မြောက် ကိုရီးယား ပြုံယမ်း ကို အမေ ရိကန် သိမ်း နိုင်ခဲ့ ဖူးတယ်..( ကိုရီးယားစစ်ပွဲ နဲ့ပတ်သက်လို့ လူတကာ သိချင်မှသိကြမယ့် အချက်များ )

လွန် ခဲ့ တဲ့နှစ် ၇၀ က ဒီလိုရက် သတ္တပတ်ထဲ မှာ မြောက်ကိုရီးယား စစ်သား ၁၃၅၀၀၀ က တောင်ကိုရီးယား ကို ကျူးကျော်ခဲ့ခြင်း နဲ့ သန်းချီတဲ့ လူ့အသက်တွေ ဆုံးရှုံးစေခဲ့ ရသလို ဒီနေ့ အထိ ဒဏ်ရာဒဏ်ချက်တွေ ကျန်ရစ် ခဲ့တဲ့ စစ်ပွဲတစ်ပွဲ အစပြုခဲ့ ပါ တယ် ။ပိုမိုကြီး မားပြီး ငါးနှစ်စောပြီး ဆုံးသွားတဲ့ ဒုတိယ ကမ္ဘာစစ်ကြီး ရဲ့ အရိပ် လွှမ်းမိုးနေခြင်း ကို ကိုရီးယားစစ်ပွဲဟာ အမြဲခံခဲ့ ရပါ တယ် ။ အမေရိကန် ၃၆၀၀၀ ကျော် အသက်ပေး ခဲ့ရ တာတောင် မှ ကိုရီးယားစစ်ပွဲ ကို အမေရိကန် စစ်တပ် က မေ့ဖျောက်ခံရတဲ့ စစ်ပွဲ လို့ ရည်ညွန်း ပါ တယ် ။အဲဒီစစ်ပွဲ မှာ ကုလသမဂ္ဂ ကွပ်ကဲမှုအောက်က တောင်ကိုရီးယား ကို ကူညီဖို့ အမေရိကန် အပါအ၀င် နိုင်ငံ ၁၆ နိုင်ငံက တိုက်ခိုက်ရေး တပ်ဖွဲ့တွေ စေလွှတ်ခဲ့ ပါတယ်။ တရုတ်တပ် တွေကတော့ မြောက်ကိုရီးယား ဘက်ခြမ်းကနေ ၀င်ရောက်စွက်ဖက် ခဲ့ပါတယ် ။တောင်နဲ့မြောက်ကိုရီးယားတွေ ကို ပိုင်းခြားထားတဲ့ ၃၈ မျဉ်းပြိုင် ကို ၁၉၅၀ ဇွန်လ ၂၅ ရက်မှာ မြောက်ကိုရီးယားတပ်တွေ တရှိန်ထိုး ၀င်ရောက်ခြင်းနဲ့ စစ်စဖြစ်ခဲ့ပါတယ်။ယာယီ အပစ်ရပ် ဖို့ ၁၉၅၃ ဇူလိုင် ၂၇ မှာ သဘောတူလက်မှတ်ထိုးခဲ့ကြပြီး စစ်ပြေ ငြိမ်းရေးစာချုပ် ကိုတော့ မချုပ်ဆိုခဲ့ကြလို့ စစ်ပွဲဟာ တရားဝင် အားဖြင့် ဘယ်တုန်းကမှ အဆုံးမသတ်ခဲ့ဘူး ဆိုနိုင် ပါတယ်။၂၀၁၈ ခုနှစ်က တစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲ အတွင်း တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ဟာ ကိုရီးယားစစ်ပွဲကို တရားဝင်အဆုံးသတ်ဖို့ နဲ့ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဖို့ ညှိနှိုင်းဖို့ ကတိပြုခဲ့ကြပါတယ်။

အခုတော့ အမေရိကန်ပြည်မကို ခြိမ်းခြောက်နိုင်တဲ့ နျူကလီးယားလက်နက် စီမံကိန်း ကို လက်လျှော့ပြီး ပဋိပက္ခကို တရားဝင်အဆုံးသတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ကြိုးပမ်းမှုတွေလိုပဲ တောင်နဲ့မြောက် စစ်ပြေငြိမ်းရေးလုပ် ဖို့ ကတိတွေလည်း ပြိုပျက်သွားခဲ့ရပါပြီ။ထရမ့်ဟာ ကင်ဂျုံအန်နဲ့ သုံးကြိမ်တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာတော့ မြောက်ကိုရီးယားနိုင်ငံထဲ ရာထူးလက်ရှိ အမေရိကန်သမ္မတအနေနဲ့ ပထမဆုံးခြေချဖူးသူ ဖြစ်လာ ပါတယ်။ဒီလိုအခြေအနေ အလှည့်အပြောင်းတွေ နဲ့ ဒီနေ့ အမေရိကန် မြောက်ကိုရီးယား ဆက်ဆံရေးက ကိုရီးယားစစ်ပွဲ အမွေအနှစ်ကို မီးမောင်းထိုးပြနေပြီး စစ်ပွဲ နဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မျက်စိရှမ်းနေတာတွေ ရှိနေဆဲပါ ။

ဒါတွေကတော့ ကိုရီးယားစစ်ပွဲ နဲ့ပတ်သက်လို့ လူတကာ သိချင်မှသိကြမယ့် အချက်တွေ( တချို့တော့ သိပြီးဖြစ်မယ် )ပါ။

ပြုံယမ်းကို_အမေရိကန်စစ်တပ်ထိန်းချုပ်ခဲ့ဖူးတယ်

ကမ္ဘာပေါ်မှာအလျှို့ဝှက်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ ပြုံယမ်းမြို့တော်ကို အမေရိကန်တွေခရီးသွားဖို့က လက်ရှိ မဖြစ်နိုင်သလောက်ပါပဲ။ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အထူးခွင့်ပြုချက်မရဘဲ အမေရိကန်ပါ့စ်ပို့ကိုင်သူတွေ သွားခွင့်မရှိပါဘူး။ ဒါပေမယ့် ၁၉၅၀ ခုနှစ်ကတော့ ရှစ်ပတ်ကြာမြင့်အောင် ပြုံယမ်းမြို့ကို အမေရိကန်စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။၁၉၅၀၊ အောက်တိုဘာ ၁၉ ရက်က အမေရိကန်ကြည်းတပ် က အမှတ် ၁ သံချပ်ကာ တပ်မဟာ တောင်ကိုရီးယား တပ်မတစ် ခုနဲ့အတူ ပြုံယမ်း ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမေရိကန်ကြည်းတပ် သမိုင်းအရ သိရ ပါတယ်။အောက်တိုဘာ ၂၂ ရက်မှာ အမေရိကန် အမှတ် ၈ တပ်တော်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်းရဲ့ ဌာနချုပ် အဆောက်အအုံတွေမှာ ရှေ့တန်းအခြေစိုက်ဌာနချုပ်အဖြစ် တပ်စွဲခဲ့ ပါတယ်။ အဲဒီအချိန်က ဓာတ်ပုံတစ်ပုံ မှာ ဆိုဗီယက်ခေါင်းဆောင် စတာလင်ပုံ ချိတ်ဆွဲထားတဲ့ နံရံရှေ့ က ကင်အီဆွန်း ရဲ့ စားပွဲမှာ ထိုင်နေတဲ့ အမေရိကန်ထောက်လှမ်းရေး အရာရှိ တစ်ဦးထိုင်နေတာ တွေ့ရပါတယ်။

ဒါပေမယ့် ပြုံယမ်း ကို အမေရိကန်စစ်တပ် သိမ်းပိုက်ထားချိန်က တိုတောင်းလှ ပါတယ်။ ၁၉၅၀ နိုဝင်ဘာ မှာ စစ်ပွဲထဲ ပါဝင်လာတဲ့ တရုတ်တပ်တွေက တောင်ဘက်ကို အမြန်တိုက်စစ်ဆင်လာပြီး ပြုံယမ်း က အမေရိကန်တပ်တွေ ကို ဒီဇင်ဘာ ၅ ရက်မှာ မောင်းထုတ်ခဲ့ပါတယ် ။ (တစ်ဘက်မှာ ဆိုးလ်မြို့လည်း ကျဆုံးခဲ့ရပြီးမှ ပြန်သိမ်းနိုင်ခဲ့ပါတယ်)။ဒုတိယကမ္ဘာစစ် တခွင်ကြဲတဲ့ ဗုံးထက် မြောက်ကိုရီးယားပေါ်အမေရိကန်ကြဲတဲ့ဗုံး ပိုများတယ်ကိုရီးယားစစ်ပွဲကို အများစုပုံဖော်ကြတာက ချိုစင်ရေကန်ကြီးနဲ့ အင်ချုန်းမှာ တိုက်ခဲ့ကြတဲ့ မြေပြင်တိုက်ပွဲကြီးတွေနဲ့ ပေါ့ ။ ဒါပေမယ့် မြောက်ကိုရီးယား ကို အမေရိကန် ရဲ့လက်စားချေတိုက် ခိုက်ဖျက်ဆီးမှု အများစုက အကြင်နာ မဲ့တဲ့ ဗုံးကြဲစစ်ဆင်ရေးတွေ ပါပဲ ။ကိုရီးယားစစ်ပွဲ သုံးနှစ် အတွင်း မြောက်ကိုရီးယားအပေါ် အမေရိကန်လေယာဉ်တွေ က ပေါက်ကွဲ အားမြင့်ဗုံး နဲ့ မီးလောင်ဗုံးပေါင်း တန်ချိန် ၆၃၅၀၀၀ ကြဲချ တိုက်ခိုက် ခဲ့ ပါတယ် ။

ဒုတိယ ကမ္ဘာစစ် အတွင်း ပစိဖိတ်ဒေသ မှာ အမေရိကန်ကြဲချခဲ့ သမျှ ဗုံးတန်ချိန် ၅၀၀၀၀၀ ထက် ပိုများ တယ် ။မြောက်ကိုရီးယား က အခိုင်အမာ အဆောက်အအုံ မှန်သမျှ ပျက်စီး ခဲ့ရတယ်လို့ ဂျာနယ်လစ်တွေ၊ လေ့လာသူတွေနဲ့ အမေရိကန်စစ်သုံ့ပန်းတွေက ပြောကြတယ်။ ၁၉၅၀ နိုဝင်ဘာမှာ မြောက်ကိုရီးယားအစိုးရက ပြည်သူတွေ အိမ်မှာဗုံးခိုကျင်းတွေတူးဖို့ အမိန့်ပေး ခဲ့ရတယ် ။ဗုံးကြဲခံရလို့သေတဲ့အရေအတွက်ကို မြောက်ကိုရီးယားက တရားဝင် ထုတ်ပြန်ထားမှု မရှိပေမယ့် ရုရှားဘက်က မော်ကွန်းတိုက်သတင်းအရ ၂၈၀၀၀၀ ကျော်တယ်လို့ ဆိုတယ်။ဒီစစ်ပွဲနွှဲတဲ့နေရာ မှာ နောက်ဆုံးတော့ မြောက်ကိုရီးယားကမြို့တိုင်းကို ဘယ်နည်းနဲ့မဆို မီးလောင်တိုက်သွင်းခဲ့ရတာလို့ အမေရိကန် ဗိုလ်ချုပ်ကြီး ကားတစ်လီမေက ပြောတယ်။ သူက ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်မြို့ကြီးတွေ ကို ဗုံးကြဲဖျက်ဆီးခဲ့တဲ့ စစ်ဆင်ရေးဗိသုကာ။ဒီလိုဗုံးကြဲခံခဲ့ရတဲ့ အနာရွတ်တွေက ခုထိကျန်ခဲ့တုန်း။ အမေရိကန်လေကြောင်းတိုက်ခိုက်မှုကို မခုခံနိုင်ခဲ့တဲ့အားနည်းချက်နဲ့ သင်ခန်းစာကို မြောက်ကိုရီးယားအစိုးရ ဘယ်တော့မှမမေ့ဘူး၊ ရာစုနှစ်ဝက်ကြာခဲ့ချိ န်မှာ လေကြောင်းရန် ကာကွယ်ရေး ကို ဆက်အားဖြည့်နေပြီး မြေအောက်စခန်းတွေတည် နဲ့ နောက်ဆုံးတော့ နောက်တစ်ကြိမ် ဒါမျိုးထပ်မကြုံဖို့ နျူကလီးယားလက်နက် ကို ရအောင်လုပ် အားကိုးလာခဲ့တယ် လို့ သုံးသပ်ကြ တယ်။

စတာလင်က_စစ်ဖြစ်အောင်လွှတ်ပေးခဲ့တယ် လို့ မြောက်ကိုရီးယားယုံကြည်

ဒုတိယကမ္ဘာစစ်အဆုံးသတ်ချိန်မှာ ကိုရီးယားကျွန်းဆွယ်ကို ထိန်းချုပ်ထားတဲ့ဂျပန်တပ်တွေအရေးနိမ့်ခဲ့တာက ကျွန်းဆွယ် မြောက်ပိုင်းကို ဆိုဗီယက်အောက်နဲ့ တောင်ပိုင်းကို အမေရိကန်အောက်ရောက်ရှိ ပိုင်းခြားသွားစေ ခဲ့တယ်။ကင်အီဆွန်းဟာ ကွန်မြူနစ်အုပ်စိုးမှုအောက်မှာ ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းလိုတာကြောင့် စစ်တိုက်အနိုင်သိမ်းဖို့ ဆိုဗီယက်ခေါင်းဆောင် စတာလင်ဆီက ခွင့်ပြုချက်တောင်းခဲ့တယ်လို့ ဆိုတယ်။ ၁၉၄၉ မတ်လမှာ ကင်အီဆွန်းက ပထမအကြိမ် မေတ္တာရပ်ခံခဲ့ပြီး တောင်ကိုရီးယား ကို သိမ်းပိုက်ထားဆဲ အမေရိကန်တွေစစ်ထဲဆွဲ သွင်းရာရောက်မှာ ကို စတာလင်က ပူပန်ခဲ့ တယ် ။ဒါပေမယ့် နွေရာသီ မှာ အမေရိကန်တပ်တွေရုပ်သွားတော့ စတာလင်ရဲ့အတိုက်အခံလုပ်မှု ပျော့ပြောင်းလာပြီး ၁၉၅၀ ဧပြီလ မော်စကိုဆီ ကင်အီဆွန်းရောက်လာတော့ တောင်ဘက်ကိုကျူးကျော်မှု အတွက် ဆိုဗီယက်ကရပ်တည်ပေးမှာဖြစ်ပေမယ့် တရုတ်ကလည်း အတည်ပြုရမယ်လို့ စတာလင်ကပြောခဲ့ သတဲ့။၁၉၄၉ က နေရှင်နယ်လစ်(တရုတ်ဖြူ)တွေအပေါ် တရုတ်ကွန်မြူနစ်တွေရဲ့အောင်ပွဲက ရဲဆေးတင်ပေးမှုက ကိုရီးယားပြည်တွင်းစစ်မှာ အမေရိကန်ဝင်စွက်မှာမဟုတ်ဘူးလို့ မှတ်ယူခဲ့ပြီး တရုတ်ခေါင်းဆောင် မော်စီတုန်းကလည်း သဘောတူ၊ တကယ်လို့ အမေရိကန်တွေဝင်စွက်လာရင် မြောက်ကိုရီးယားဘက်ကနောက်ခံပြုပေးမယ်လို့ပါ ကမ်းလှမ်းခဲ့တယ်။ ဒီတော့ ကင်အီဆွန်းအတွက် ကျူးကျော်စစ်စဖို့ မီးစိမ်းရခဲ့တယ်။

ကိုရီးယားစစ်ပွဲက ထိုင်ဝမ်ကိုကွန်မြူနစ်ချက်ချင်းသိမ်းပိုက်မှု တားဆီးခဲ့

တရုတ်ပြည်တွင်းစစ် မှာ စစ်ရှုံးလို့ ချန်ကေရှိတ်နဲ့တပ်တွေ ထွက်ပြေးသွားတဲ့ ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်ဖို့ ၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်တပ်တွေ ကမ်းခြေတလျှောက် စုရုံးနေကြပြီ။ ဒါပေမယ့် ဖြစ်လာတဲ့ ကိုရီးယားစစ်ပွဲကြောင့် အမေရိကန် ရေတပ်ဟာ တရုတ် ကွန်မြူနစ်ထိုးစစ် အတွက် အတားအဆီးဖြစ် လာတယ်။ကိုရီးယားစစ်ပွဲက အရှေ့အာရှ တခွင် ပြန့်နှံ့လာမှာ စိုးရိမ်တဲ့ အမေရိကန် သမ္မတ ဟာရီထရူးမန်း က အမေရိကန် စစ်သင်္ဘောတွေ ကို တရုတ်နဲ့ ထိုင်ဝမ်အကြား ရေပြင်မှာဖြန့်ချထား လိုက်တယ်။၁၉၄၉ နှောင်းပိုင်းနဲ့ ၁၉၅၀ အစောပိုင်းကာလတွေ မှာ တရုတ်တပ်တွေ ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော်လာပြီး ချန်ကေရှိတ်တပ်တွေကိ အနိုင်ယူမယ့်အရေးအတွက် အမေရိကန်အရာရှိတွေ ပြင်ဆင်ထားပြီးပြီ ၊ ဒါပေမယ့် ၁၉၅၀ ဇွန်လမှာ ကိုရီးယားစစ်ပွဲလည်းဖြစ်လာရော စစ်ပွဲပြန့်မလာအောင်တားဖို့ အမေရိကန်က အမှတ် ၇ ရေတပ်ကြီးကို ထိုင်ဝမ်ရေ လက်ကြားဆီ လွှတ်ခဲ့တာလို့ သမိုင်းက ဆိုတယ်။ဒီ့အတွက် ဒေါသထွက်သွားတဲ့ တရုတ်ကွန်မြူနစ်တွေက ထိုင်ဝမ်လွှတ်မယ့်တပ်တွေကို ကိုရီးယားဘက် လွှတ်လိုက်တယ်။ ၁၉၅၀ အောက်တိုဘာ ၁၉ ရက်မှာ တရုတ်ကွန်မြူနစ်တပ်မ ၁၂ ခု (အင်အားနှစ်သိန်းခွဲကျော်) မြောက်ကိုရီးယားမှာရောက်နေပြီ။ အဲဒီတရုတ်တပ်တွေက ရင်ဆိုင်ရတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတွေကို အကြီးအကျယ်အထိနာစေပြီး နောက်ဆုံးတော့ မြောက်ကိုရီးယားမြေပေါ်က မောင်းထုတ်မယ့် အင်အားစုတွေ ပါပဲ ။ ဒါပေမယ့် တရုတ်စစ် သည် ၁၈၀၀၀၀ ကျော်လည်း သေကြေဆုံးရှုံးခဲ့ ပါတယ်။

ပထမဆုံးဂျက်တိုက်လေယာဉ်ချင်းစီးချင်းထိုးပွဲ

ဂျာမန်တွေ ရဲ့ မက်ဆာရှမစ် ၂၆၂ လေယာဉ်မိတ်ဆက်မှုနဲ့ ဒုတိယကမ္ဘာစစ်မှာ ဂျက်လေယာဉ်တွေ ကို စစ်ရေးမှာ စတင်သုံး စွဲလာတယ်။ ဒါပေမယ့် Top Gun ပုံစံ ဂျက်တိုက်လေယာဉ်ချင်း စီးချင်းထိုး တာကတော့ ကိုရီးယားစစ်ပွဲကျ မှ စဖြစ်ခဲ့တာ။မှတ်တမ်းတွေအရ သဘောတူထားတာက ကမ္ဘာ့ပထမဆုံး ဂျက်လေယာဉ်ချင်းစီးချင်းထိုးပွဲက မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်၊ ယာလူးမြစ်နားက ရှင်အူအီဂျူးအရပ်အပေါ်မှာ ၁၉၅၀ နိုဝင်ဘာ ၈ ရက်က ဖြစ်ခဲ့တာ။ အမေရိကန်ရဲ့ F-80 Shooting Star ဂျက်တိုက်လေယာဉ်တွေနဲ့ တရုတ်ဘက်ကပျံတက်လာပြီး ဆိုဗီယက်လေသူရဲတွေမောင်းပုံရတဲ့ MiG-15 တိုက်လေယာဉ်တွေနဲ့ ရင်ဆိုင်ကြတာ။အမေရိကန်လေတပ် အမှတ် ၅၁ တိုက်လေယာဉ်အုပ် မှတ်တမ်းအရ F-80 လေးစီးပျံသန်းနေတုန်း MiG-15 ၈ စင်းကနေ ၁၂ စင်း ရောက်လာပြီး စက္ကန့် ၆၀ လောက်ကြာတဲ တိုက်ပွဲမှာ MiG-15 တစ်စီး စက်အမြောက်ထိမှန်ပျက်စီးသွားတာ ကို မြင်ခဲ့ရတယ်လို့ ဆိုတယ် ။ ဆိုဗီယက် မှတ်တမ်းမှာတော့ အဲဒီနေ့က MiG-15 အဆုံးအရှုံးမရှိဘူး။သေချာတာက နောက်တစ်နေ့ နိုဝင်ဘာ ၉ ရက်မှာတော့ အမေရိကန်ရေတပ်က လေယာဉ် တင်သင်္ဘောတင် F9F ဂျက်တစ်စင်းက ယာလူးမြစ်က တံတားတွေအနားဖြစ်တဲ့တိုက်ပွဲမှာ MiG-15 တစ်စင်းကို ပစ်ချနိုင်ခဲ့တာပဲ။ ဆိုဗီယက် မှတ်တမ်းမှာ လည်း အဲဒီအဖြစ် ကို အတည်ပြု ခဲ့တယ်။စစ်ပွဲနောက်ပိုင်း မှာ အမေရိကန်က F-86 ဂျက်တိုက်လေယာဉ်တွေကို မိတ်ဆက်လာပြီး အဲဒီတိုက်လေယာဉ်တွေက ကိုရီးယားတရုတ် နယ်စပ်တကြောမှာ MiG-15 တွေအပေါ် ကောင်းကောင်းအနိုင်ယူမှု နဲ့ ကျော်ကြား ခဲ့တယ်။

အမေရိကန်မကြေညာဘဲနွှဲခဲ့တဲ့စစ်ပွဲ

သုံးနှစ်ကြာ ကိုရီးယားစစ်ပွဲ မှာ သန်းချီတဲ့လူ့ အသက်တွေ ဆုံးရှုံးခဲ့ရပေမယ့် အမေရိကန်က သူတို့ရဲ့ ဖွဲ့စည်းပုံပြဌာန်းချက်နဲ့အညီ လွှတ်တော်ကနေ စစ်ကြေညာခဲ့တာ မရှိခဲ့ဘူး။အမေရိကန် တပ်တွေ တောင်ကိုရီးယား ကိုလွှတ်ခဲ့တာက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အတည်ပြုချက်အရ ပူးပေါင်းဆောင်ရွက်မှု ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဥပဒေစိုးမိုးရေး လုပ်တာထက် မပိုဘူးလို့ သမ္မတ ထရူးမန်းက ပြောခဲ့တယ် ။ ဒါကြောင့် ဗီယက်နမ် စစ်ပွဲ ၊ အီရတ် ၊ အာဖဂန် နဲ့ ကိုဆိုဗိုစစ်ပွဲတွေမှာ အမေရိကန်တပ်တွေဝင် ပါတာလည်း ကမ္ဘာ့ပုလိပ်ကြီး လုပ်တာ လို့ သုံးနှုန်းစရာ ဖြစ်လာ ခဲ့တယ်။စစ်မကြေညာဘဲ သမ္မတအမိန့် နဲ့ အမေရိကန်ပြင်ပ မှာ အမေရိကန် တပ်တွေ အများကြီးဝင် ပါတဲ့ အလေ့အထလည်း ဖြစ်လာခဲ့တယ် လို့ သုံးသပ်ကြ တယ်။ တစ်နည်းအားဖြင့်တော့ ကိုရီးယားစစ်ပွဲဟာ ဒီရာစုနှစ် ရဲ့ ထာဝရစစ်ပွဲတွေတွေဖြစ်အောင် ခွင့်ပြုပေးရာ ရောက်ခဲ့တယ် လို့လည်း နာမည်ကျော် အမေရိကန် ဥပဒေပါမောက္ခတစ်ဦး က ဆိုခဲ့ ပ်ါကြောင်း ။

Credit မင်းမြတ်စံ ( CNN က Brad Lendon ရဲ့ ရေးသားချက် ကို ကောက်နှုတ်ပြန် ဆိုပါတယ် )