ဗီယက်နမ်တွင် သန့်စင်ခန်း ရေချိုးကန် အပါဝင် အသုံးအဆောင် အားလုံးကို ရွှေဖြင့် ပြုလုပ်ထားသည့် ဟိုတယ် ဖွင့်လှစ်

ဈေးကြီးသည့် အသုံးအဆောင်များဖြင့် ဧည့်သည်များအား ဆွဲ ဆောင်နိုင်ရန် ရေချိုးကန်မှသည် သန့်စင်ခန်းအထိ အသုံးအဆောင်များကို ရွှေဖြင့် ပြုလုပ် ထားသည့် ကြယ်ငါးပွင့် အဆင့် ဟိုတယ်တစ်ခုကို ဗီယက်နမ်၏ မြို့တော်ဟနွိုင်း၌ ဇူလိုင် ၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်COVID-19 Lockdown စီမံချက်များ သုံးလကြာမြင့်ခဲ့ပြီးနောက် ခရီးသွားကဏ္ဍကို ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်နေသည့် ဗီယက်နမ်နိုင်ငံသို့ ဧည့်သည်များပြန်လာကြရန် Dolce Hanoi Golden Lake ဟိုတယ်က ထူးကဲသည့်ကြိုးပမ်းမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရာသီဥတု ဒဏ်ခံထားရသည့် အနီးဝန်းကျင်မှ ဆိုဗီယက်ခေတ် အဆောက်အအုံများနှင့် ကွဲထွက်နေသည့် ယင်းဟိုတယ်ကို Hoa Binh အုပ်စုက ပိုင်ဆိုင်ပြီး အမေရိကန် အခြေစိုက် Wyndham Hotels & Resorts က စီမံခန့်ခွဲနေသည်။

“ အခုအချိန်မှာ ကမ္ဘာပေါ်မှာ Dolce Hanoi Golden Lake ဟိုတယ်နဲ့တူတဲ့ အခြားဟိုတယ်တွေ မရှိသေးပါဘူး” ဟု Hoa Binh လုပ်ငန်းစု၏ အဓိကပိုင်ရှင်နှင့် ဥက္ကဋ္ဌဖြစ်သူ Hguyen Huu Duong က ပြောကြားခဲ့သည်။

ဟိုတယ်အဆောက်အအုံ၏ အမိုးပေါ်တွင် ၂၄ ကရက်ရွှေပြားများ ခင်းထားသော Infinity pool ရေကူးကန်တစ်ခုလည်း ပါဝင်ပြီး ဧည့်ခန်း၊ ရေချိုးခန်းများကိုလည်း ရွှေဖြင့်အလှဆင်ထားသည်။ ဟိုတယ်တွင် တစ်ညတာတည်းခိုသည့် ဈေးနှုန်းသည် ဒေါ်လာ ၂၅၀ မှ စတင်သည်။

“ ဒီဟိုတယ်က ဇိမ်ရှိရှိနေနိုင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့စိတ်ကို ပြောင်းလဲစေခဲ့တယ်။ အခြားဇိမ်ခံဟိုတယ်တွေမှာ ကြွေပြားနေရာမှာ စကျင်ကျောက်ကိုပဲ အသုံးပြုလေ့ရှိပေမယ့် ဒီဟိုတယ်မှာက ပန်းကန်ဆေးတဲ့ ဇလုံကအစ အရာအားလုံးကို ရွှေနဲ့လုပ်ထားတယ်” ဟု အသက် ၆၂ နှစ်အရွယ်ရှိ ဧည့်သည် Luong Van Thuan က ပြောကြားခဲ့သည်။ ၎င်းကိုယ်တိုင်သည်လည်း ဟိုတယ်ပိုင်ရှင်တစ်ဦးပင် ဖြစ်သည်။

ဗီယက်နမ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၃၅၀ နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်ဦးမှ မရှိသည့် နိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့သည်။ကပ်ရောဂါသာ မဖြစ်ခဲ့ပါက Dolce Hanoi Golden Lake ဟိုတယ်သည် နိုင်ငံတကာမှ ဧည့်သည်များနှင့် ကြိုတင်မှာယူမှုစာရင်း ပြည့်နိုင်ခြေရှိကြောင်း Duong က ပြောကြားခဲ့သည်။

“ သေချာတာက နောက်နှစ်ဆို ကျွန်တော်တို့ ငွေရတော့မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ရွှေပြားဖြင့်ပြုလုပ်ထားသည့် ကမ္ဘာ့ပထမဆုံးဟိုတယ်ဟု ထုတ်ဖော်ကြေညာခဲ့သော ယင်းဟိုတယ်ကို ၁၁ နှစ်နီးပါးကြာ ဆောက်လုပ်ခဲ့ပြီး အထပ် ၂၅ ထပ်နှင့် အိပ်ခန်း ၄၀၀ ပါဝင်သည်ဟု ဗီယက်နမ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဧည့်သည်စောင့်အခန်းများ၊ infinity pool တစ်ခု၊ အခန်းများ၊ ဇွန်း၊ ခက်ရင်း၊ ဓားနှင့် ခွက်များ၊ ရေပန်းခေါင်းများ၊ သန့်စင်ခန်းခုံများကိုဖြင့် ရွှေပြားဖြင့် ဖန်တီးရန်အတွက် ဒေါ်လာ သန်း ၂၀၀ ကုန်ကျခဲ့သည်ဟု Duong က ဆိုသည်။

ဟိုတယ်အမိုးအကာအတွက် ရွှေတစ်တန်နီးပါးခန့် အသုံးပြုခဲ့ရသည်ဟု Duong က ပြောကြားခဲ့သည်။ ဗီယက်နမ် စစ်ပြန်နှင့် cyclo အငှားယာဉ်မောင်းဟောင်းတစ်ဦး ဖြစ်သည့် Duong သည် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းမှ ငွေအမြောက်အမြား ရရှိခဲ့ခြင်း ဖြစ်သည်။ ဟိုချီမင်းမြို့နှင့် ဗီယက်နမ်မြို့လယ်ရှိ အပန်းဖြေစန်းတစ်ခုတွင် ရွှေဖြင့်ပြုလုပ်သည့် စီမံကိန်းများကို ပြုလုပ်ရန်လည်း ၎င်းက စီစဉ်နေသည်။

“ ဟိုတယ်ကို ရောက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အီဂျစ်ဘုရင်လိုမျိုး ခံစားလိုက်ရတယ်” ဟု တောင်ကိုရီးယားနိုင်ငံသား ဧည့်သည်တစ်ဦးက ဟာသနှော ပြောကြားခဲ့သည်။