မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် တက်နေသည့် အသက် ၈၀ အရွယ် COVID-19 လူနာ နံပါတ် ၁၃၂ သည် Negative အဖြေ နှစ်ကြိမ်ထွက်ရှိ

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် တက်ရောက်နေသည့် မတ္တရာမြို့နယ်မှ အသက် ၈၀ အရွယ် COVID-19 လူနာ နံပါတ် ၁၃၂ သည် Negative နှစ်ကြိမ်ထွက်ရှိပြီ ဖြစ်သောကြောင့် Facility Quaratine အဖြစ်သာ နေထိုင်ရမည် ဖြစ်ကြောင်း ကန်တော်နဒီဆေးရုံမှ သတင်းရရှိသည်။

“မတ္တရာက လူနာအမှတ် ၁၃၂ က မနေ့ည (မေလ ၅ ရက်) ကပဲ ဒုတိယအကြိမ် Negative ထွက်သွားတယ်။ ဆိုတော့ သတ်မှတ်တဲ့ Negative နှစ်ကြိမ်ရလဒ် ရပြီမို့ ဆေးရုံကဆင်းပြီး Facility Quarantine ထပ်နေရမှာပေါ့။ ဒါပေမယ့် သူတို့ရဲ့ တောင်းဆိုချက်အရ ကန်တော်နဒီ ဆေးရုံမှာကလည်း အခန်းတွေ လွတ်နေတော့ ဆေးရုံမှာပဲ Facility Quarantine နေပါမယ်။ လူနာအမှတ် ၈၂ ကတော့ ခုချိန်ထိ Positive ပဲရှိသေးတော့ ဆက်နေရမယ်။ Positive ရလဒ်ထွက်ရင် ငါးရက်တစ်ကြိမ်စစ်ပေမယ့် Negative ထွက်တဲ့ခါ နှစ်ရက်တစ်ခါ ထပ်စစ်ရပါတယ်။ နှစ်ယောက်လုံး ကျန်းမာရေးရလဒ် အကုန်ကောင်းမွန်ပါတယ်” ဟု ကန်တော်နဒီ‌ဆေးရုံ တာဝန်ခံ ဒေါက်တာခင်ကျော်က ပြောကြားခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် နေထိုင်သည့် လူနာအမှတ် ၈၂ နှင့် မတ္တရာမြို့နယ်တွင် နေထိုင်သည့် အမှတ် ၁၃၂ လူနာနှစ်ဦးသည် ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလက်ရှိရာ ကျန်းမာ၍ ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်သည့် ချမ်းမြသာစည်မြို့နယ် အတွင်းမှ လူနာအမှတ် ၄ အပါဝင် စုစုပေါင်း ပိုးတွေ့လူနာ သုံးဦးရှိကြောင်း၊ စောင့်ကြည့်လူနာအဖြစ် ဆေးရုံတက်ရောက်ကုသမှု စာရင်းအရ မန္တလေးမြို့ပေါ်ရှိ ကန်တော်နဒီဆေးရုံ အပါအဝင် ဆေးရုံကြီး ၆ ခုနှင့် တိုင်းဒေသကြီးအတွင်း တိုက်နယ်ဆေးရုံများတွင် မေ ၅ ရက်အထိ စုစုပေါင်း လူနာ ၅၇၇ ဦးရှိခဲ့ပြီး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းသူ ၄၅၉ ဦးရှိခဲ့ကာ ဆေးရုံများတွင် ကုသမှု ခံယူဆဲလူနာ ၅၀ ကျော်ရှိကြောင်း COVID-19 နှင့်ပတ်သက်၍ တိုင်းဒေသကြီး သတင်းမှန်ပြန်ကြားရေး လုပ်ငန်းကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။

ref:Eleven Media