မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်း ယခုနှစ်ဆောင်းကာလတွင် ဆီထွက်သီးနှံများဖြစ်သည့်မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းသီးနှံများစိုက်ဧကပေါင်း ၁၅ဝဝဝ ကျော်စိုက်ပျိုးပြီးကြောင်း မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။
မင်းဘူး(စကု) မြို့နယ်အတွင်းဆီထွက်သီးနှံများကို ယခုနှစ်ဆောင်းရာသီကာလတွင် စိုက်ဧကပေါင်း၁၆၃၃၉ဧကစိုက်ပျိုးရန် လျာထားခဲ့သော်လည်းယနေ့ထိ ဆီထွက်သီးနှံစိုက်ဧကပေါင်း ၁၅၅၄၃ ဧကသာစိုက်ပျိုးနိုင်ခဲ့ကြောင်သိရသည်။
”ဆောင်းသီးနှံ စိုက်ပျိုးသောတောင်သူတွေကို သီးနှံအထွက်ကောင်းပြီးအရည်အသွေးကောင်း သီးနှံများရရှိစေဖို့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို လိုက်နာဆောင်ရွက်ကြရန် အသိပေးဆောင်ရွက်နေပါတယ်။
အခုနှစ် ဆောင်းကာလတွင်ဆီထွက်သီးနှံတွေဖြစ်တဲ့ ပဲသီးနှံစိုက်ဧက ၆၉၃၉ ဧကနှမ်းသီးနှံစိုက်ဧက ၁၆ဝဝ၊ နေကြာသီးနှံစိုက်ဧက ၆၉၆၆ ဧကနဲ့ ပန်းနှမ်းသီးနှံစိုက်ဧက ၃၈ ဧက၊ စုစုပေါင်းစိုက်ဧက ၁၅၅၄၃ ဧကစိုက်ပျိုးပြီးဖြစ်ပါတယ်”ဟု ဦးသိန်းနိုင်ဝင်းက ပြောသည်။
”တောင်သူတွေအတွက် အဓိကကတော့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးသုံးစွဲတဲ့နေရာမှာ စနစ်တကျနဲ့အချိုးအစား မှန်ကန်စွာသုံးစွဲဖို့ကို ပညာပေးဆောင်ရွက်နေပါတယ်။ အရည်အသွေးကောင်းသီးနှံ ရရှိဖို့အတွက် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေလျှော့ချပြီးသဘာဝမြေဆွေးနဲ့ သဘာဝပိုးသတ်ဆေးတွေအသုံးပြုဖို့၊ အပင်အားဆေးကိုလည်းသဘာဝနည်းဖြင့် ဖော်စပ်ထားတဲ့ ငါးအမိုင်နိုလို့ခေါ်တဲ့ အပင်အားဆေးတွေကို အသုံးပြုကြဖို့ တောင်သူတွေကိုအသိပညာပေးကာ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။
ယခင်နှစ်ဆောင်းရာသီ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲသီးနှံစိုက်ဧက ၃၈၄၃ ဧက၊ နှမ်းသီးနှံစိုက်ဧက ၁၄၂၃ ဧက၊ နေကြာသီးနှံစိုက်ဧက ၁၃၃၂၃ ဧက၊ ပန်းနှမ်းသီးနှံစိုက်ဧက ၅ဝ၅ ဧက၊စုစုပေါင်းစိုက်ဧက ၁၉ဝ၉၄ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။