နေ့တိုင်း စိတ်ခံစားချက် ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ဒီလို နေကြမယ်

လူတိုင်းမှာ ပျော်ရွှင်နေရတဲ့ အကြောင်းတွေ ရှိသလို မပျော်ရွှင် ရတဲ့ အကြောင်းတွေ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝမှာတော့ ပြုံးပျော်နိုင်ဖို့ လိုတယ် မလား။ ဘယ်သူပဲဖြစ်ဖြစ် ပြုံးပျော်နေတာပဲ မြင်ချင်ကြတယ်လေ။ ပျော်အောင်နေမှလည်း လူ့ဘဝရတာ တန်မှာမဟုတ်လား။ ဒီတော့ ပျော်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေထားဖို့ လိုတယ်နော်။
သူငယ်ချင်းတွေနဲ့ နေတဲ့အခါ

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေကြည့်ဖို့ ကြိုးစားပါ။ ပျော်ဖို့ဆိုရင် သူငယ်ချင်းတွေနဲ့ ပေါင်းတဲ့အခါမှာလည်း ကိုယ်နဲ့ စိတ်တူကိုယ်တူ ဖြစ်မယ့်သူကိုသာ ရွေးချယ်ပေါင်းပါ။ အဲဒီလို မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ နည်းနည်းမှ မကိုက်ဘဲ သည်းခံပြီး ပေါင်းနေတာမျိုး မလုပ်ပါနဲ့။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေရဖို့ိဆိုတာ အဲ့ဒီသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါတိုင်း ကိုယ်စိတ်နှလုံး ရွှင်လန်းတက်ကြွနေမှပါ။ သည်းခံပေါင်းသင်းနေရတဲ့ သူငယ်ချင်းတွေကိုတော့ တာ့တာ လုပ်ထားပါ။

မုန်းတီးနေတဲ့ စိတ်တွေ ဖယ်ထားလိုက်ပါ

လူတိုင်းကို ချစ်ရမယ်၊ ကိုယ်နဲ့ အဆင်မပြေတဲ့သူကိုလည်း သည်းခံပြီး ချစ်နေရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့်လည်း မုန်းနေတဲ့စိတ်ကိုတော့ ဖယ်ထားလိုက်ပါ။ တချို့ ရှိတယ်မလား၊ အလကားနေရင်း ကိုယ့်ကိုလည်း ဘာမှမလုပ်ဘဲ မုန်းမိပြီး ကြည့်မရတာမျိုးပေါ့။ ဒါမျိုးတွေ နည်းသထက်နည်းအောင် လုပ်ပါ။ မချစ်တော့ရင် ရပြီ စိတ်ထဲထည့်ထားပြီး မုန်းနေတာက ကိုယ့်ကို မပျော်ရွှင်မှုတွေပဲ ထပ်တိုး ဖြစ်နေစေမှာ။

ပိုက်ဆံနည်းနည်းချင်း စစုပါ

ပိုက်ဆံရှိမယ်ဆိုရင် နေရထိုင်ရတာ နည်းနည်းတော့ အားရှိတယ်မလား။ ဘယ်နေ့ ဘယ်လောက်စုမိရင် ဘာလေးတွေ အကောင်အထည် ဖော်လိုက်မယ်ဆိုတာမျိုးပေါ။ ဒီတော့ ပိုက်ဆံနည်းနည်းချင်း စစုကြည့်ပါ။ စုတဲ့အခါမှာလည်း စိတ်ဖိစီးမှုတွေ ထားပြီးတော့တော့ မစုနဲ့ပေါ့။ ဒါဆို ဘယ်ပျော်ပါ့တော့မလဲ။

အကောင်းမြင်ပါ

မပျော်ရတဲ့ အချိန်တွေ မရှိဖု့ိဆိုတာ အကောင်းမြင်စိတ် ရှိဖို့လိုပါတယ်။ အကောင်းမြင်စိတ် များများထားပါ။ အဲဒါက ကိစ္စအကြီးကြီးတွေကိုပဲ အကောင်းမြင်စိတ် ထားရမှာ မဟုတ်ဘူးနော်။ လမ်းမှာ တခြားသူတစ်ယောက်က ကိုယ့်ကို ဝင်တိုက်မိတာ အဲဒီလိုမျိုး အသေးလေးတွေကအစ အကောင်းမြင်ပါ။ ဒါမှ နေပျော်မှာနော်။ မဟုတ်လို့ကတော့ ပူပူလောင်လောင်တွေ ဖြစ်နေမှာ အသေအချာပါပဲ။

ကျန်းမာရေး ဂရုစိုက်ပါ

ကျန်းမာရေး အထူးဂရုစိုက်ဖို့လည်း လိုပါတယ်။ ကျန်းမာရေး မကောင်းဘူးဆိုရင် ဘယ်လောက်ပဲ ပြည့်စုံ ပြည့်စုံ စိတ်မချမ်းသာနိုင်ပါဘူး။ ကျန်းမာရေး ကောင်းနေမှ ချစ်တို့ စိတ်ပျော်ရွှင်မှာပါ။ နေမကောင်းနေတယ်ဆိုရင် စိတ်ရော ကိုယ်ပါ ပင်ပန်းပြီး မပျော်နိုင်တာ အသေအချာပါပဲ။ ဒီတော့ ဖျားနာတာမျိုး မရှိအောင်ကို အစားအသောက် အနေအထိုင် အားလုံး ဂရုစိုက်ရပါမယ်နော်။

ဖုန်းသိပ်မသုံးပါနဲ့

ဖုန်းသုံးတာလည်း လျှော့ပါ။ ဘာလို့လဲဆိုတော့ ဖုန်းသုံးတာက မျက်စိနဲ့ခေါင်း ကျန်းမာရေးကို ထိခိုက်စေသလို ဆိုရှယ်ပေါ်က ကိစ္စတွေကလည်း ကိုယ့်ကို အဆိပ်အတောက် ဖြစ်စေနိုင်တာတွေလည်း ရှိတယ်လေ။ ပျော်ပျော်ရွှင်ရွှင် နေဖို့အတွက်ဆိုရင် ဆိုရှယ်ပေါ်က အရာတွေကို မေ့ထားဖို့လည်း လိုပါတယ်။

အချိန်စီမံခန့်ခွဲတတ်ပါစေ

နေ့ရက်တိုင်းမှာ ပျော်နေဖို့ဆိုရင် အချိန်တွေကို စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ ချစ်တို့ အချိန်သေချာစီမံတတ်မှ အလုပ်နဲ့ ကိုယ့်ဘဝနဲ့ ပိုင်းခြားနိုင်ပြီး အလုပ်ထဲမှာပဲ နစ်နေတာမျိုး မဖြစ်တော့မှာပါ။ ဒါကြောင့် အလုပ်ရဲ့ အချိန်တွေကို တိတိကျကျ စီမံတတ်ပါစေ။

Add a Comment

Your email address will not be published. Required fields are marked *