၁၅ မိနစ်လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

မနက်ခင်းမှာဖြစ်ဖြစ် ညနေစောင်းဖြစ်ဖြစ် လမ်းလျှောက်လေ့ကျင်ခန်း လုပ်ဖူးပါသလား။ ၁၅ မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက သင့်ကို ကျန်းမာရေးကောင်းကျိုး များစွာ ပေးနိုင်တယ်ဆိုတာ သိပါသလား။ လေ့လာကြည့်ကြရအောင်လားဗျာ။

၁။ စိတ်ကြည်လင် လန်းဆန်းစေတယ်

စိတ်ပိုင်းဆိုင်ရာ သောကတွေ၊ စိတ်ဓာတ်ကျတာတွေကို ခံစားနေရပါသလား။ ၁၅ မိနစ်ခန့် အရာအားလုံးကို မေ့ထားပြီး လမ်းလျှောက်ကြည့်လိုက်ပါ။ ကိုယ်ရော စိတ်ပါ လန်းဆန်းပြီး သောက ကင်းဝေးစေပါတယ်။

၂။ အတွေးတွေကို နုပျိုစေတယ်

သင်က အနုပညာသမား တစ်ယောက်လား။ သီချင်းတစ်ပုဒ် ၊ ဝတ္တုတစ်ပိုဒ်အတွက် အကြံဉာဏ် ကုန်နေပါသလား။ ဒါဆိုရင်တော့ သတင်းကောင်းတစ်ခု ရှိပါတယ်။ သုတေသီတွေရဲ့ စစ်တမ်းအရ လမ်းလျှောက်တာက အတွေးတွေ ကွန့်မြူးတာကို အားပေးစေတယ် ဆိုတာပါပဲ။ ကဲ ဒီတော့ ဘာဆိုဘာမှ စဉ်းစားမရလို့ အကြံအိုက်နေရင်တော့ အခုပဲ လမ်းထွက်လျှောက်ကြည့်လိုက်ပါတော့။

၃။ ကိုယ်ခံအား ကောင်းစေတယ်

လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲမှာ ကိုယ်ခံအားကောင်းစေတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် လမ်းလျှောက်ခြင်းဖြင့် ရာသီအပြောင်းအလဲ ဒါမှမဟုတ် အအေးမိတိုင်း ဖြစ်တဲ့ နှာချေခြင်း၊ ယားယံခြင်း၊ နှာပိတ်ခြင်း၊ နှာယိုခြင်းတွေကို ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေပါသတဲ့။

၄။ ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေခြင်း

ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ၊ ဓာတ်ပြုခြင်းကနေ အားအင် ရရှိပါတယ်။ ၁၅ မိနစ်နေ့စဉ် လမ်းလျှောက်သူဟာ ဇီဝကမ္မဖြစ်စဉ်တွေက ပိုမိုမြန်ဆန်စွာ ဖြစ်ပေါပြီး စွမ်းအားတိုးစေပါတယ်။ ဒါ့အပြင် သွေးတိုးခြင်း ၊ အဆီပိတ်ခြင်း၊ ဆီးချိုနဲ့ အဝလွန်ခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။

၅။ အသက်ရှည်စေခြင်း

ဒါကတော့ ရှင်းပါတယ် ။ နေ့စဉ် လေ့ကျင့်ခန်းလုပ်နေတဲ့လူဟာ သာမန်သက်တူရွယ်တူများထက် ပိုပြီးသန်မာပြီး ရောဂါကင်းတဲ့အတွက် သက်တမ်းစေ့နေနိုင်မှာ မလွဲဧကန်ပါပဲ။

၆။ ငွေစုမိခြင်း

ကျန်းမာကြံခိုင်ဖို့အတွက် ကာယခန်းမ တသီးတသန့် သွားနေစရာမလိုပါဘူး။ လမ်းလျှောက်ခြင်းဖြင့် လိုရာသွားဖို့ ဓာတ်ဆီလောင်စာတွေ မကုန်တော့တဲ့အပြင် ကားပါကင်ကြေးတွေပါ ပေးနေစရာမလိုတော့တဲ့ အတွက် ငွေကြေးစုဆောင်းနိုင်ပါတယ ။

၇။ နုပျိုစေတယ်

စစ်တမ်းများအရ လမ်းလျှောက်ခြင်းက ဒီအန်အေထဲက အိုမင်းခြင်းနဲ့ သက်ဆိုင်တဲ့ တယ်လိုမားစ်လို့ခေါ်တဲ့ အရာတွေကို ဆွဲဆန့်ထားနိုင်တာကြောင့် အရွယ်တင်အောင် ပြုလုပ်စေပါတယ်။ တယ်လိုမားစ်တွေ တိုဝင်သွားခြင်းက ရုပ်သွင် အိုမင်းခြင်းနဲ့ သက်ဆိုင်နေပါတယ်။ အခု သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ အတွက် စိတ်ပူနေပြီလား။ စိတ်ပူနေရင်တော့ လမ်းလျှောက်ဖို့ လိုပါတယ်နော်။

၈။ နှစ်ခြိုက်စွာ အိပ်မောကျခြင်း

ညည အိပ်မပျော်ဖြစ်နေတတ်တဲ့ သူလား။ နေ့စဉ်ပုံမှန် လမ်းလျှောက်တဲ့လူတွေက လှဲချလိုက်တာနဲ့ အိပ်ပျော်တတ်တဲ့ လူစားတွေ ဖြစ်ပါသတဲ့။ ဒါ့အပြင် အိပ်ရေးလည်း ဝတာကို တွေ့ရပါတယ်။ ညဘက်အိပ်မပျော်တဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် နေ့စဉ် ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးပါ။

၉။ သောက ကင်းဝေးစေခြင်း

ဒီအချက်ကတော့ သောကများအလယ် နစ်မွန်းနေတဲ့ လူတွေအတွက်ပါ။ အများအားဖြင့် သောကများသူတွေက ရေကူးပြီး အပန်းဖြေကြပါတယ်။ ဒါပေမဲ့ လမ်းလျှောက်ခြင်းကလည်း လွယ်ကူသက်သာပြီး ရေကူးခြင်းနီးတူ အကျိုးရှိစေပါတယ် ။ သောကဟော်မုန်းတွေကို ဖယ်ရှားပြီး စိတ်ထဲက ဝေဒနာတွေကို ကျော်လွှားနိုင်မှာပါ။

၁၀။ မှတ်ဉာဏ်ကောင်းခြင်း

လမ်းလျှောက်ခြင်းက ဦးဏှောက်အတွက် ကောင်းကျိုး များစွာပေးပါတယ်။ အတွေးအခေါ်၊ မှတ်ဉာဏ်၊ စာလေ့လာခြင်းတွေမှာ ကောင်းကျိုးတွေ ရှိတဲ့အပြင် ဦးနှောက် အရွယ်အစားကိုလည်း ကြီးလာစေပါတယ်။ ဒါ့အပြင် အယ်ဇိုင်းမားနဲ့ သက်ငယ်ပြန်တာ တွေကိုလည်း ကာကွယ်ပေးတဲ့အတွက် အသက်ကြီးရင့်သူတွေအတွက် သင့်တော်ပါတယ်။

၁၁။ အနာသက်သာစေခြင်း

နာတာရှည် နာကျင်မှုဝေဒနာ ခံစားနေရတဲ့လူတွေအနေနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းက အနာ သက်သာစေပါတယ်။ မကုသနိုင်သေးတဲ့ နာတာရှည်ဝေဒနာတွေကို လုံးဝပျောက်ကင်းသွားအောင် မလုပ်နိုင်ပေမဲ့ ခံရခက်တဲ့ ရောဂါလက္ခဏာ တစ်ခုဖြစ်တဲ့ နာကျင်ခြင်းကိုတော့ သောက်ဆေးမလိုဘဲ အတော်အသင့် သက်သာစေပါတယ်။

၁၂။ အရိုး ကျန်းမာစေခြင်း

အရိုးတွေအတွက် လမ်းလျှောက်ခြင်းက ကြံခိုင်သန်မာခြင်းတွေကို ယူဆောင်လာပေးပါတယ်။ အရိုးပါးခြင်း ၊ အရိုးပျော့ခြင်း ၊ အရိုးကျိုးခြင်းနဲ့ မသန်စွမ်းဖြစ်မှုတွေကို ကာကွယ်ပေးနိုင်တဲ့အတွက် လမ်းများများ လျှောက်ဖို့လည်း လိုအပ်ပါတယ်။

၁၃။ မျက်စိကျန်းမာရေး ကောင်းစေခြင်း

မျက်စိနဲ့ ခြေထောက် မဆိုင်ဘူး မထင်ပါနဲ့။ မျက်စိဆရာဝန်တွေရဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ်လမ်းပုံမှန်လျှောက်တဲ့သူတွေက သာမန်လူတွေထက် မျက်လုံး ပိုကျန်းမာသလို သူငယ်အိမ် ပျက်စီးခြင်းနဲ့ အသက်ကြီးလို့ မျက်စိမှုန်ခြင်းတွေကို သက်သာစေပါတယ် ။ သင့်အတွက် သတင်းကောင်းတွေ ချည်းပါပဲ ။

၁၄။ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း

အိမ်ထဲမှာနေပြီး ဖေ့စ်ဘွတ် သုံးနေမဲ့အစား သူငယ်ချင်းတွေနဲ့ အတူတကွ လမ်းလျှောက်တာက ခင်မင်မှုကို ပိုးတိုးပွားစေပါတယ် ။ လမ်းမလျှောက်နိုင်ရင်တောင်မှ သူငယ်ချင်းတွေက တွဲခေါ်သွားမှာ ဖြစ်တဲ့အတွက် ပိုပြီးပျော်ရွှင်ရမှာပါ။

၁၅။ သိကြားပေးတဲ့ နတ်ဆေး ပါပဲ

လမ်းလျှောက်ခြင်းက နတ်ဆေးတမျိုးပါပဲ။ ကင်ဆာ ၊ ဆီးချို ၊ သွေးတိုး ၊ အဆုတ်ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဆေးဝါးတွေလို သောက်သုံးစရာလည်း မလိုတဲ့အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ ဒါ့ကြောင့် ဒီလိုအသုံးဝင်လှတဲ့ လမ်းလျှောက်ခြင်းက စိတ်ရောကို်ယ်ပါ ကောင်းခြင်းတွေချည်းပဲ သယ်ဆောင်လာမှာဖြစ်တဲ့အတွက် တစ်နေ့ ၁၅ မိနစ် လမ်းလျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား။

Add a Comment

Your email address will not be published. Required fields are marked *