ရုပ်ရှင်ရုံများ ပိတ်မည့်/မပိတ်မည့် ကိစ္စနှင့်ပတ်သက်၍ “ပြည်ထောင်စု အစိုးရက ပြောကြားထားခြင်းကိုလိုက်မလုပ်၍မရ”ဟု ရန်ကုန်လူမှုရေးဝန်ကြီး ပြော

လူစုလူဝေးဖြစ်ပေါ်ရာနေရာ တစ်ခုဖြစ်သည့် ရုပ်ရှင်ရုံများအားပိတ်သိမ်းရန် အစီအစဉ်ရှိမရှိနှင့်ပတ်သက်ပြီး The Ladies News က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းကို ယနေ့ (မတ် ၁၄)နံနက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပြည်ထောင်စုအစိုးရက ပြောဆိုခြင်းကို လိုက်မလုပ်၍ မရဟု ၄င်းက ပြောကြားသည်။

ဦးနိုင်ငံလင်းက ” ရန်ကုန်တိုင်းအစိုးရရဲ့သဘောထား မေးလို့ ကျွန်တော်ကတော့ အကုန်ဖြေလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မနေ့ကတော့ အစည်းအ ဝေးလုပ်တယ်။ရုပ်ရှင်ရုံနဲ့ ပတ်သက်လို့ဝန်ကြီးချုပ်ကြီးက ဘာမှ ညွှန်ကြားသွားတာမရှိဘူး။ ဒါပေမယ့် Understood ဖြစ်ရမယ့်ကိစ္စကလေ။ ပြည်ထောင်စုက ပြောပြီဆိုရင် ကျွန်တော်တို့ လိုက်မလုပ်လို့မရဘူးဆိုတာကို Understood ဖြစ်ဖို့လိုတယ်”ဟု ဆိုသည်။

နိုင်ငံတ်ာသမ္မတရုံး၏ မတ် ၁၃ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူသို့ ပန်ကြားချက်ထဲတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID 19)သည် လူစုလူဝေး များပြားရာနေရာများတွင်လျှင်မြန်စွာကူးစက်နိုင်သည့်အတွက် ပြည် သူလူထုအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပသောအခမ်း အနားများ၊ ပွဲလမ်းသဘင်များ (မြန်မာရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီးကျင်းပခြင်း အပါအ၀င်) မပြုလုပ်ကြရန် ဖေါ်ပြထားသည်။

နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်မူ အစိုးရပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ရုပ်ရှင်ရုံကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့်ဝန်ကြီးဌာနကို လမ်းညွှန် ထားသည်ဟု ပြောကြားထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးအောင် လှထွန်းကို ယနေ့ မတ် ၁၄ မွန်းလွဲပိုင်းတွင် The Ladies News က ဆက်သွယ်မေးမြန်းခဲ့ရာတွင်” မေးတာ ကျေးဇူးတင်ပါတယ်။ ဒီနေ့ အများကြီးမေးကြပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီကိစ္စပြောရေးဆိုခွင့် ရှိသူ မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်အဓိကညွှန်ကြားချင်တာကတော့ နိုင်ငံတော်သမ္မတကြီးရုံးကထုတ်ပြန် ချက်ကိုကြည့်ပါ။ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန် ချက်ကိုကြည့်ပါ”ဟု The Ladies သို့ လမ်းညွှန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခွင့်ရှိ/ခွင့်ပြုထားသည့်ပွဲမိန့်များကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် ဝေဘာဂီဆေးရုံတွင်သာမက ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် သီးသန့်ခန်းများကို ပြင်ဆင်ထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးက ပြောကြားထားသည်။

အောင်ရဲနောင်
ref:The Ladies News