ဧရာဝတီ တိုင်းဒေသကြီးအစိုးရက သင်္ကြန်ကျင်းပရေး ဘတ်ဂျက် သိန်း (၁၀၀၀) ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပြောင်းလဲသုံးစွဲရန်  စီစဉ်

ဧရာဝတီတိုင်း ဒေသကြီး မြို့နယ် အားလုံးတွင် မဟာသင်္ကြန် ကျင်းပရေး အတွက် အသုံးပြု ရန် ခွင့်ပြု ပြီးဖြစ်သည့် ဘတ် ဂျက် ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ကို Covid-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုခွင့် ရရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

Covid-19 ရောဂါ ကမ္ဘာတစ်ဝန်း ကူး စက်နေမှုကြောင့် ဧရာဝတီ တိုင်း မဟာသင်္ကြန်ကျင်းပရေးကော် မတီကို ပြီးခဲ့သော မတ်လအတွင်း ဖျက်သိမ်းလိုက်ခြင်း၊ လက်ရှိအခြေအနေတွင် ပြည်ပမှပြန် လာသော မိမိနိုင်ငံသားများအား စောင့်ကြည့်ရေးလုပ်ငန်းနှင့် ကာကွယ်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ လိုအပ်ချက် အခက် အခဲဖြစ်နေခြင်းတို့ကြောင့် ပြည်ထောင်စုအဆင့် ခွင့်ပြုချက်ရရှိရန် ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့က စီစဉ်နေကြောင်း တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ဦးကျော်မြင့်က The Voice သို့ ပြောသည်။

“ခွင့်ပြုပြီး ဘတ် ဂျက်ငွေတွေကို ခွင့်ပြုတဲ့လုပ်ငန်းတွေမှာသာ အသုံးပြုရမှာဖြစ်တဲ့အတွက် ခေါင်းစဉ်ပြောင်းသုံးလို့ မရပါဘူး။ တိုင်းအစိုးရအနေနဲ့ကလည်း Covid-19 စောင့်ကြည့်ရေး လုပ်ငန်းများနဲ့ ရောဂါကာကွယ်ရေး ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ သုံးဖို့ရည်ရွယ်တဲ့အတွက် ပြည်ထောင်စုအဆင့်ထံကို ခေါင်းစဉ်ပြောင်းလဲသုံးစွဲခွင့် ရဖို့ကို တင်ပြစီစဉ်သွားမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိရောဂါကာကွယ်ရေး အတွက် အိမ်မဲမြို့နယ်တွင် မတ် ၂၄ ရက်ကနေ စတင်၍ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံများဖြင့် ပူးပေါင်းလုပ် ဆောင်ကြကြောင်း၊ မြို့ခံစေတနာရှင်များ ဝိုင်းဝန်းလှူဒါန်းငွေ သိန်း ၁၃၀ကျော် ရရှိထားကြောင်း၊ Covid-19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသံးပြုသည့် PPE ဝတ်စုံနှင့် ကျန်းမာရေးပစ္စည်းများ ဝယ်ရခြင်းကြောင့် အသင့်ထားရှိရန်ပုံငွေအတွက် လိုအပ်နိုင်ကြောင်း အိမ်မဲမြို့နယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက ပြောသည်။

“မြို့နယ်တိုင်း မှာ အနည်းနဲ့အများ ရန်ပုံငွေလိုအပ်ချက်ရှိနိုင်ပါတယ်၊ ခုက နာဂစ်တုန်းကလို နေရအချို့သာ ကယ်ဆယ်ရေးလုပ်ခဲ့ရတာမဟုတ်တော့ နာဂစ်အခြေအနေ ထက် ဒီအခြေအနေက ပိုပြီးကျယ်ပြန့်ပါတယ်။ အစိုရအဖွဲ့ဝင် ဝန်ကြီးတွေက လွှတ်တော်ကိုယ်စားလှယ်တွေဆီကို သင်္ကြန်ဘတ်ဂျက် အသုံးပြုနိုင်ရေး အတွက် အကြောင်းကြားထားပါတယ်၊ ဘယ်တော့ စတင်အသုံးပြုခွင့်ရမယ်ဆိုတာတော့ စာထွက်မှသိရမှာ”ဟု ၎င်းက ဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ပုသိမ်မြို့နှင့် နယ်မြို့များတွင် နှစ်စဉ်စည်ကားစွာ ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော် ကျင်းပရန် အစီအစဉ်ကို ဧပြီလကုန် အထိ လူစုလူဝေးဖြင့် အခမ်းအနားပွဲလမ်းသဘင်များ မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ယခုနှစ်အတွက် ဖွဲ့စည်းထား သည့် ဧရာဝတီတိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီကို မတ် ၁၈ ရက်က ရပ်ဆိုင်းခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရရုံးထံ မှ သိရသည်။

crd:The voice