တရုပ်အင်အားကြီးလာတဲ့အပေါ် အမေ ရိကန် ပင်တာဂွန်စစ်ဌာနချုပ် က အစီအမံများ ပြုလုပ်

အမေရိကန် ဟာ သူ့ရဲ့ဆယ်စုနှစ်များစွာအိုမင်းနေတဲ့ ဗုံးကြဲလေယာဉ်အိုကြီး​​တွေကို နောက်ဆုံးပေါ် လက်နက်တွေ တွဲဖက်တပ်ဆင်ပေးပြီး ဘေဂျင်းအစိုးရရဲ့ တရုပ်ကမ်းလွန်ပင်လယ်က ရေလမ်းကြောင်းတွေပေါ်မှာ အမြတ်ထုတ်ချင်နေတာကို တန်ပြန်ဖို့လုပ်နေပါပြီ.. US ကပေးချင်တဲ့သတင်းကတော့ တရုပ်သင်္ဘောတွေနဲ့ ကုန်းမြေပေါ်ကပစ်မှတ်တွေကိုအချိန်မရွေး ခြိမ်းချောက်ချေမှုန်းလို့ရတယ်ဆိုတာပါ…

ပြီးခဲ့တဲ့ဇူလိုင်လ ၂၁ ရက်နေ့က အမေရိကန်လေတပ်ရဲ့ B1B ဗုံးကြဲ လေယာဉ် ၂ စီးဟာ ဂူအမ်စခန်းကနေအနောက်ဖက်ဆီကို ပျံတက်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကျော်ကာ လောလောဆယ်ဟော့ဖြစ်နေတဲ့ တောင်တရုပ်ပင်လယ်ဆီကို ထွက်ခွာလာခဲ့ပါတယ်.. တောက်ပြောင်ကျော့မော့နေတဲ့ ဂျက်လေယာဉ်ကြီးတွေဟာ ဖိလစ်ပိုင်ပင်လယ်မှာ လေ့ကျင့်ခန်းတွေလုပ်နေကြတဲ့ လေယာဉ်တင်သင်္ဘောကြီး USS Ronald Reagan နဲ့ သူ့ရဲ့တိုက်ခိုက်ရေး ရေယာဉ်စုကြီးအပေါ်ကနေ ခပ်နိမ့်နိမ့်ပျံသန်းပြီးဖြတ်ကျော်ခဲ့တယ်.. ကမ္ဘာပေါ်မှာ အရေးပါပြီးမဟာဗျူဟာကျတဲ့ရေလမ်းကြောင်းကြီးတွေနဲ့ ပင်လယ်ပြင်တွေကို သူတို့ပိုင်ဆိုင်ပါတယ်လို့ ကြေညာထားတဲ့ တရုပ်ကွန်မြူနစ်ပါတီအစိုးရကို အမေရိကန်သမ္မတထရမ့်အစိုးရရဲ့ အရှိန်မြှင့်လာတဲ့စိမ်ခေါ်မှုအဖြစ် စစ်ဆင်ရေးလေ့ကျင့်ခန်းတွေကို အမေရိကန်ရေတပ်တပ်ဖွဲ့တွေ လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်…

ထရမ့်အစိုးရအာဏာပိုင်တွေရဲ့ သံတမန်ရေးရာတွေ ဟိန်းလုံးဟောက်လုံးတွေ နဲ့ပြိုင်တူလိုပါပဲ.. ကာကွယ်ရေးဝန်ကြီးဌာနဟာဆိုရင်လည်း တရုပ်တို့အပေါ်တန်ပြန်နိုင်စေဖို့ သူတို့ရဲ့ပစ်အားနဲ့စစ်ကစားနိုင်ဖို့အတွက် မဟာဗျူဟာတာဝေးဗုံးကြဲလေယာဉ်ကြီးတွေကို ပြုပြင်ပြောင်းလဲလာပါတယ်.. ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်းကစပြီး B1B နဲ့ B52 ဗုံးကြဲလေယာဉ်ကြီးတွေဟာ သူတို့ရဲ့ ထုံးစံအတိုင်းယှဉ်တွဲပျံသန်းမှုတွေကို အကြိမ်ပေါင်း ၂၀ အထိအဓိကနေရာတွေအပေါ်ပျံသန်းနိုင်ခဲ့ပါတယ်.. တောင်တရုပ်ပင်လယ် အရှေ့တရုပ်ပင်လယ် ဂျပန်ပင်လယ် စတဲ့ အချက်အခြာနေရာတွေကို ပျံသန်းခဲ့ကြတာပါ.. ဒီပျံသန်းမှု မစ်ရှင်တွေဟာ အမေရိကန်တို့အနေနဲ့ တရုပ်ရေတပ်နဲ့ ကုန်းမြေပေါ်ကပစ်မှတ်တွေအပေါ်အချိန်မရွေး အန္တရာယ်ပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်းအချက်ပေးထားတာပဲဖြစ်တယ်.. (Crystal-clear Signal)

ငါတို့အဝေးကြီးကနေ ပျံသန်းလာပြီး ဖျက်ဆီးနိုင်တယ်.. အမေရိကန်တို့ရဲ့လေယာဉ်တင်သင်္ဘောတွေ တန်ဖိုးကြီးမားတဲ့ စစ်သင်္ဘောတွေကိုနေရာမရွှေ့ဘဲ တရုပ်တို့ရဲ့ မစ်ဆိုင်းဒုံးကျည်တွေပစ်ခတ်နိုင်စွမ်းရှိတဲ့အကွာအဝေးထဲကို ဝင်လာစရာမလိုဘဲ မင်းတို့ကို လာတိုက်ခိုက်လို့ရတယ်ဆိုတာကို သတိပေးထားတာပဲဖြစ်ပါတယ်လို့ စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်.. ဒီလိုမျိုး အနေအထားနဲ့တန်ပြန်နိုင်ဖို့အတွက် ပင်တဂွန်ဟာ သူ့ရဲ့ စစ်အေးခေတ်က ဗုံးကြဲလေယာဉ်အိုတွေကို ခေတ်အမှီဆုံး ကိုယ်ပျောက်မစ်ဆိုင်းဒုံးကျည်တွေနဲ့တွဲဖက်ပေးခဲ့ပါတယ်…

အသံထက်မြန်တဲ့ B1B ဗုံးကြဲလေယာဉ်တွေဟာ ၁၉၈၆ လောက်မှာ စသုံးခဲ့တာဖြစ်တယ်.. B52 လေယာဉ်အုပ်စုထဲက အသစ်လွင်ဆုံးဆိုတဲ့လေယာဉ်ဟာ သမ္မတကင်နေဒီအစိုးရလက်ထက်က ထုတ်လုပ်ခဲ့တာပါ.. ဒါပေမယ့် သူတို့ဟာ ထိရောက်မှုတိကျပြီးကြီးမားလှတဲ့လက်နက်ကြီးတွေကို သယ်နိုင်တုန်း အသုံးတည့်နေတုန်းပါပဲ.. B1B တစ်စီးဟာ အမေရိကန်စစ်တပ်ရဲ့ ၂၀၁၈ ကမှထုတ်ထားတဲ့အသစ်စက်စက် တာဝေးပစ်သင်္ဘောဖျက်ကိုယ်ပျောက်မစ်ဆိုင်း ၂၄ ခုကို သယ်ဆောင်နိုင်ပါတယ်.. မစ်ဆိုင်းတွေဟာ ကီလိုမီတာ ၆၀၀ အကွာအဝေးကပစ်မှတ်ကိုဖျက်ဆီးပစ်နိုင်ပါတယ်.. B1B တစ်စီးဟာ လေယာဉ်တင်သင်္ဘောရဲ့ တိုက်ခိုက်ရေးအုပ်စုတစ်စုက တစ်နေ့စာတိုက်ခိုက်နိုင်တဲ့ စစ်လက်နက်ပစ္စည်းပမာဏ နဲ့အတူတူလောက်ကို သယ်ပြီး ပစ်ခတ်နိုင်တယ်လို့ သိရပါတယ်.. အရေးကြုံလာရင် ဗုံးကြဲလေယာဉ်ကြီးတွေဟာ မြန်မြန်ဆန်ဆန် တပ်ဖြန့်နိုင်ပါတယ်.. သင်္ဘောတွေက လိုရာရောက်ဖို့တစ်ပါတ်လောက်ကြာနေချိန်မှာ ဗုံးကြဲလေယာဉ်ကြီးတွေက နာရီပိုင်းနဲ့ရောက်လာမှာပါ…

အမေရိကန်တို့အနေနဲ့ စစ်ကိုတားဆီးချင်တာပါ စစ်ကိုတားဖို့ စစ်ပြင်ဆင်ရပါတယ်.. တရုပ်နဲ့လည်း ဘယ်အမေရိကန်တွေကမှ စစ်မဖြစ်ချင်ကြပါဘူးလို့ အမေရိကန်လေတပ်က ဒုဗိုလ်ချုပ်ကြီး David Deptula ကပြောပြပါတယ်.. တရုပ်နဲ့ အနောက်နိုင်ငံတွေက စစ်မဟာဗျူဟာလေ့လာသူတွေကတော့နျူကလီးယားပိုင်ဆိုင်သူတွေအကြားရန်ပွဲဖြစ်ရင် ထိန်းချုပ်ဖို့ခက်ခဲပါလိမ့်မယ်လို့သတိပေးကြပါတယ်.. တရုပ်နဲ့ပြဿနာမှာ ဗုံးကြဲလေယာဉ်အုပ်စုတွေရဲ့ မြန်ဆန်တဲ့တုန့်ပြန်မှု ဟာအရေးပါတယ် အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေဟာ ပစိဖိတ်ကိုအမြန်ဆုံးအားဖြည့်ဖို့လာရမယ် ဒေသတွင်းပင်လယ်ပြင်မှာ အမေရိကန်တွေရဲ့စစ်သင်္ဘောတွေကို အရေအတွက်များလာစေဖို့ အားဖြည့်နေရချိန်မှာ ဗုံးကြဲလေယာဉ်တွေက အလုပ်စနေရမှာပါလို့ လက်ရှိတပ်မှူးကြီးတွေကရော တပ်မှူးဟောင်းကြီးတွေကပါ ပြောကြတယ်.. အဲ့ဒါကြောင့် ဗုံးကြဲလေယာဉ်တွေရဲ့ပုံမှန်ပျံသန်းရေးတွေဟာ အမြဲရှိနေပါတယ်…

အဲ့သည့်အချိန်မှာ ဝါရှင်တန်နဲ့ဘေဂျင်းဆက်ဆံရေး ဟာ ၁၉၈၉ တီအန်မင်ရင်ပြင်အရေးအခင်းဖြစ်ပြီး နောက်ပိုင်းမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်လို့လာပါတယ်.. အမေရိကန်ရဲ့ကျန်းမာရေးဝန်ကြီး Alex Azar တိုင်ဝမ်ကို အလည်အပတ်ရောက်နေတုန်းမှာ တရုပ်တိုက်လေယာဉ် ၂ စီးဟာ တိုင်ဝမ်ရေလက်ကြားရဲ့အလယ်ခေါင်ကန့်သတ်မျဉ်းကို ဖြတ်ကျော်ပြီး အင်အားပြပျံသန်းခဲ့ပါတယ်.. Alex Azar ဟာ တိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းကို ကိုဗစ်ရောဂါကူးစက်မှုထိန်းချုပ်ရေးအောင်မြင်မှုအတွက်ဂုဏ်ပြုဖို့ရောက်နေခဲ့ချိန်ဖြစ်ပါတယ်.. Alex Azar ဟာ နှစ်ပေါင်းလေးဆယ်အတွင်း တိုင်ဝမ်ကိုလာရောက်ခဲ့တဲ့ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိပဲဖြစ်ပါတယ်.. တိုင်ဝမ်ရဲ့ လေကာရေဒါတွေဟာ အဲ့ဒိတရုပ် တိုက်လေယာဉ် ၂ စီးကို ခြေရာခံမိခဲ့ပါတယ် ၂၀၁၆ ကနေစပြီးရေတွက်ရင်ခုလို ကျူးကျော်ဝင်ရောက်လာတာဟာတတိယ အကြိမ်ဖြစ်ပါတယ်…

Alex Azar ရဲ့ ခရီးစဉ်ကို တရုပ်ကအကြီးအကျယ်ကန့်ကွက်ပါတယ်.. တိုင်ဝမ်ဟာတရုပ်ရဲ့ပြည်နယ်တစ်ခုဖြစ်တယ်လို့ တရုပ်အစိုးရကသတ်မှတ်ထားပြီး တရုပ်ကွန်မြူနစ်ပါတီအုပ်ချုပ်မှုအောက်ကိုသွတ်သွင်းဖို့ အင်အားမသုံးပါဘူးလို့ မပြောထားဘူးလို့ဆိုပါတယ်.. (ဆိုလိုတာက ပြန်လည်သွတ်သွင်းဖို့ အကြမ်းနည်းကိုသုံးချင်သုံးမယ်လို့ပြောထားတာပါ) ကျန်းမာရေးဝန်ကြီး Azar ရဲ့ခရီးစဉ်မတိုင်ခင် ကတည်းက ထရမ့်အစိုးရအဖွဲ့ဝင်တွေ အရာရှိတွေဟာ စွပ်စွဲမှုပေါင်းစုံနဲ့တရုပ်ကိုဖိအားတရစပ် ပေးထားခဲ့ပြီးသားပါ.. တရုပ်တို့ရဲ့ တောင်တရုပ်ပင်လယ်မှာစစ်ရေးချဲ့ထွင်မှု ပိုင်နက်ချဲ့ထွင်လိုမှုရည်ရွယ်ချက် ပြည်တွင်းနိုင်ငံရေးဖိအားပေးမှု နည်းပညာနဲ့ညာဏမူပိုင်ခွင့်ခိုးယူမှု သူလျှိုမှု ကုန်သွယ်ရေးတရားမမျှတမှု ကပ်ရောဂါဖြစ်ပွားမှုအပေါ် ကမ္ဘာကို အသိပေးရန်နောက်ကျမှု စတာတွေနဲ့ဖိအားပေးထားခဲ့ပါတယ်…

အဲ့ဒိဖိအားတွေထဲမှာ အပြင်းထန်ဆုံးဖြစ်တဲ့ နိုင်ငံခြား​ရေးဝန်ကြီး မိုက်ပွန်ပီယိုရဲ့စကားလုံးတွေနဲ့ တိုက်ခိုက်မှုဟာ ဆယ်စုနှစ်အတွင်းမှာ အပြင်းထန်ဆုံးမှတ်တမ်းဝင်စကားလုံးတွေဖြစ်ခဲ့ပါတယ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ပွန်ပီယိုက တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ မူမှန်တိုက်ခိုက်ရေးတပ်မတော်မဟုတ်ခဲ့ဘူးလို့ပြောခဲ့ပါတယ်.. ” တရုပ်စစ်တပ်ဟာ တရုပ်ပြည်သူတွေကို ကာကွယ်ဖို့ဆိုတာထက် တရုပ်ကွန်မြူနစ်ပါတီရဲ့အုပ်ချုပ်ရေးအာဏာနဲ့ အုပ်ချုပ်နေတဲ့အထက်တန်းလွှာတွေကိုအကာအကွယ်ပေးဖို့ရယ် တရုပ်ပြည်ရဲ့ပိုင်နက်ကိုချဲ့ထွင်ဖို့ရယ်သက်သက်ပါပဲ ဒီတော့ ကျွန်တော်တို့ရဲ့ကာကွယ်ရေးဌာနဟာ ပိုပြီးအားထည့် လာရတယ်.. အရှေ့နဲ့တောင်တရုပ်ပင်လယ်တွေ တိုင်ဝမ်ရေလက်ကြားတွေမှာ နိုင်ငံတကာက ရေယာဉ်တွေလွတ်လပ်စွာခုတ်မောင်းသွားလာခွင့် အတွက် ပိုပြီးကြိုးစားလာရပါတယ် လို့ပြောခဲ့တဲ့အပြင် တရုပ်ပြည်ကကြေညာထားတဲ့ တောင်တရုပ်ပင်လယ်ထဲက ပိုင်နက်နေရာအများစုတွေဟာ တရားမဝင်ဘူးဆိုတာကိုပါ ကမ္ဘာကသိအောင် ထုတ်ဖော်ကြေညာခဲ့ပါတယ်…

အိုနေတဲ့ ဗုံးကြဲလေယာဉ်နဲ့ တာဝေးပစ်မစ်ဆိုင်း အတွဲအစပ်ဟာ တရုပ်တို့ကိုမျက်စေ့လှည့်လိုက်ပါတယ်.. နှစ်ပေါင်း ၂၀ ကျော်ကျော်လောက်ကတည်းက တရုပ်တို့ဟာ ကုန်းပေါ်ရေပြင်နဲ့ ဝေဟင်ကနေပစ်လို့ရတဲ့ မစ်ဆိုင်း တပ်ဖွဲ့တွေကို ဖွဲ့ထားခဲ့ကြပါတယ်.. စစ်ဖြစ်ရင် အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်ရေတပ်သင်္ဘောတွေ တရုပ်ကမ်းရိုးတန်းကိုကပ်လာလို့မရအောင်တားဆီးနိုင်ဖို့ ဖြစ်ပါတယ်.. ဒီနည်းဗျူဟာ ဟာ အမေရိကန်လေယာဉ်တင်သင်္ဘောနဲ့အတူ ပါဝင်ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ တွေနဲ့ အာရှဒေသထဲကအမေရိကန်တို့ရဲ့ အခြေစိုက်စခန်းကွန်ရက်တွေကို ခြောက်လှန့်ထားနိုင်ဖို့ စီမံထားတာဖြစ်ပါတယ်.. ဒီနည်းဗျူဟာရဲ့ နမူနာပုံစံကိုအစမ်းသဘောမျိုး လုပ်ပြလိုက်တာကတော့ တရုပ် PLA ကနေ လေယာဉ်တင်သင်္ဘောဖျက် မစ်ဆိုင်း လို့သူတို့နာမည်ပေးထားတဲ့ DF26 တစ်လုံးကိုပစ်ခတ်ခဲ့တာပါပဲ.. ဇူလိုင်လတုန်းက အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်းရှိနေခဲ့ပြီး ​စစ်ရေးလေ့ကျင့်ခန်းလုပ်နေခဲ့တယ်ဆိုတဲ့နေရာကို ပစ်ပြခဲ့တာပါ…

ဒီလိုပစ်ခဲ့တာကို တရုပ်တို့ရဲ့ စစ်တပ်မီဒီယာက ဖော်ပြခဲ့ပါတယ်.. သြဂုတ်လ ၂၆ ရက်နေ့က ရိုက်တာသတင်းဌာနကိုအမေရိကန်တွေပြောတာကတော့ တရုပ်တို့ဟာ တာလတ်ပစ် ပဲ့ထိန်းမစ်ဆိုင်း ၄ လုံးပစ်ခဲ့တယ်.. ဟိုင်နန်နဲ့ပရာဆဲလ်ကျွန်းတွေကြားထဲကနေရာတွေကိုပစ်ခဲ့တာလို့ ဆိုပါတယ်.. ဒါပေမယ့် တကယ်တမ်းက တရုပ်တို့ရဲ့ ကြီးမားပြီး ရုတ်တရက်ဖြန့်ကျက်လာတဲ့ ရေတပ်ဖွဲ့ကြီးကသာ အမေရိကန်တို့က တာဝေးပစ်မစ်ဆိုင်းတွေနဲ့ ပစ်ခတ်လာရင် ပျော့ကွက်ဟာကွက်ကြီးဖြစ်နေတာပါ.. တရုပ်တို့ဟာ ကမ္ဘာ့အကြီးဆုံးရေတပ်ကြီးကို ဖွဲ့စည်းတည်ဆောက်ထားနိုင်ခဲ့တယ် လေယာဉ်တင်သင်္ဘောအသစ်တွေလည်း ပါနေပါပြီ.. ကုန်းရေ ၂ သွယ်သွားတိုက်ခိုက်ချေမှုန်းရေးသင်္ဘောတွေ ခရူဆာတွေ ဖျက်သင်္ဘောတွေ အစုံအလင်နဲ့ ဖြစ်နေပါပြီ ပြီးတော့ PLA ရဲ့ ဆိပ်ကမ်းတွေနဲ့ အခြေစိုက်စခန်းတွေဟာလည်း တာဝေးပစ်မစ်ဆိုင်းတွေရဲ့ ပစ်မှတ်တွေဖြစ်နေပြန်ပါတယ်…

တိုက်ပွဲတွေသာဖြစ်ရင် အမေရိကန်ဗုံးကြဲလေယာဉ်တွေဟာ တရုပ်ကမ်းရိုးတန်းတစ်လျှောက်က စစ်စခန်းတွေမှာရှိတဲ့ စစ်သင်္ဘောတွေကို ပစ်မှတ်ထားမှာဖြစ်သလို တောင်တရုပ်ပင်လယ်ထဲက ကျွန်းတွေ အပါအဝင် နေရာတွေဟာ ပစ်မှတ်တွေဖြစ်လာပါမယ်.. တရုပ်စစ်သင်္ဘောတွေဟာ အခြေစိုက်စခန်းကနေ ထွက်ခွာလာပြီးသူတို့ပိုင်တယ်လို့ကြေညာထားတဲ့ကျွန်းတွေနဲ့ ပိုင်ဆိုင်တယ်ဆိုတဲ့ ပင်လယ်ပြင်တွေကို လာပြီးကာကွယ်နေရင်ပိုလို့ ဟာကွက်ပျော့ကွက်ဖြစ်စေတော့မှာပါပဲ..ဘာဖြစ်လို့လဲဆိုရင် အဲ့သည်တရုပ်စစ်သင်္ဘောတွေဟာ အဲ့ဒိအချိန်မှာ PLA ရဲ့ ကုန်းမြေအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ သူတို့လေတပ်ကလေယာဉ်တွေရဲ့အကာအကွယ် ပြင်ပကိုရောက်နေကြမှာမို့ပါ.. စစ်အေးကာလပြီးဆုံးချိန်တုန်းက အမေရိကန်တို့ဟာ သမုဒ္ဒရာဒေသတွေမှာ ပြိုင်ဖက်မရှိ မင်းမူနိုင်ပြီဆိုပြီးထင်ခဲ့ကြတယ်.. ဒါ့ကြောင့် သူတို့ရဲ့ရေပေါ်သွားရေယာဉ်တွေမှာ ခေတ်မှီတာဝေးပစ် သင်္ဘောဖျက်မစ်ဆိုင်းတွေတပ်ဆင်ပေးဖို့ လစ်လျှူရှုထားခဲ့တယ်.. ပိုပြီးသေချာအောင်ပြောရရင် အမေရိကန်နဲ့သူတို့ရဲ့မဟာမိတ်တွေထဲက အထူးသဖြင့် ဂျပန်တို့ဟာ စွမ်းအားကောင်းတဲ့ တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေ ရှိနေခဲ့ကြပေမယ့် သူတို့ ဟာတရုပ်စစ်သင်္ဘောတွေအတွက် ပစ်မှတ်တွေဖြစ်နေခဲ့ပါတယ်…

အဲ့သည်လိုဖြစ်နေခဲ့တာကိုသိလာတဲ့အခါ ဗုံးကြဲလေယာဉ်တွေအားဖြင့်ကွက်လပ်ဖြည့်ဖို့ လုပ်လာရပြီး တပြိုင်နက်ထဲမှာပဲ ပင်တဂွန်ဟာ သူ့ရဲ့ ဖျက်သင်္ဘောတွေနဲ့ ကရူဆာတွေကို မဟာဗျူဟာမြောက် အဆင့်မြှင့်တင်နေခဲ့ရပါတော့တယ်.. ဗုံးကြဲလေယာဉ်ကြီးတွေကို တပ်ဖြန့်ထားတာဟာ စစ်အင်အားကို ပုံစံသစ်ဖော်ဆောင်ပြီး ပိုမိုကျယ်ပြန့်လာစေသလို တရုပ်ကနေတိုင်ဝမ်ကို လာရောက်တိုက်ခိုက်မယ့်အရေးကနေ အမေရိကန်နဲ့သူ့ရဲ့အရှေ့အာရှကမဟာမိတ်တွေကတားဆီးပေးထားရာရောက်တဲ့ နည်းဗျူဟာလည်းဖြစ်ပါတယ်..တရုပ်တို့ တောင်တရုပ်ပင်လယ်မှာလှုပ်ရှားရခက်စေမယ့်နည်းပါပဲ.. ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့အထဲမှာ Senkaku Islands နဲ့ Diaoyu Islands တို့လည်းပါနေပါတယ်.. အဲ့ဒိကျွန်းတွေဟာ တရုပ်နဲ့ဂျပန်တို့အကြားပိုင်ဆိုင်မှု အငြင်းပွားနေတဲ့နေရာတွေပါပဲ အဲ့ဒိကျွန်းတွေနဲ့ပတ်သက်လို့ တင်းမာမှုတွေကလည်းမြင့်တက်နေပါတယ် လက်ရှိမှာ ကျွန်းတွေဟာ ဂျပန်ရဲ့အုပ်ချုပ်မှုလက်အောက်မှာရှိနေပါတယ်…

ဂျပန်မှာအခြေစိုက်တဲ့ အမေရိကန်တပ်တွေရဲ့တပ်မှူး ဒုဗိုလ်ချုပ်ကြီး Kevin Schneider က သူတို့အနေနဲ့ တရုပ်တို့ဝင်ရောက်ကျူးကျော်လာမယ်ဆိုရင် ဂျပန်ဖက်ကနေ ကူညီမယ်လို့ကတိပေးထားပါတယ် အဲ့သည်လို ကတိပေးပြီးတစ်နာရီအတွင်းမှာပဲ တရုပ်နိုင်ငံခြားရေးဌာနကနေ ဒီကျွန်းဟာ တရုပ်ပိုင်နယ်မြေဖြစ်တယ်လို့ ပြန်ပြောခဲ့တယ်.. အကယ်လို့တရုပ်တို့ရဲ့ မစ်ဆိုင်းဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ဂျပန်တောင်ကိုရီးယားနဲ့ဂူအမ်မှာအခြေစိုက်ထားတဲ့ အမေရိကန်စစ်စခန်းတွေအထိကို မထိခိုက်နိုင်ခဲ့ရင် အမေရိကန်တို့ရဲ့ မဟာဗျူဟာတာဝေးဗုံးကြဲလေယာဉ်ကြီးတွေရဲ့ ခြောက်လှန့်မှုဟာ တရုပ်အတွက်ရင်လေးစရာပါ ဒီအခြေစိုက်စခန်းတွေဟာ ဒုကမ္ဘာစစ်နဲ့ ကိုးရီးယားစစ်ပွဲကတည်းကရှိနေခဲ့ပြီး အဲ့ဒိအချိန်ကတရုပ်ဆိုတာဟာ အမေရိကန်တို့အတွက်စာမဖွဲ့လောက်တဲ့နိုင်ငံပါပဲ…

အခုတော့စာဖွဲ့ရပါမယ် ဂူအမ်ဟာ အန္တရာယ်ရှိလာပါပြီ.. ဒါ့ကြောင့် အမေရိကန်တို့ဟာ ဧပြီလကစလို့ဗုံးကြဲလေယာဉ်ကြီးတွေကို အလှည့်ကျ ချထားတာမလုပ်တော့ပဲ အမေရိကကိုပြန်ခေါ်ထားခဲ့ပါတယ်.. ဂူအမ်မှာ ဗုံးကြဲလေယာဉ်ကြီးတွေမရှိတော့တာဟာ ဝါရှင်တန်အနေနဲ့ တရုပ်နဲ့ မြောက်ကိုရီးယားကို ဟန့်တားနိုင်စွမ်းအားလျှောကျခဲ့ပါတယ်.. တကယ်ဆိုရင် ဂူအမ်ဟာ တောင်တရုပ်ပင်လယ်ကနေ ငါးနာရီ မပြည့်တဲ့ ခရီးအတွင်းလောက်မှာပဲရှိပါတယ်.. ဒီလိုဟာကွက်တွေကြောင့် တရုပ်စစ်တပ်ဟာ အင်အားကြီးလာအောင်လုပ်ခွင့်ရခဲ့တယ်လို့ပြောကြပါတယ်.. အဲ့သည်လိုဖြစ်ခဲ့ချိန်ကစလို့ အမေရိကန်ဟာ ဂူအမ်မှာ ဗုံးကြဲလေယာဉ်ကြီးတွေကို အချိန်ပိုင်းအလိုက် ပြန်လည်ပြီးဖြန့်ကျက်ချထားလာခဲ့ရပြန်ပါတယ်.. တပြိုင်နက်ထဲမှာပဲ ဂူအမ်ရဲ့အရေးပါမှုနဲ့ စိတ်မချရမှုတွေအပေါ်တည်ပြီး အမေရိကန်စစ်တပ်က အင်ဒိုပစိဖိတ်တပ်မှူးကြီးဟာ ကွန်ဂရက်လွှတ်တော်မှာ ဂူအမ်လေကြောင်းရန်ကာကွယ်ရေးအတွက် စစ်အသုံးစားရိတ်တင်ပြတောင်းခံခဲ့ပါတယ် အားကောင်းတဲ့ လေကာစနစ်တစ်ခု ၂၀၂၆မှာ တပ်ဆင်ပြီးစီးနိုင်ဖို့အတွက် စီမံချက်တင်ပြခဲ့ပါတယ်…

ပင်တဂွန်အတွက် နောက်ထပ်အခက်အခဲတစ်ခုရှိနေပြန်ပါတယ်.. အမေရိကန်တို့ရဲ့ ဗုံးကြဲလေယာဉ်အုပ်တွေဟာ အင်အားလျော့ကျလာတာပါ.. အဲ့သည်အချိန်မှာ တရုပ်ရဲ့စိမ်ခေါ်မှုတွေကကြီးထွားလာနေပါပြီ.. စစ်အေးကာလ ပြီးဆုံးချိန်မှာ အရင်က အစီးရေ ၄၀၀ လောက်ရှိခဲ့တဲ့ ဗုံးကြဲလေယာဉ်ကြီးတွေဟာ ၁၅၈ စီးလောက်ပဲ အလုပ်ဖြစ်မယ့်အခြေအနေရှိလာပါတယ်.. အဲ့သည်အထဲမှာ B1B က ၆၂ စီး B52s က ၇၆ စီးပဲကျန်ပြီး B2 အသစ်တွေက အစီး ၂၀ ရှိနေခဲ့ပါတယ်.. B2​​ တွေက ကိုယ်ပျောက် စတဲ့လ်သ် ဗုံးကြဲလေယာဉ်တွေပါ စုစုပေါင်း ၁၅၈ စီးပဲကျန်ပါတယ်.. အမေရိကန်လေတပ်ဟာ B1B ၁၇ စီးကိုနောက်နှစ်ထဲမှာ အနားပေးမှာဖြစ်ပြီး အသစ်ထပ်ထုတ်လုပ်မယ့် B21 ကိုယ်ပျောက်လေယာဉ်တွေကို စမသုံးနိုင်သေးခင် အခုဆယ်စုနှစ်မကုန်ခင်အထိ လက်ရှိကျန်တဲ့လေယာဉ်တွေမှာပိုပြီး အသားပေးဂရုစိုက်နိုင်အောင် စီမံထားပါတယ်…

B21 ​​တွေဟာ တရုပ်တို့ရဲ့လေကြောင်းပိုင်နက်ထဲကို အတွင်းပိုင်းထိထိုးဖောက်နိုင်ဖို့ အဆင့်မြှင့်ထားတဲ့ လေယာဉ်တွေဖြစ်လာမှာပါ Northrop Grumman ကုမ္ပဏီဟာပထမဆုံး နမူနာ လေယာဉ်ကို စတင်စမ်းသပ်နေပါပြီ.. တင်းမာလာမှုတွေပိုများလာတာနဲ့ အမျှ အနောက်တိုင်းကလေကြောင်းကျွမ်းကျင်သူဆရာကြီးတွေကတရုပ်တို့နဲ့ဖြစ်တဲ့ပြဿနာတွေအပေါ်မှာ ဒီဗုံးကြဲလေယာဉ်ကြီးတွေရဲ့ စွမ်းဆောင်နိုင်မှုတွေနဲ့ ဖြစ်မှဖြစ်ပါ့မလား ဆိုတာကိုသံသယ ဖြစ်နေကြပါတယ်.. သူတို့ပြောတာက တရုပ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့ကြပြီးပြီ လေကြောင်းရန်ကာကွယ်ရေးတွေကိုလည်း အထင်ကြီးလောက်အောင်ပေါင်းစပ်မြှင့်တင်ထားခဲ့ကြပြီ အမေရိကန်တို့ရဲ့ဗုံးကြဲလေယာဉ်တွေက တရုပ်စစ်သင်္ဘောတွေကိုမြှုပ်နိုင်ရုံ ကုန်းမြေပေါ်က ပစ်မှတ်တွေကို ကိုယ်ပျောက်လေယာဉ်တွေနဲ့ ချေမှုန်းနိုင်ရုံနဲ့ ပြိုင်ဖက်ရန်သူကို အောင်နိုင်ပြီလို့ ပြောလို့မရပါဘူး လို့ဆိုကြပါတယ် ဆဒမ်ဟူစိန်ကိုတိုက်ရသလိုမဟုတ်ဘူး အထင်ကရကမ္ဘာ့စစ်တစ်ခုလို့ပြောရလိမ့်မယ် နှစ်ဖက်စလုံးဟာ နျူလက်နက်ပိုင်ဆိုင်ကြတယ် စစ်ဖြစ်ခဲ့ရင် စစ်ဟာပိုပိုပြီး ကြီးသည်ထက်ကြီးလာနိုင်ခြေရှိတယ် တကယ်လို့ တစ်ဖက်ဖက်ကသာ ရှုံးတယ်ဆိုပါတော့ ဘာတွေဖြစ်လာနိုင်မလဲ ? လို့မေးကြပါတယ်…

ဗုံးကြဲလေယာဉ်တွေအပေါ် မှီခိုကိုးစားရင်းနဲ့ တပြိုင်နက်ထဲမှာပဲ အမေရိကန်တို့ဟာ တရုပ်ရဲ့ မစ်ဆိုင်းတွေနဲ့ ရေတပ်ရဲ့ခြိမ်းခြောက်မှုကို ကာမိနိုင်ဖို့ သူတို့ရဲ့စီမံကိန်းတွေကို အားသွန်ခွန်စိုက်စလာခဲ့ရတယ်.. အမေရိကန်မရင်းတပ်ဖွဲ့ဟာ တပ်ဖွဲ့အသေးစားလေးတွေကို ဖွဲ့စည်းပြီး first island chain ကျွန်းစခန်းတွေမှာဖြန့်ခွဲချထားလာခဲ့ရပါတယ်.. အဲ့ဒီအဖွဲ့တွေကို တာဝေးပစ် သင်္ဘောဖျက်မစ်ဆိုင်းတွေ မြေပြင်ပစ်မစ်ဆိုင်းတွေနဲ့တပ်ဆင်ဖွဲ့စည်းပေးထားပါတယ်.. တရုပ်တို့ရဲ့စစ်သင်္ဘောတွေနဲ့ ကုန်းမြေပေါ်က ပစ်မှတ်တွေ ကိုခြိမ်းခြောက်ဖို့ပါပဲ (first island chain ဆိုတာဟာ အရှေ့အာရှရဲ့ကမ်းခြေတစ်လျှောက်က အဓိကကျွန်းစုနေရာတွေကိုခေါ်ဆိုတာပါ ကူရိုင်းကျွန်းစု ဂျပန်ကျွန်းစု ရူကျူးကျွန်းစု တိုင်ဝမ် ဖိလစ်ပိုင်မြောက်ပိုင်း ဘော်နီယို ကမ်ချက်ကာကျွန်းဆွယ် မလေးကျွန်းဆွယ် စတဲ့ကျွန်းတွေပါပါတယ်)

အမေရိကန်စစ်တပ်ဟာ တပ်ဖွဲ့တွေကို first island chain ပေါ်မှာရယ် အနောက်ပစိဖိတ်ဒေသတွေရယ်မှာ တပ်ဖြန့်ဖို့ရည်ရွယ်ထားခဲ့ပါတယ် အမေရိကန်တွေဟာလက်နက်အသစ်အဆန်းတွေကိုအမြဲစီစဉ်ဆောင်ရွက်ထုတ်လုပ်နေပြီး သူတို့ရဲ့အထူးတပ်ဖွဲ့တွေရဲ့ပစ်အားကို မြှင့်တင်ပေးဖို့လုပ်ဆောင်နိုင်ခဲ့ပါတယ် ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက ဇူလိုင်လထဲမှာပြုလုပ်ခဲ့တဲ့ အွန်လိုင်းတွေ့ဆုံဟောပြောပွဲမှာ အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး James McConville ကဒီလိုပြောပြခဲ့ပါတယ် ” အသံထက်မြန်တာဝေးပစ် မစ်ဆိုင်း ထုတ်လုပ်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပါတယ်.. တပ်ဖွဲ့တွေဟာ ရန်သူရေတပ်ကို တိုက်ဖို့လက်နက်တွေရှိလာပါပြီ စစ်သင်္ဘောတွေကိုပစ်ခတ်နှစ်မြှုပ်နိုင်မယ့် တာလတ်ပစ်မစ်ဆိုင်းတွေလည်းရပါတော့မယ်” တဲ့…အမေရိကန်နဲ့မဟာမိတ်တပ်ဖွဲ့တွေဟာ ဒေသတွင်းမှာသူတို့ရဲ့ထောက်လှမ်းရေးစနစ်တွေနဲ့လက်နက် စနစ်တွေကို အချင်းချင်း ဒေသကွန်ရက် အဖြစ်ချိတ်ဆက်ထားဖို့ ရည်ရွယ်လုပ်ဆောင်လာကြပါတယ် အဲ့သည်လိုချိတ်ဆက်ထားခြင်းအားဖြင့် ခြေရာခံထောက်လှမ်းပြီးရရှိလာမယ့်ပစ်မှတ်တွေရဲ့ သတင်းအချက်အလက်တွေကို ရေဒါစခန်းတွေ ဆက်သွယ်ရေးဂြိုလ်တုတွေ စစ်သင်္ဘောတွေ ရေငုပ်သင်္ဘောတွေ လေယာဉ်တွေ မြေပြင်တပ်ဖွဲ့တွေ ဆီကို ချက်ခြင်းသတင်းမျှဝေနိုင်ပါမယ်.. ဒီစနစ်မှာ လေယာဉ်တင်သင်္ဘောပေါ်ကပျံတက်လာတဲ့ ကိုယ်ပျောက်လေယာဉ်ဟာ ရန်သူစစ်သင်္ဘောကိုထောက်လှမ်းပြီး ကျွန်းတွေပေါ်က တပ်ဖွဲ့ကိုသတင်းပေးလိုက်မယ် ကျွန်းပေါ်က တပ်ဖွဲ့က သင်္ဘောဖျက်မစ်ဆိုင်းနဲ့ ပစ်လိမ့်မယ် ဒါပါပဲ…

မေလ၂၁ ရက်နေ့မှာ အမေရိကန်ရဲ့ B1B ဗုံးကြဲလေယာဉ် ၂ စီးဟာဂူအမ်အခြေစိုက်စခန်းကနေပျံတက်လာခဲ့ပြီး ဂျပန် နိုင်ငံမီဆာဝါလေတပ်စခန်းအနီးက ပင်လယ်ပြင်မှာ လေယာဉ်တင်သင်္ဘော USS Ronald Reagan ရေကြောင်းကင်းထောက်လေယာဉ် P-8 Poseidon တို့နဲ့အတူ စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပါတယ် တာဝေးပစ်မစ်ဆိုင်း ပစ်ခတ်ခြင်းဆိုင်ရာလေ့ကျင့်ခန်းလို့သိရပါတယ် ဒီလေ့ကျင့်ခန်းဟာ အမေရိကန်တို့အနေနဲ့ ဘယ်နေရာဘယ်အချိန်မှာမဆို ရန်သူကို ချေမှုန်းနိုင်တဲ့အရည်အချင်းရှိတယ်ဆိုတဲ့ အကြောင်းကိုဖော်ပြလိုက်တာဖြစ်တယ် လေ့ကျင့်ခန်းမှာပါတဲ့ လေယာဉ်တွေနဲ့သင်္ဘောတွေဟာ ပစ်မှတ်သတင်းပေးခြင်း တိုက်ခိုက်ခြင်း စတာတွေကို လေ့ကျင့်နိုင်ခဲ့ပါတယ်…ဗုံးကြဲလေယာဉ်ကြီးတွေရဲ့အခြားသောလေ့ကျင့်ခန်းတွေကိုပြန်ကြည့်ရင် ဂျပန်နဲ့စစ်ရေးလေ့ကျင့်ခန်း တောင်ကိုရီးယားနဲ့လေ့ကျင့်ခန်းစတာတွေကို လုပ်နိုင်ခဲ့ပါတယ်.. ဒီလိုမျိုးကွန်ရက်ချိတ်ဆက်လေ့ကျင့်ခန်းတွေမှာ ပင်တဂွန်က ဗုံးကြဲလေယာဉ်ဟောင်းကြီးတွေဟာ ရန်သူတွေ ဖြုံလောက်တဲ့ ပြိုင်ဖက်ကောင်းဖြစ်နေဆဲပဲဆိုတာပြသနိုင်ခဲ့တယ်လို့ဆိုကြပါတယ် စစ်အေးကာလက ဗုံးကြဲလေယာဉ်ကြီးတွေရဲ့ ပျံသန်းနိုင်တဲ့အမြန်နှုန်းနဲ့အကွာအဝေးဟာ တရုပ်ပစ်မှတ်တွေကိုဘက်ပေါင်းစုံကနေ ချဉ်းကပ်နိုင်ပြီး ထောက်လှမ်းရခက်တဲ့မစ်ဆိုင်းတွေ အတွဲလိုက်ပစ်ချနိုင်သေးတယ်လို့ လေတပ်အရာရှိတစ်ယောက်ကပြောပြပါတယ်…

အမေရိကန်တို့ရဲ့စီမံထုတ်လုပ်နေဆဲ ပိုပြီးဝေးဝေးပစ်နိုင်တဲ့ မစ်ဆိုင်းတွေသာရောက်လာရင် တရုပ်လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့အပြင်ကနေ ထိထိရောက်ရောက်ပစ်ခတ်နိုင်မှာဖြစ်ပါတယ်.. ဒါ့အပြင် အမေရိကန်ဗုံးကြဲလေယာဉ်တွေဟာ တိကျပြီးပဲ့ထိန်းစနစ်ပါတဲ့ မိုင်းတွေကို ချနိုင်ပါသေးတယ်.. မိုင်းချပြီး မဟာဗျူဟာမြောက်ရေလမ်းကြောင်းတွေနဲ့ဆိပ်ကမ်းအဝင်အထွက်တွေကို ပိတ်ဆို့ထားလို့ရပါတယ် B2 stealth ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေကတော့ တရုပ်လေကြောင်းပိုင်နက်ထဲအထိပိုထိုးဖောက်ဝင်နိုင်မှာဖြစ်ပြီး အဓိကကျတဲ့ပစ်မှတ်တွေ ကို လူမသိသူမသိ ဗုံးကြဲချနိုင်ပါတယ်.. သိလိုက်မှာတောင်မဟုတ်ပါဘူး ဒီဗုံးကြဲလေယာဉ်ကြီးတွေဟာ တိကျတဲ့ပဲ့ထိန်းစနစ်ပါမစ်ဆိုင်းတွေ လက်နက်ခဲယမ်းတွေကို ပိုပြီးသယ်ဆောင်နိုင်အောင်ပြုလုပ်ထားပြီးသားပါ…

B1B တစ်စီးဟာ အမေရိကန်မြေပေါ်ကနေပျံတက်ပြီး လမ်းမှာ(လေထဲမှာ) ဆီဖြည့် ပြီးအနောက်ပစိဖိတ်ဒေသကို ၁၅ နာရီထဲနဲ့ရောက်လာမှာပါ.. ဟာဝိုင်ယီကနေဆိုရင် ၉ နာရီကြာပါမယ် သြစတေလျမြောက်ပိုင်းကနေဆိုရင် ၆ နာရီ ကြာပါမယ်.. သြစတေလျအစိုးရက ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာ သူတို့နိုင်ငံမြောက်ဖက်က Tindal လေတပ်စခန်းကို ဒေါ်လာ ၈၁၄ သန်းအကုန်အကျခံပြီးပြင်ဆင်မယ် ပြေးလမ်းကိုအဆင့်မြှင့်မယ် အမေရိကန်လေတပ်ကို ကူညီပံ့ပိုးဖို့ရည်ရွယ်ချက်လည်းပါတယ်လို့ ဆိုပြီးကြေညာခဲ့ပါတယ် အမေရိကန်ဗုံးကြဲလေယာဉ်ကြီးတွေဟာအခုတော့လေယာဉ်ကွင်းကို အသုံးပြုနေကြပါပြီ…B1B ​​တွေဟာတကယ်တော့ နျူကလီးယားဗုံးကြဲလေယာဉ်တွေဖြစ်ပါတယ်.. အခုတော့ သမရိုးကျရော သမရိုးကျမဟုတ်တဲ့ ပဲ့ထိန်းလက်နက်ပေါင်ချိန် ၇၅၀၀၀ လောက် သယ်ဆောင်နိုင်အောင် ပြောင်းလဲထားပါတယ်.. အမေရိကန်လေတပ်ရဲ့လေယာဉ်တွေထဲမှာ အများဆုံးသယ်ဆောင်နိုင်တဲ့လေယာဉ်ပါပဲ.. အရှေ့အလယ်ပိုင်းနဲ့ အာဖဂန်မှာ သိပ်ကိုအသုံးဝင်ခဲ့တဲ့ လေယာဉ်တွေဖြစ်ပါတယ်.. အခုတော့ ပင်တဂွန်ရဲ့ ပြောင်းလဲပြင်ဆင်လာမှုအရ B1B ​​တွေဟာ သင်္ဘောတွေကိုတိုက်ခိုက်ဖို့ဖြစ်လာပါပြီ မကြာခင်အနာဂတ်မှာ သူတို့ကို ဟိုက်ပါဆောနစ် မစ်ဆိုင်းတွေနဲ့တပ်ဆင်လာပါတော့မယ်…အခုစမ်းသပ်နေပါပြီ Air-Launched Rapid Response Weapon (ARRW) ရယ် တာဝေးပစ်ခရုစ်မစ်ဆိုင်းရယ် တပ်ဆင်ပါလိမ့်မယ် ဟိုက်ပါဆောနစ်မစ်ဆိုင်းတွေဟာ အသံထက်ငါးဆမြန်ပါတယ် ကြားဖြတ်ပစ်ချဖို့မလွယ်ပါဘူး B52 ကတော့ပိုပြီးအိုစာတဲ့လေယာဉ်ပါ ၁၉၅၀ လောက်ကလေယာဉ်ဖြစ်ပါတယ်.. B1B သယ်ဆောင်နိုင်တာထက်နည်းနည်းလျော့ပါတယ်.. သူ့ကိုလည်း တာဝေးပစ်မစ်ဆိုင်းအလုံး ၂၀ တင်လို့ရအောင်ပြောင်းလဲနေပါတယ် လို့သိရပါတယ်.. B52​​ တွေဟာလည်း နျူကလီးယား ထိပ်ဖူးတပ် မစ်ဆိုင်းတွေပစ်နိုင်ပါတယ်.. ဒီဗုံးကြဲလေယာဉ်ကြီးတွေ သန်စွမ်းနေဆဲမှာပဲ B21 ​​တွေကလည်းရောက်လာပါတော့မယ်.. ဗုံးကြဲလေယာဉ်အသစ်တွေကိုလည်း အကြီးအကျယ်လျှို့ဝှက်ပြီး စီမံနေပါတယ်လို့ကြားနေရပါတယ် (pi lon)