Covid -19 နှင့်ပတ်သက်ပြီး တည်းခိုခန်းအား စစ်ဆေးခဲ့သည့် ရာအိမ်မှူးရဲ့ နေအိမ်ပေါ် လူ (၃၀) ခန့်က ဓားဖြင့် တက်ခုတ်၊ တစ်ဦးသေဆုံး

ကြို့ပင်ကောက်မြို့နယ်၌ Covid- 19 နှင့် ပတ်သက်၍ တည်းခိုခန်းသို့ အသိပေးသွားရောက်ကာ စစ်ဆေးခဲ့သည့် ရာအိမ်မှူးရဲ့ နေအိမ်သို့ လူ (၃၀) ခန့် ဝင်ရောက်ကာ ဓါးဖြင့် ဝိုင်းဝန်း ခုတ်သဖြင့် ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ဧပြီ ၄ ရက် ညနေပိုင်းတွင် ကြို့ပင်ကောက်မြို့ရှိ တည်းခိုခန်းမန်နေဂျာ အမျိုးသားတစ်ဦး၌ Covid -19 သံသယရှိကြောင်း သတင်းအရ ရပ်ကွက်တာဝန်ရှိသူများပါဝင်သည့်ပူးပေါင်း အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရာအိမ်မှူးအား မကျေနပ်သဖြင့် လူ ၃၀ ခန့်က နေအိမ်ပေါ် တက်ကာ ဓါးဖြင့်ခုတ်သဖြင့် နှစ်ဦး ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

” ရာအိမ်မှူး ဦးမောင်မောင်မြင့်(ခ)ဦးဘာဘူလေး နေအိမ်ကိုတက်ပြီး လူ အယောက် ၃၀ ခန့်က ဓါးနဲ့ တက်ခုတ်တာ မှန်ပါတယ်။ ဦးဘာဘူလေးနဲ့ သူမိသားစုက ဘာမှမဖြစ်ဘူး။ သူ့အိမ်ကို ဈေးရောင်းဖို့ ရောက်နေတဲ့ သူရဲ့ တူ ၂ ယောက်နဲ့ အဒေါ်ကတော့ ဓားဒဏ်ရာ ရခဲ့တယ်။ နေအိမ်ပေါ်ကို တက်ပြီး ဓါးနဲ့ခုတ်တဲ့ သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးဆောင် ရွက်နေဆဲ ဖြစ်ပါတယ် ” ဟု ကြို့ပင်ကောက် အမှတ် ၁ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက ပြောသည်။

ဓားဒဏ်ရာ အပြင်းအထန်ရရှိသူ ဦးဘာဘူလေး၏ တူ နှစ်ဦး အနက် တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရကြောင်း၊ ထို့ပြင် အသက် ၆၀ အရွယ်ခန့် အမျိုးသမီးကြီးတစ်ဦး၌ ဦးခေါင်းတွင် ဓားဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသခံယူခဲ့ရပြီး ဦးမောင်မောင်မြင့်(ခ) ဦးဘာဘူလေး မိသားစုမှာ လွတ်မြောက်သွားခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် သတင်းများအရ ဧပြီ ၄ ရက် ညနေပိုင်းတွင် ကြို့ပင်ကောက် အနောက်မြောက် ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၏ မန်နေဂျာအမျိုးသားတွင် ကိုယ်ပူ ချောင်းဆိုး ဝေဒနာခံစားရပြီး ဆေးဆိုင်တွင် ဆေးဝယ်ရာမှ covid-19 သံသယရှိကြောင်း မေးမြန်းခဲ့သည့်အပေါ် မကျေနပ်ကာ ဓါးဖြင့်ဝင်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” တည်းခိုခန်းမှာ လူဝင်လူထွက်များလို့ Covid- 19 ရောဂါမပြန့်ပွားဖို့ သွားရောက်ပြောဆိုခဲ့တာလို့ သိရတယ်။ အဲလို့သွားစစ်တဲ့ အပေါ်မှာ မကျေနပ်ဘူးလို့ သိရတယ်။ ဧပြီ ၅ ရက် ညပိုင်းမှ ရာအိမ်မှူး နေအိမ်ခြံတံခါးဝကို အုပ်စုလိုက်ရောက်လာပြီး မနေ့က ကိစ္စတောင်းပန်ချင်တယ်လို့ ပြောတယ်။ လာတဲ့လူတွေက လက်တွေနောက်ပစ်ထားကြတယ်ပြောတယ်။ ခြံတံခါးကို တွန်းဖွင့်ဖို့ လုပ်နေတုန်း ရာအိမ်မှူးအိမ်မှာ ရောက်နေတဲ့ သူတူ နှစ်ယာက်က ဘာဖြစ်တာလဲလို့ ပြောရာကနေ အဲ့ဒီ နှစ်ယောက်ကို တရွတ်တိုက်ဆွဲပြီး ဓါးတွေနဲ့ ဝိုင်းထိုးခုတ်ကြတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းက ပြောသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အခင်းဖြစ်ရပ်သို့ ကြိုပင်ကောက်မြို့ အနောက်မြောက်ရပ်ကွက်နေ ဦးမောင်အေး (၄၉ နှစ်)နှင့် ရောင်ကြီး (စုံစမ်းဆဲ)၊ ကိုဖိုးဆောင်း ပါ လူ ၂၀ ခန့်က ဓါးများ ဖြင့်ဝင်ရောက်ခုတ်ခဲ့ကြောင်း၊ ၎င်းတို့ မိသားစု နေအိမ်မှထွက်ပြေးခဲ့စဉ် နေအိမ်တွင် ပန်းလာ ရောင်း သည့် ဒေါ်စန်းစန်းမော်(၅၈ နှစ်)၊ ၎င်း၏ သားဖြစ်သူ အောင်ကိုကိုဦး (၄၀ နှစ်)နှင့် အောင် ဇော်ဇော်(၂၆ နှစ်)တို့အား ဓါးများဖြင့် ဝိုင်းခုတ်ခဲ့ကြောင်း သိရသည်။

ဓါးခုတ်ခံရသူ ဒေါ်စန်းစန်းမော်တွင် ဦးခေါင်း ယာချိုစွန်ပေါက်ပြဲ၊ အောင်ကိုကိုဦးတွင် ဦးခေါင်းပြတ်ရှ၊ ယာလက်မပြတ်ရှ၊ လည်ပင်းပြတ်ရှ၊ နှဖူးပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး အောင်ဇော်ဇော်တွင် ဝဲလက် မောင်းပြတ်ရှ၊ နှဖူးဒဏ်ရာများရရှိကာ အောင်ဇော်ဇော်မှာ သေဆုံးခဲ့သည်။

အဆိုပါဖြစ်ပွားမှုအပေါ် ပြစ်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးနိုင်ရေး စစ်ဆေးနိုင်ရန်စုံစမ်းလျက်ရှိပြီး ကြို့ပင်ကောက်မြို့မရဲစခန်း( ပ) ၅၃၈ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/ ၁၁၄ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ref:The Myanmar Times