရှိ မလဲခင်ဗျ။
ဖြေ – အဲဒါ ပြောစရာအကြောင်းမှ မရှိတာ။
မေး – တချို့ကလည်း ပြောတယ်ပေါ့။ လက်ရှိမှာ ၄၃၆ ကို ကျော်လွှားနိုင်ခြင်း မရှိဘူးဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်လို့မရဘူးဆိုတာ အားလုံးက သဘောပေါက်သွားကြပြီပေါ့။ အဲဒီတော့ တခြားနည်းလမ်း တစ်ခုနဲ့ ဘယ်လိုမျိုး ဆောင်ရွက်မလဲဆိုတာကို ကြိုတင် စဉ်းစားဖို့ လိုပြီဆိုပြီး သုံးသပ်တာလည်း ရှိတယ် ခင်ဗျ။ ဒီအပေါ်မှာရော ဘာများ မှတ်ချက် ပေးချင်ပါသလဲ။
ဖြေ – အဲဒီပြောတဲ့ တချို့ကို မေးကြည့်လိုက်ပေါ့လေ။
အောင်ရဲနောင်
ref:The Ladies News