ကိုရိုနာဗိုင်းရပ်စစ် အတည်ပြု လူနာနံပါတ် (၂၄) နှင့် (၂၅) တို့၏ နေအိမ်များနှင့် အနီးကပ် ထိတွေ့ခဲ့သူ (၂၇)ဦးတို့ကို (Lock down) ချကာ တာဝန်ရှိသူများက စောင့်ကြည့်နေ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဧပြီ (၁၀) ရက်နေ့ နံနက် (၃) နာရီ ထုတ်ပြန်ချက်အရ (COVID-19) ရောဂါ ကူးစက်ခံထားရ သည့် လူနာ နံပါတ် (၂၄) နှင့် (၂၅) တို့ နေထိုင် ခဲ့သော မရမ်းကုန်း မြို့နယ်နှင့် ဗဟန်း မြို့နယ်တို့ရှိ နေအိမ် များနှင့် ၎င်းလူနာ များနှင့် အနီးကပ် ထိတွေ့ခဲ့သူ (၂၇) ဦးကို တာဝန် ရှိ သူများက (Lock down) ချကာ စောင့်ကြည့်နေ ကြောင်း သိရသည်။

(COVID-19) ရောဂါကူးစက် ခံထားရသော လူနာနံပါတ် (၂၄) နေထိုင်ခဲ့သည့် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ မင်္ဂလာလမ်းပေါ်ရှိ နှစ်ထပ်တိုက်နေအိမ်နှင့် အနီးကပ်ထိတွေ ခဲ့သူ့ကိုးဦးကို Lock down ချကာ စောင့်ကြည့်နေသည့်အပြင် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးအရာရှိက မြန်မာတိုင်းမ်ကို အတည်ပြုသည်။

“အဲ့ဒီ ကိုးယောက် ရဲ့ ကျန်းမာရေး အခြေအနေကို ကျွန်မတို့စောင့်ကြည့်နေပါတယ်။ လူနာက စရောက်ကတည်းက အခန်းတစ်ခန်းထဲမှာ သူ့ဘာသာ သူတည်းတာ။ ဧည့်သည်အနေနဲ့ပေါ့။ သူက စင်ကာပူမှာနေတဲ့ မြန်မာနိုင်ငံ သားဖြစ်ပါတယ်။ သူ့အလုပ်ကိစ္စတွေအတွက် လာတာပါ”ဟု မရမ်းကုန်မြို့နယ် ကျန်းမာရေးအရာရှိ (TMO) ဒေါက်တာ အေးမျိုးမျိုးက ပြောသည်။

အဆိုပါ လူနာမှာ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး စင်ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကာ မတ် ၁၉ ရက်နေ့တွင် စင်ကာပူ နိုင်ငံမှမြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ဧပြီ ၁ရက်နေ့တွင် ဖျားခြင်း၊မောပန်းခြင်းတို့ စတင်ခံစားလာခဲ့ရသည်။ ဧပြီ ၆ရက်နေ့တွင် လည်ချောင်း နာ ခြင်းနှင့် ချောင်းဆိုးခြင်း ဆက်လက်ဖြစ်ပွားခဲ့သဖြင့် ဧပြီ ၈ရက်၌ မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက် ပြသခဲ့ပြီး ထိုမှတစ်ဆင့် မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေစဉ် ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုရှိကြောင်း ဝန်ကြီးဌာနက အ တည်ပြု ခဲ့သူဖြစ်သည်။

ဗဟန်းမြို့ နယ်မှ တာဝန်ရှိသူများက လူနာနံပါတ် ၂၅ နေထိုင်ခဲ့သည့် ဗိုလ်ချို (၁)ရပ်ကွက်၊ ဝင်္ကပါလမ်းတွင် ရှိသော အခန်း ၁၂ ပါသည့်တိုက်ကို Lock down လုပ်ခြင်းနှ င့် အပြင်လူများ ဝင်ထွက်သွားလာမှုမရှိစေရန် ကန့်သတ်နေရာများပြုလုပ်ထားသည့်အပြင် လူနာနှင့်အတူ အနီးကပ်နေထိုင်သည့် မိသားစု ဝင် ခြောက် ဦးနှင့် လူနေထိုင်သည့် အခြားလေးခန်းမှ နေထိုင်သူများကိုပါ စောင့်ကြည့်နေကြောင်း သိရသည်။

“သူက တိုက် ခန်းမှာနေတာ ဆိုတော့ သူ့တိုက်ခန်းကို တက်တဲ့လှေကားရဲ့ ဘယ်ဘက်ခြောက်ခန်းနဲ့ ညာဘက် ခြောက်ခန်း၊ စုစုပေါင်း ၁၂ ခန်းစလုံးကို ကျွန်တော် တို့ lock down ချထားပါတယ်။ ဘာလို့လဲဆိုတော့ လှေကားကို အသုံးပြုတဲ့သူမှန်သမျှက ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ဆက်နွှယ်သူ ပုဂ္ဂိုလ် တွေဖြစ်နိုင်ပါတယ်” ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။

COVID-19 ကူးစက် ခံထားရသည့် လူနာနံပါတ် ၂၅မှာ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကျောက်မျက်ရတနာဆိုင် ပိုင်ရှင်ဖြစ်သည့်အပြင် သူသည် ဧပြီလ (၉)ရက်၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုမှု မခံယူမီ တစ်ပတ်အတွင်း ပြည်တွင်းရှိ ဒေသတစ်ခုကို သွားရောက်ခဲ့သောကြောင့် တာဝန် ရှိသူများက ယင်းဒေသတွင် contact tracing လုပ်နိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များကို အကြောင်းကြား ထားကြောင်းသိရသည်။

တာဝန်ရှိ သူများအနေဖြင့်လည်း ဗဟန်းမြို့နယ်ရှိ အဆိုပါလူနာနေထိုင်ရာ တိုက်အနီးပတ်ဝန်းကျင်နှင့် ဝင်္ကပါလမ်းကို ဆေးဖျန်း သွားမည်ဖြစ် သည်။ လှိုင်သာ ယာ မြို့နယ်မှ ကူးစက်ခံရသည့် အသက် ၅၆နှစ်အရွယ် အမျိုးသမီးနေထိုင်သည့် ပန်းလှိုင်အိမ်ရာမှ နေအိမ်ကိုလည်း တာဝန်ရှိသူများက Lock down ချထား ပြီး လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သည့်သူ ၁၂ ဦးကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

“အိမ်မှာ ထိတွေ့တဲ့ ကိုးဦးကိုတော့ အဲ့အိမ်မှာထားပြီးတော့ ဘယ်မှအပြင်မထွက်ရဘူး။ သူတို့ရဲ့စားဝတ်နေရေး ကိစ္စရပ်တွေကို ကျွန်တော်တို့ အုပ်ချုပ် ရေး ဘက် က တာဝန်ယူပေးဖို့ဆိုပြီးတော့ ဆောင်ရွက်ခဲ့တယ်။ မြို့နယ် ကျန်းမာရေးဦးစီးမှူးကလည်း သူတို့ကို ဒီအိမ်မှာပဲနေဖို့၊ ဘယ်မှာမသွားဖို့ ရှင်းပြ ပြီးဖြစ် ပါတယ်။ သူတို့ယာဉ်မောင်းတွေကျတော့ သူတို့သက်ဆိုင်ရာ ရပ်ကွက်တွေမှာ Home quarantine လုပ်ဖို့စီစဉ်ထားပါတယ်။ သူ တို့မိသားစုတွေ အိမ်ပြင် မထွက်ဘဲစောင့်ကြည့်ဖို့သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ စီစဉ်ဆောင်ရွက်ထားတယ်”ဟု လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်(၂)မှ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဆိုသည်။

အဆို ပါ အမျိုးသမီးလူနာမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော ၁၄ရက်အတွင်း သွားလာခဲ့သည့် ခရီးသွားရာဇဝင် မရှိသော်လည်း ဧပြီ ၁ ရက်မှစတင်ကာ ဖျားခြင်း၊ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့ခံစားလာရသောကြောင့် မတ် ၈ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသမှုခံနေစဉ် ဓာတ်ခွဲနမူနာ ပို့၍စစ်ဆေးရာမှ COVID-19 ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။မတ် ၁၀ ရက် မနက် ၃နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံထားရသည့် ဓာတ်ခွဲအတည်ပြုလူနာ ၂၇ ဦးရှိခဲ့ပြီး ယင်းလူနာများအနက် သုံးဦးမှာ သေဆုံးမှုရှိခဲ့သည်။

crd:The myanmar Time