မန္တလေးကျုံးဘေးတွင် အမျိုးသား(၁)ဦးအား လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူ (၁)ဦးအပါအဝင် လူ(၂)ဦးက  ရိုက်နှက်ပြီး ဖုန်းနှင့် ဆိုင်ကယ်အား လုယူမှု  ဖြစ်ပွား

နိုင်ငံတော် သမ္မတ ၏ လွတ်ငြိမ်းချမ်း သာဖြင့် လွတ်မြောက် လာသူ (၁)ဦး အပါအဝင် လူ(၂)ဦးက အမျိုးသား (၁)ဦးအား ရိုက်နှက်ပြီး ဆိုင်ကယ်နှင့် ဖုန်း လုယူ မှု မန္တလေး ကျုံးဘေး တွင် ဧပြီလ (၁၉) ရက် ညက ဖြစ်ပွားခဲ့ရာ ကျူးလွန် သူများကို ချက်ချင်း ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရပြီး နှစ်ဆန်းတစ်ရက်နေ့က လွတ် ငြိမ်းချမ်းသာဖြင့် လွတ်လာသည့် အမျိုးသား တစ်ဦးနှင့် သင်္ကြန်အကြိုနေ့က လွတ်ရက်စေ့၍ လွတ်လာသည့် အမျိုးသားတစ်ဦးတို့မှ ကျူးလွန် ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ် မှာ ဧပြီလ (၁၉) ရက်နေ့ ည (၉) နာရီ‌ (၅ဝ) မိနစ်ခန့်က ကိုနိုင်နိုင်ဝင်း‌ မောင်းနှင် လာသည့် ဆိုင်ကယ်မှာ (၂၆) ဘီလမ်း (ကျုံးတောင်ဘက်=) ၊ ၇၀ လမ်းနှင့် ၇၁ လမ်း ကြားအ ရောက် အမျိုးသား(၂)ဦး စီးလာသော ဆိုင်ကယ်(၁)စီးသည် အနားကပ်လာပြီး ကိုနိုင်နိုင်ဝင်း ကို တုတ်ဖြင့်ရိုက်ကာ iPhone 6s၊ ပိုက်ဆံအိတ်နှင့် စကိုဖီ ဆိုင်ကယ်တို့အား လုယူသွားကြောင်း သိရသည်။

“ကျူးလွန် သူ(၁)ဦးက ၂၀၂၃ မှာလွတ်မှာကို လွတ်ငြိမ်းနဲ့ နှစ်ဆန်းတစ်ရက်နေ့က ပြန်လွတ်လာသူရယ် သင်္ကြန်အကြိုနေ့မှာ လွတ်လာတဲ့ သူတို့ နှစ်ဦးပါ။ နောက်စေ့ကိုရိုက်ပြီး လုသွားတာ ကံကောင်းလို့ မသေတာ။ အခုတော့ ဆေးရုံမှာပါ။ ဆေးမှုနဲ့ ကျလာသူဆိုတော့ ဆေးအ တွက် လုပ်ကြပုံပဲ။ ဖြစ်ဖြစ်ချင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ရှာဖွေခဲ့တာမှာ မိပေမယ့် ဝန်မခံဘူး။ နောက်ရက်မှ ဝန်ခံတာ။ ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေဆီ အကြောင်းကြားထားပြီး ချက်ချင်းသတင်းပို့ထား နိုင်တဲ့အတွက် ညတွင်းချင်း ဖမ်းမိခဲ့ပါတယ်” ဟု မန္တလေး တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝင်းကျော်ဦးက ဆိုသည်။ဧပြီလ ၂၀ ရက်နေ့ နံနက်တွင် အမရပူရမြို့နယ်၊ မိုးကောင်းကျေးရွာတွင် နှစ်ဦးစလုံး အား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ကျူးလွန်ခဲ့သူ နှစ်ဦးအား အမှတ် (၃) နယ်မြေရဲစခန်းတွင် (ပ)၁၆၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

crd:Eleven media