ကမ္ဘာပေါ် က အာရှတိုက် နဲ ဥရောပတိုက် (၂) တိုက်လုံး တွင် ထူးထူး ဆန်းဆန်း ပါဝင်နေသော နိုင်ငံကြီး ၅ နိုင်ငံ

အာရှ နဲ့ ဥရောပ တိုက် တို့ရဲ့ နယ်စပ်မျဉ်းတွေ ကိုတော့ ၁၈ ရာစု နဲ့ ၁၉ရာစု ကာလ တွေကတည်းက သတ်မှတ် ခဲ့ကြပါတယ်။ အဲဒီတုန်းက သတ်မှတ်ချက် အရတော့ တိုက်ကြီးနှစ်တိုက်ရဲ့ နယ်စပ်နေရာတွေဟာ တောင်ဘက် မှာဆိုရင် ဒွန်မြစ် နဲ့ ကော့ကေးဆပ် တောင်တန်း ၊ အရှေ့ဘက်မှာ ဆိုရင် ဒွန်မြစ် နဲ့ ယူရယ် တောင်တန်း ကြားနေရာတွေ ဖြစ်ပါတယ်။ ၁၉ ရာစုကတည်းက ကော့ကေးဆပ် နဲ့ ယူရယ်တောင်တန်း ဒေသတွေကို နယ်စပ်ဒေသတွေအဖြစ် တကမ္ဘာလုံးနီးပါး လက်ခံလာခဲ့ကြပါတယ်။ ယခုနောက်ပိုင်း သတ်မှတ်ချက်တွေ အရတော့ နယ်စပ်ဒေသတွေမှာ အေဂျင်ပင်လယ် ၊ တာကစ်ရေလက်ကြား ၊ ပင်လယ်နက် ၊ ဂရိတ်တားကော့ကေးဆပ် ၊ ကတ်စပီယံပင်လယ်မြောက်ပိုင်း ၊ ယူရယ်မြစ်ကြောင်းတလျှောက် နဲ့ ယူရယ် တောင်တန်းဒေသတွေ ပါဝင်နေပါတယ်။

တိုက် ၂ တိုက်ကို ခွပြီး တည်ရှိနေတာ ကိုတော့ Transcontinental လို့ ခေါ်ပါတယ်။ အာရှတိုက် နဲ့ ဥရောပတိုက် ၂ တိုက်စလုံးမှာ ပါဝင်နေတဲ့ နိုင်ငံ ၅ နိုင်ငံ ရှိပါတယ်။ အဲဒါတွေကတော့

ကာဇက်စတန်


kazakhstan

အလယ်အာရှနိုင်ငံ အဖြစ် လူသိများတဲ့ ကာဇက်စတန် သမ္မတနိုင်ငံဟာလည်း အာရှ ဥရောပ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ နယ်မြေအများစုဟာ အလယ်အာရှ မှာ ပါဝင်နေပြီး တစိတ်တပိုင်းကတော့ အရှေ့ဥရောပနယ်မြေထဲမှာ တည်ရှိနေ ပါတယ်။ ကာဇက်စတန် အနောက်ပိုင်း နဲ့ Atyrau ပြည်နယ်တွေ ဟာ ဥရောပ ထဲမှာ တည်ရှိနေပေမယ့် စုစုပေါင်း လူဦးရေဟာ ၁သန်းအောက် မှာပဲ ရှိပါတယ်။ ကျန် ၁၇ သန်းကျော်ကတော့ အာရှတိုက်နယ်မြေထဲမှာ နေထိုင်ကြ ပါတယ်။ ကာဇက်စတန် မှာ အာရှ နဲ့ ဥရောပတိုက် ကို ပိုင်းခြားပေးထား တာကတော့ ယူရယ်မြစ် ဖြစ်ပါတယ်။

ဂျော်ဂျီယာ


georgia

ဂျော်ဂျီယာ သမ္မတနိုင်ငံ ဟာလည်း အာရှတိုက် မှာရော ဥရောပမှာပါ ပါဝင်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဥရောပအရှေ့ပိုင်း နဲ့ အာရှ အနောက်ပိုင်း ကော့ကေးဆပ်ဒေသမှာ တည်ရှိနေ ပါတယ်။ ဂျော်ဂျီယာရဲ့ Kazbegi, Khevsureti နဲ့ Tusheti စတဲ့ဒေသတွေ ဟာ ဂရိတ်တားကော့ကေးဆပ်ထဲမှာ ရှိနေတာကြောင့် ဥရောပတိုက်ထဲမှာ ပါဝင်သွားပါတယ်။ ဂျော်ဂျီယာရဲ့ နယ်မြေအများစုဟာ အာရှတိုက်ထဲမှာ ပါဝင်နေပေမယ့် ယဉ်ကျေးမှုအရတော့ ဂျော်ဂျီယာလူမျိုးအများစုဟာ သူတို့နိုင်ငံကို ဥရောပနိုင်ငံအဖြစ်ပဲ ခံယူသတ်မှတ်ထားကြပါတယ်။

အဇာဘိုင်ဂျန်


azerbaijan

အဇာဘိုင်ဂျန် သမ္မတနိုင်ငံဟာ လည်း အရှေ့ဥရောပ နှင့် အနောက်တောင်အာရှ ကြားမှာ တည်ရှိနေတဲ့ Transcontinental နိုင်ငံတခုဖြစ်ပါတယ်။ အဇာဘိုင်ဂျန်ရဲ့ Qusar, Shabran, Siazan, Khachmaz နဲ့ Quba စတဲ့မြို့တွေဟာ ဂရိတ်တားကော့ ကေးဆပ်ဒေသမှာရှိနေပြီး ဥရောပတိုက်ထဲမှာ ပါဝင်နေပါတယ်။ ဒါပေမယ့် စုစုပေါင်း လူဦးရေ ၁၀သန်းခန့်ရှိတဲ့အနက် ဥရောပနယ်မြေထဲမှာ နေထိုင်တဲ့ လူဦးရေက ၅သိန်းခန့်ပဲ ရှိနေပြီး နယ်မြေ ၅၃ခုကတော့ အာရှတိုက်ထဲမှာ ပါဝင်နေပါတယ်။

ရုရှား


ရုရှား

ရုရှားဖက်ဒရေးရှင်း နိုင်ငံဟာ ဥရောပ ရော အာရှမှာပါ ပါဝင်နေတဲ့ နိုင်ငံဆိုတာ သိကြပြီး ဖြစ်မှာပါ။ ရုရှားနိုင်ငံရဲ့ ၄ပုံ ၁ပုံဟာ ဥရောပတိုက် အရှေ့ဘက်ခြမ်းထဲမှာ ပါဝင်နေပြီး ၄ပုံ ၃ပုံကတော့ အာရှတိုက်မြောက်ပိုင်းထဲမှာ ပါဝင်နေပါတယ်။ ရုရှားနိုင်ငံ ကို ယူရယ်တောင်တန်းက အာရှ နဲ့ ဥရောပ ဆိုပြီးခွဲခြားပေး ထားပါတယ်။ နိုင်ငံရဲ့ ဧရိယာအများစုဟာ အာရှတိုက်ထဲမှာ ပါဝင်ပေမယ့် ရုရှားကို ဥရောပ နိုင်ငံအဖြစ် သတ်မှတ် ထားရခြင်းကတော့ နိုင်ငံလူဦးရေစုစုပေါင်း ရဲ့ ၈၀%ခန့် (သန်း၁၁၀) ဟာ ဥရောပနယ်မြေထဲမှာပဲ ရှိနေတဲ့အပြင် မော်စကို နဲ့ စိန့်ပီတာစ်ဘတ် လို မြို့ကြီးတွေကလည်း ဥရောပမှာပဲ ရှိနေတာ ကြောင့် ဖြစ်ပါတယ်။

တူရကီ


တူရကီ

တူရကီသမ္မတနိုင်ငံ ဟာလည်း အာရှ ဥရောပ ၂တိုက်စလုံး မှာ ပါဝင်နေတဲ့ နိုင်ငံအဖြစ် လူသိများပါတယ်။ အာရှအနောက်ပိုင်း နဲ့ ဥရော ပတောင်ပိုင်း ဒေသမှာ တည်ရှိနေပါတယ်။ ဥရောပ အခြမ်းထဲမှာပါတဲ့ တူရကီကိုတော့ East Thrace လို့ခေါ် ပါတယ်။ တချိန်ကတော့ တူရကီဟာ အော်တိုမန်အင်ပါယာ ရဲ့ နယ်မြေဖြစ်ခဲ့ပါတယ်။ နာမည်ကျော် ကွန်စတန်တီနိုပယ်(ယခု အစ္စတန်ဘူလ်မြို့) ဟာ ဥရောပ နဲ့ အာရှ ၂တိုက်စလုံး ကို ခွလျက်တည်ရှိနေပြီး Bosporus ရေလက်ကြားက ပိုင်းခြားထားပေးပါတယ်။

Credit သုတဇုန်