ရန်ကုန်တိုင်း အတွင်းရှိ KTV နှင့် နိုက်ကလပ် များအား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီလကုန်အထိ ပိတ်သိမ်းထားရန် ညွှန်ကြား

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်း အတွင်းရှိ KTVနှင့် နိုက်ကလပ် များ ဧပြီလကုန် အထိ ပိတ် သိမ်းရန် ညွှန် ကြားထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။“လူစုလူဝေးများပြားတဲ့ ပွဲတွေကို လက်လှမ်းမီသလောက် ရွှေ့ဆိုင်းဖို့လုပ်နေတယ်။ နိုက်ကလပ် နဲ့ ကေတီဗွီ ဆိုင်တွေ နဲ့ ပတ်သက်ပြီး ဒီနေ့ ညွှန်ကြားချက် ထုတ်လိုက်ပြီ။ ခရိုင်တွေကို ညွှန်ကြားထားတယ်။ ဧပြီ ၃၀ ရက်အထိ ပိတ်ခိုင်းလိုက်ပြီ။ ကျွန်တော် တို့ ရန်ကုန် တိုင်းအတွင်းက ဆိုင်တွေကိုပိတ်ခိုင်းတာ ဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ရွှေတိဂုံစေတီ အပါအဝင် တန်ခိုးကြီးဘုရားများနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ကျန်းမာရေးစ စ် ဆေးမှု များ ကို ထပ်မံ တင်းကျပ် မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားထားသည်။ထို့ပြင် ရွှေတိဂုံစေတီတော် အပါအဝင် လူအဝင်အထွက် များသည့် ဘုရားများ၌ ကျန်းမာရေးအသိပေးခြင်းများ၊ အပူတိုင်းခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည် ။

“ရွှေတိဂုံဘုရား နဲ့ တန်ခိုးကြီး ဘုရားတွေ မှာ လူအဝင် အထွက် များတဲ့ ဘုရားတွေ မှာ ဆောင် ရွက်ဖို့ရှိတယ်။ အဓိကကတော့ ရွှေတိဂုံဘုရား မုခ်လေးမုခ်မှာ Scanner နဲ့စစ် မယ်။ ပြီးလို့ရှိရင် လက်ကမ်းကြော်ငြာတွေ ဝေမယ်။ Hand Speaker နဲ့ သရုပ်ဆောင်တွေ ပြောထားတဲ့ စကားလုံးတွေ၊ ဆောင်ရန် ရှောင်ရန် ပြည်သူလူထုကို ပြောမယ်။ လက်ဆေးတဲ့ ဆပ်ပြာတွေ ဆောင်ရွက်ပေးမယ်။ အဓိကလုပ်တာကတော့ တစ်ကိုယ်ရည် ကျန်းမာရေးကို ဂရုစိုက်ဖို့ ဖြစ်ပါ တယ် ” ဟု ဝန်ကြီး ဦးနိုင်ငံလင်း က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို မတ် ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီး များ၊ ဌာနဆိုင်ရာ အကြီးအကဲများက COVID-19 ရောဂါ ကြိုတင်ကာကွယ်‌ရေးနှင့် ထိန်းချုပ်ရေးတို့အတွက် စီမံထားရှိမှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

မတ် ၁၃ ရက်တွင် နိုင်ငံတော်သမ္မတရုံး က COVID-19 နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်တွင် သင်္ကြန်ကဲ့သို့ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနား ပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားရန်နှင့် လိုအပ်ပါက ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်သွားမည်ဟု ဖော်ပြထားပြီး ပြည်သူလူထု အနေဖြင့် မမှန်သတင်းများကို မယုံကြည်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များကို တိတိကျကျလိုက်နာရန် တိုက် တွန်း ကြောင်း ဖော်ပြထားသည်။ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်း မတ် ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

crd:Eleven media