ရုရှားထက်ပိုစိတ်ချရတဲ့ တရုတ် ကိုဗစ် ကာကွယ်ဆေး နှင့် FDA က အသုံးပြုခွင့် ပေးတော့ မည့် အမေရိကန် ကိုဗစ် ကာကွယ်ဆေး

Covid-19 ကာကွယ်ဆေး ဘယ်တော့ရမှာလဲ..?

နိုဝင်ဘာလ ၃ ရက်နေ့ အမေရိကန် သမ္မတရွေးကောက်ပွဲ မတိုင်ခင် အမေရိကန် FDA ကနေ ကာကွယ်ဆေး တစ်ခုခုကို အနည်းဆုံး emergency authorisation အရေးပေါ် အသုံးပြုခွင့်ပေးမှာ သေချာသလောက်ရှိပါတယ်။

ကာကွယ်ဆေး ပြိုင်ဆိုင်မှုမှာ အဓိက နှစ်အုပ်စုကွဲပါတယ်။ (၁) ပိုမိုစိတ်ချရတဲ့ ကာကွယ်ဆေးကို ထုတ်လုပ်ချင်တဲ့ အနောက်နိုင်ငံတွေနဲ့။ (၂) ကာကွယ်ဆေးရပြီ ဆိုပြီး လက်ဦးမှုယူကြေညာချင်တဲ့ တရုတ်နဲ့ ရုရှားတို့ဖြစ်ပါတယ်။

ရုရှားရဲ့ကာကွယ် ဆေးက ကမ္ဘာ့ပထမဆုံးလို့ ထကြေညာပြီး သေချာစမ်းသပ်မှု သက်သေမပြနိုင်တဲ့အတွက် ယုံကြည်တဲ့သူ အလွန်နည်းနေပါတယ်။ ရုရှားထက်ပိုမို ယုံကြည်စိတ်ချရတာက တရုတ်ရဲ့ကာကွယ်ဆေးပါ။ တရုတ်က phase 3 မှာ လူထောင်နဲ့ချီပြီး တကယ်စမ်းသပ်ပုံရပါတယ်။

ဒီပွဲမှာ တရုတ်က အရင်ပန်းဝင်သွား မယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နောက်ဆုံးအဆင့် Phase 3 ရောက်နေတဲ့ ကာကွယ်ဆေး (၇)မျိုးမှာ တရုတ်က လေးမျိုး ပါဝင်ပြီးအများဆုံးဖြစ်နေလို့ ဖြစ်ပါတယ်။ တရုတ်ရဲ့ကာကွယ်ဆေးကို ဆင်းရဲတဲ့ နိုင်ငံတွေက ထုံးစံအတိုင်းအားထားရမယ့်သဘောကို မြင်နေရပါတယ်။

ကမ္ဘာမှာ ကာကွယ်ဆေး ဘယ်နှစ်မျိုးလောက် စမ်းသပ်နေသလဲ?

WHO ရဲ့စာရင်းအရ Covid ကာကွယ်ဆေး သုသေသနလုပ်နေတဲ့ အဖွဲ့ပေါင်း ၁၇၀ ကျော်လောက် ရှိပါတယ်။ နောက်ဆုံးအဆင့် Phase 3 ရောက်နေတာ ၇ မျိုး။ Phase 2 ရောက်နေတာ ၁၅ မျိုး။ Phase 1 ရောက်နေတာ ၂၅ မျိုးနဲ့။ စကြိုးစားနေတဲ့ Pre-clinical က ၁၃၉ မျိုးရှိပါတယ်။ ကိုယ့်ဟာ ကိုယ်အောင်မြင်ပြီလို့ထကြေညာထားတဲ့ ရုရှားကကာကွယ်ဆေးက တစ်မျိုးရှိပါတယ်။

အခု ပိုမိုစိတ်ချ ရတဲ့ အနောက်အုပ်စုရဲ့ ကာကွယ်ဆေး (၃) မျိုးအကြောင်းအရင် ပြောပါမယ်။ အမေရိကန်က Moderna ရယ်၊ အောက်စဖို့တက္ကသိုလ်နဲ့ AstraZeneca ရယ်၊ Pfizer/BioNTech ရယ် က အနောက်အုပ်စုရဲ့ ထိပ်ဆုံးကပြေးနေတဲ့ သုသေသန (၃) ဖွဲ့ဖြစ်ပါတယ်။

အဲ့ဒီအထဲက တစ်ခုခုကို မကြာခင် နှစ်လအတွင်းမှာ အမေရိကန် FDA က အရေးပေါ်သုံးခွင့်ပြုမယ့်ပုံရှိပါတယ်။ အမေရိကန်ကအခုမှ အရေးပေါ်သုံးခွင့်ပြုဖို့ သေချာစဉ်းစားနေပေမယ့် ရုရှားနဲ့ တရုတ်က သူတို့နိုင်ငံအတွင်း အရေးပေါ်အသုံးပြုခွင့်ပြုပြီးဖြစ်ပါတယ်။ အမေရိကန် FDA က ကာကွယ်ဆေးတစ်မျိုးမျိုးကို အရေးပေါ်ခွင့်ပြုမယ့်သဘောကြားရတာနဲ့ အတော်များများကဝေဖန်ကြပါတယ်။

ဩဂတ်စ်လ ၃၀ ရက်နေ့က အမေရိကန် FDA ရဲ့အကြီးအကဲ Stephen Hanh ရဲ့အပြောအရ သမ္မတဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးဖိအားနဲ့မဆိုင်ပဲ Covid ကြောင့် ထိခိုက်မှုများနိုင်ခြေရှိတဲ့လူတွေအတွက် အရေးပေါ်ခွင့်ပြုပေးဖို့ စဉ်းစားနေတာဖြစ်ပါတယ်တဲ့။ ပြီးခဲ့တဲ့မတ်လတုန်းက သမ္မတထရမ့်ရဲ့ဖိအားပေးမှုကြောင့် hydroxychloroquine ကို Covid အတွက် အရေးပေါ်အသုံးပြုခွင့်ပေးခဲ့ရာက ဘေးထွက်ဆိုးကျိုးပြဿနာတွေပေါ်ခဲ့လို့ ဇွန်လထဲမှာ အရေးပေါ်အသုံးပြုခွင့် ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

Stephen Hanh က သွေးရည်ကြည်ကုထုံးကိစ္စတုန်းကလည်း Covid လူနာ အယောက် ၁၀၀ မှာ ၃၅ ယောက်ကို ထိရောက်စွာကုသပေးနိုင်တယ်လို့ ဆိုပေမယ့် ကျွမ်းကျင်သူတွေက ၁၀၀ မှာ ၅ ယောက်သာ တကယ်ထိရောက်မှုရှိတယ်လို့ ဆိုနေကြပါတယ်။

အခု Stephen Hanh ပြောတာက သူတို့အမေရိကန် FDA အနေနဲ့ တာဝန်ရှိသူတွေက ကောင်းကျိုးဟာဆိုးကျိုးထက်သာတယ်ထင်ရင် မူလအဆင့်တွေကျော်ပြီး အရေးပေါ်သုံးခွင့်ချပေးလိုက်မှာဖြစ်ပါတယ်တဲ့။

အဲ့ဒီသတင်းလည်းကြားရော WHO က သိပ္ပံပညာရှင်ချုပ် Chief scientist ဖြစ်သူ Dr Soumya Swaminathan က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ “ကာကွယ်ဆေးတစ်ခုကို အသိအမှတ်ပြုတော့မယ်ဆိုရင် သေသေချာချာအပြည့်အဝလေ့လာစမ်းသပ်မှုလုပ်ပြီးမှ အသိအမှတ်ပြုကြပါ” တဲ့။ “ဒါဟာပေါ့ပေါ့ဆဆလုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ အလွန်ကြီးမားပြင်းထန်တဲ့ဆိုးကျိုးမျိုးရင်ဆိုင်ရနိုင်ပါတယ်” တဲ့။

တရုတ်ပြည်ကတော့ ဘယ်သူဘာပြောပြော ပြည်တွင်းမှာစသုံးနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ပါပူအာနယူးဂီနီနိုင်ငံကို သွားတဲ့လေယာဉ်ထဲမှာ တရုတ်နိုင်ငံသားတွေဟာ တရုတ်လုပ် Covid ကာကွယ်ဆေးထိုးထားလို့ ပါပူအာနယူးဂီနီက ပြန်လွှတ်လိုက်ပါတယ်။ အဲ့ဒီကာကွယ်ဆေးကနေ ဘာပြဿနာပေးလာမလဲ မသေချာလို့ ပြန်လွှတ်လိုက်တာဖြစ်ပါတယ်။

ဒါဟာဘာကိုပြသလဲဆိုရင် နိုင်ငံအားလုံးဟာ WHO က အသိအမှတ်ပြုမယ့်ကာကွယ်ဆေးကို မျှော်လင့်နေကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အမေရိကန်ကလည်း အခုအခြေအနေအရ နောက်နှစ်လအတွင်းမှာ FDA က Covid ကာကွယ်ဆေး (၃) မျိုးထဲက တစ်မျိုးကို ခွင့်ပြုမလား၊ (၃) မျိုးစလုံး အရေးပေါ်ခွင့်ပြုမလား တစ်ခုခုတော့လုပ်ဖို့ရှိနေပါတယ်။ Phase 3 ရောက်နေတဲ့ ကာကွယ်ဆေးအားလုံးဟာ အောင်မြင်သလားမအောင်မြင်သလား ဒီနှစ်မကုန်ခင်မှာ ကွဲကွဲပြားပြားသိရမှာ ဖြစ်ပါတယ်။

အမေရိကန် FDA က အရေးပေါ်ခွင့်ပြုမယ့်ဆေးကို အားလုံးစောင့်ကြည့်နေမှာ သေချာပါတယ်။ နောက်တစ်လလောက်ဆိုရင် ကာကွယ်ဆေးအခြေအနေဟာ ပိုပြီးရှင်းရှင်းလင်းလင်းသိလာမှာမို့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Richard Myo Thant (1-September-2020)
https://www.facebook.com/richard.myothant