အမေရိကန် သမ္မတ သစ် ဘိုင်ဒန် ကြောင့် ဖြစ်ပေါ် လာမယ့် ကမ္ဘာလုံး ဆိုင် ရာ ဂယက် များ အ ကြောင်း

ဘိုင်ဒန် နှင့် အနာဂတ် ကမ္ဘာ  –  အမေရိကန် မှာတော့ ဂျိုးဘိုင်ဒန် က သမ္မတ အသစ် ဖြစ် သွား ပါပီ။ ဒီလို သမ္မတသစ် ဖြစ် လာခြင်းနဲ့ အတူ ကမ္ဘာ ကို သူ ဘာတွေယူဆောင်လာမလဲ။ ဘာတွေပြောင်းလဲလာမလဲဆိုတာကို တကမ္ဘာလုံးက ကြိုတင် မှန်းဆနေကြပါတယ်။ ဘိုင်ဒန် က ဘာတွေယူလာနိုင်မလဲ။ လေ့လာကြည့်ရအောင်။ အ‌မေရိက – ဘိုင်ဒန်က အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်လို့ သူ့နိုင်ငံအတွက် အရင်ဆုံး လုပ်ဆောင်ရမှာပါ။ ပထမဆုံး သူလုပ်ရမှာကတော့ စိတ်ဝမ်းကွဲမှု အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံကို ညီညွှတ်ဖို့ အရင်လုပ်ရမှာပါ။ ဒါကို အခုထဲက သူစတင်နေပါပီ။ နောက်ထပ် အရေးအကြီးဆုံး လုပ်ဆောင်ရမှာကတော့ COVID ရောဂါကို ထိန်းချုပ်ဖို့ပါ။ ထရန့်လက်အောက်မှာ COVID ကို ထိန်းနိုင်မယ်လို့ မယုံကြည်တဲ့ အမေရိကန်တွေက ဘိုင်ဒန်ကတော့ ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ထားတာပါ။ အဲဒီအတွက်လဲ အခုထဲက သူ စတင်ပီး လုပ်ဆောင်နေပါပီ။

နောက်တခုကတော့ စီးပွားရေးအကြပ်အတည်းပါပဲ။ ထရန့်ရဲ့ Trade War ကြောင့် အမေရိကန်လယ်သမားတွေ အတော်အခက်အခဲဖြစ်နေခဲ့တာပါ။ ဘိုင်ဒန်ဟာ ၂၀၀၈ မှာ အမေရိကန်နိုင်ငံကို စီးပွားပျက်ကယ်ထဲကနေ အိုဘားမားနဲ့ ပူးပေါင်းပီး ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ဒါကလဲ မဲဆန္ဒရှင်တွေက သူ့ကို မဲပေးခဲ့ကြတဲ့ အကြောင်းတချက်ပါ။ နောက်ထပ် သူလုပ်ဆောင်မှာက လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့ပါ။ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ခွဲခြားမှုတွေကို သူ ကိုင်တွယ်ရမှာပါ။ နောက်ဆုံးတခုကတော့ ရာသီဥတုပြောင်းလဲခြင်းကို ထိန်းချုပ်ဖို့ပါ။ ထရန့်လက်ထက်မှာ ဖျက်သိမ်းခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွေကို ပြန်အသက် သွင်းရမှာဖြစ်ပီး ကမ္ဘာ့ရာသီဥတု ထိန်းချုပ်ရေးစာချုပ်ဖြစ်တဲ့ ပါရီသဘောတူစာချုပ်ထဲလဲ ပြန်ဝင်ပါလိမ့်မယ်။

မဟာမိတ်များ – ဘိုင်ဒန်က အိုဘားမားရဲ့ ဗျူဟာတွေအတိုင်း သွားမယ်လို့ ခန့်မှန်းကြတာတွေ ရှိပါတယ်။ မလွဲနိုင်ပါဘူး။ သူတို့ဟာ အခုထိ အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ပီး အိုဘားမားဟာ ဘိုင်ဒန်ရဲ့ အောင်ပွဲမှာ အဓိက ဗိသုကာပါပဲ။ ဘိုင်ဒန်ရဲ့ နိုင်ပွဲအတွက် အပျော်ဆုံးကတော့ ဂျပန်နဲ့ ဂျာမနီဖြစ်နိုင်ပါတယ်။ အိုဘားမားလက်ထက်က သူငယ်ချင်းအရင်းလို ပေါင်းခဲ့ကြတဲ့ ဒီနိုင်ငံတွေဟာ ထရန့်လက်ထက်မှာ ဆက်ဆံရေးအေးစက်နေခဲ့ပါပီ။ ဂျပန်ကို ကာကွယ်ရေးစရိတ်တိုးတောင်းခဲ့သလို ကျန်ကုန်သွယ်ရေးပိုင်းတွေမှာလဲ အဆင်မပြေခဲ့ပါဘူး။ ဂျာမနီနဲ့ ကုန်သွယ်မှုကလဲ သာမန်အတိုင်းပါပဲ။ အခုချိန်မှာတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလမ်းပွင့်သွားခဲ့ပါပီ။ ဂျပန်နဲ့ ဂျာမနီလို အာရှနဲ့ ဥရောပက ထိပ်တန်း စီးပွားရေးနိုင်ငံတွေကတော့ ဝမ်းသာနေကြပါတယ်။ ဂျာမနီက ဥရောပနိုင်ငံတွေထဲက ဘိုင်ဒန်ကို ပထမဆုံး ဂုဏ်ပြုခဲ့တဲ့နိုင်ငံဖြစ်ပီး စီးပွားရေးတွေ ပြန်လုပ်ကြပါစို့လို့ အတိအလင်းကို ရေးသားခဲ့ပါတယ်။

တခြားမဟာမိတ်တွေဖြစ်တဲ့ ဗြိတိန် နဲ့ ပြင်သစ်အတွက်လဲ ဒါဟာ သက်သာရာရခဲ့တာပါပဲ။ ထရန့်ရဲ့ ငွေကြေးတိုးဝင်ထည့်ခိုင်းမှုကြောင့် လှုပ်ရှားမှုတွေ ရပ်တန့်နေရတဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေအတွက်လဲ အားဖြစ်သွားခဲ့ပါတယ်။ အီးယူကိုလဲ ထရန့်က အခွန်တိုးကောက်ဖို့ လုပ်နေပေမယ့် ဘိုင်ဒန်က လုပ်မှာ မဟုတ်လို့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးက အကောင်းဘက်ကို ဦးတည်လာပါလိမ့်မယ်။

အိမ်နီးချင်းနိုင်ငံများ – ကနေဒါဝန်ကြီးချုပ် ထရက်ဒူးက ဘိုင်ဒန်ကို ကမ္ဘာပေါ်မှာ ပထမဆုံး ဂုဏ်ပြုတဲ့ခေါင်းဆောင်ပါ။ သူနဲ့ မက္ကဆီကိုကတော့ လတ်တလောမှာ အလွန်ပျော်ရွှင်နေကြပါတယ်။ ထရန့်က မက္ကဆီကိုနယ်စပ်မှာ နံရံတံတိုင်းကြီး ဆောက်မှာဖြစ်ပီး ကုန်ကျစရိတ်ကို မက္ကဆီကိုက ပေးရမယ်ဆိုထဲက ပြတ်တောက်သွားတဲ့ အမေရိကန်နဲ့ ဆက်ဆံရေးဟာ အခုတော့ ပုံမှန်ပြန်ဖြစ်သွားတော့မှာပါ။ ထရန့်ရဲ့ တံတိုင်းကြီးလဲ ဘာမှဖြစ်မလာပဲ ပြီးဆုံးသွားခဲ့ရပီဖြစ်ပါတယ်။ ကျူးဘားနဲ့ ဆက်ဆံရေးကလဲ အိုဘားမားလက်ထက်မှာ သံခင်းတမန်ခင်းတင်မက အိုဘားမား ကိုယ်တိုင် လာလည်တဲ့အထိ အဆင်ပြေခဲ့ပေမယ့် ထရန့်လက်ထက်မှာတော့ အဆင်မပြေခဲ့ပါဘူး။ ဘိုင်ဒန်လက်ထက်မှာတော့ အဆင်ပြေမှာဖြစ်ပီး အမေရိကန်တွေကို ကျူးဘားဆေးလိပ်ကြီးခဲလို့ မကြာခင် တွေ့ရနိုင်ပါတယ်။

ပြိုင်ဘက်နိုင်ငံများ – အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ ရုရှားအတွက်ကတော့ အခက်ပါပဲ။ ၂၀၁၆ ရွေးကောက်ပွဲကို ရုရှားက ဝင်စွက်ဖက်တယ်ဆိုပီး မကျေမလည်ဖြစ်နေတဲ့ ဒီမိုကရက်တွေက ပိတ်ဆို့မှုတွေ ချမှတ်ဖို့ရှိနေပါတယ်။ ပူတင်လဲ မကြာခင် အနားယူနိုင်လို့ ဘာတွေဆက်ဖြစ်မလဲက မှန်းရခက်ပါတယ်။

အဓိကကတော့ ဘေဂျင်းပါ။ ဘေဂျင်းဟာ ထရန့်ကို အင်မတန် သဘောကျပါတယ်။ စီးပွားရေးဖိအားပေးတာကလွဲရင် ကျန်တာ ဘာမှမလုပ်တတ်လို့ပါ။ ထရန့်နဲ့ သူ့သမီးပိုင် လုပ်ငန်းတွေကလဲ တရုတ်နိုင်ငံထဲ ရှိနေလို့ ဘာမှ ထိထိရောက်ရောက် မလုပ်ရဲပါဘူး။ ဥပမာ ထရန့်ထောက်ခံသူတွေဆောင်းတဲ့ MAGA ဆိုတဲ့ ဦးထုတ်က Made in China ပါ။ နိုင်ငံရေးပိုင်းမှာလဲ ဘာမှ ထိထိရောက်ရောက် ဖိအားမပေးနိုင်ခဲ့ပါဘူး။ ဘေဂျင်းဟာ နိုင်ငံရေးဖိအားပေးမှုကို ထိတ်လန့်ပါတယ်။ ထရန့်က ဘာမှမလုပ်တတ်ခဲ့လို့ ဟောင်ကောင်မှာ စိတ်ကြိုက်ချယ်လှယ်ခွင့်ရခဲ့သလို ထိုင်ဝမ်ကိုလဲ ဖိအားပေးလာနိုင်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲလဲ မွှေနှောက်နိုင်ခဲ့ပါတယ်။

ဘိုင်ဒန်ကတော့ စီးပွားရေးပျက်ကပ်ကို ကုစားမှာမို့ တရုတ်ငွေတွေကို အမေရိကန်ကို သယ်ဖို့ စလုပ်မှာပါ။ Trade war ကို ဆင်နွှဲဖွယ်မရှိပါဘူး။ သူတို့ လုပ်မှာက အိုဘားမား လက်ထက်က ဗဟိုချက်အဖြစ် သတ်မှတ်ခဲ့တဲ့ အင်ဒို-ပစိဖိတ်ဗျူဟာကို ပြန်အသက်သွင်းမှာပါ။ ထို့အတူ အာဆီယံနဲ့လဲ ပူးပေါင်းပါလိမ့်မယ်။ နိုင်ငံရေးအရ ဖိအားပေးမှုတွေကတော့ အပြင်းအထန် ရှိလာမှာဖြစ်ပါတယ်။ အထူးသဖြင့် စောင့်ကြည့်ခံနေရတာက ဘိုင်ဒန်လက်ထက် ကာကွယ်ရေးဝန်ကြီးဖြစ်လာမယ်ဆိုတဲ့ Michele Flournoy လို့ခေါ်တဲ့ အမျိုးသမီးပါ။ သူမက ထိုင်ဝမ်ကိစ္စမှာ ထရန့်အစိုးရ လုပ်ကိုင်ပုံတွေကို အားမရပဲ ဒီလိုရေးသားဖူးပါတယ်။ “ တောင်တရုတ်ပင်လယ်ထဲက သင်္ဘောတွေနဲ့ စစ်စခန်းတွေကို ၃ ရက်အတွင်း ရေအောက်ပို့နိုင်တဲ့ စွမ်းအားသာ အမေရိကန်မှာရှိရင် ဘေဂျင်းက ထိုင်ဝမ်ကို လာတိုက်ဖို့ လုပ်မှာမဟုတ်ဘူး။” ဆိုတာပါပဲ။

သေချာတာကတော့ အနောက်ပစိဖိတ်ဒေသမှာ အမေရိကန်ဟာ စစ်အင်အားတိုးချဲ့မှာဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်မှာ ချထားတဲ့ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်တွေ အပါအဝင် ကျန်စွမ်းအားတွေကိုပါ တိုးချဲ့ပါလိမ့်မယ်။ ဂျပန်ရဲ့ ကာကွယ်ရေးတပ်ဟာ လာမယ့်နှစ်တွေမှာ လျင်မြန်စွာ ကြီးထွားလာမယ်ဆိုတာ သံသယမရှိပါဘူး။ ဒါဟာ ဘေဂျင်းအတွက် စိုးရိမ်စရာပါ။ ထရန့်လက်ထက်မှာ သာမန် စစ်ရေးလေ့ကျင့်မှုသာ လုပ်ခဲ့ပေမယ့် ကျန်တဲ့ဖိအားပေးမှု မရှိပါဘူး။ ဘိုင်ဒန်ကတော့ ဒီလိုမျိုး လာမယ့်သူ မဟုတ်ပါဘူး။ အဆိုးဆုံးကတော့ မြောက်ကိုရီးယားဖြစ်ပါလိမ့်မယ်။ ထရန့်လို လက်ဆွဲနှုတ်ဆက်မှာမဟုတ်ပဲ နူလက်နက် ဖျက်မလား။ ငါတို့လာရမလားဆိုတဲ့ စစ်အင်အားနဲ့ ဖိအားပေးတာကို ရင်ဆိုင်ရပါလိမ့်မယ်။ အိုဘားမားလက်ထက်ကလို ဂျပန်အခြေစိုက် 7th fleet က လေယာဉ်တင်သင်္ဘောတွေ၊ ရေငုတ်သင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေဟာ ဂျပန်နဲ့ တောင်ကိုရီးယား စစ်သင်္ဘောတွေနဲ့အတူ ဂျပန်ပင်လယ်ထဲကနေပီး ဖြတ်သန်းတပ်စွဲတာမျိုးတွေ ပြန်မြင်လာရနိုင်ပါတယ်။

အီရန် – အီရန်ကတော့ ထူးထူးခြားခြား အကောင်းမြင်နိုင်တဲ့ နိုင်ငံပါ။ အိုဘားမာလက်ထက်က နူကလီးယားမထုတ်လုပ်ရတဲ့ သဘောတူစာချုပ်ကို ထရန့်က ဖျက်သိမ်းလိုက်ပေမယ့် ဘိုင်ဒန်လက်ထက်မှာ အသက်သွင်းနိုင်မယ်လို့ သူတို့က မျှော်လင့်နေပါတယ်။ ပိတ်ဆို့မှုတွေလဲ လျှော့ချပေးမယ်လို့ ထင်နေပါတယ်။ အရှေ့အလယ်ပိုင်း – ဆီးရီးယားက အာဆတ်အတွက်တော့ ရင် လေးစရာပါပဲ။ ထရန့်က ပစ်ထားခဲ့လို့ အမေရိကန်နဲ့ မဟာမိတ်ပြုထားတဲ့ တပ်တွေဟာ အလူးအလဲချေမှုန်းခြင်းခံနေခဲ့ရတာပါ။ အခုတော့ ဘိုင်ဒန်က အရှေ့အလယ်ပိုင်းမှာ မဟာမိတ်လူမျိုးစုတပ်တွေကို ပြန်အထောက်အပံ့ပေးရင် စစ်ပွဲတွေ ပြန်စလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။ မရေရာသေးပေမယ့် အနောက်ပစိဖိတ်ဒေသပီးရင် အမေရိကန်တွေ စစ်အင်အားတိုးချဲ့မှာက အရှေ့အလယ်ပိုင်းဒေသပဲ ဖြစ်ပါလိမ့်မယ်။

အာဆီယံနှင့် မြန်မာ – အိုဘားမားလက်ထက် မှာ အာဆီယံ-အမေရိကန် ဆက်ဆံရေးဟာ အကောင်းဆုံးအနေအထားမှာ ရှိခဲ့ပါတယ်။ ထရန့်လက်ထက်မှာတော့ သိပ်အရေးမလုပ်ခဲ့လို့ ဆက်ဆံရေးအေးစက်ခဲ့ပါတယ်။ ဖိလစ်ပိုင်က တရုတ်ဆီ ရောက်သွားခဲ့သလို ထိုင်းနဲ့ အမေရိကန်ဆက်ဆံရေးကလဲ မကောင်းလှပါဘူး။ အခု ဘိုင်ဒန်လက်ထက်မှာတော့ အိုဘားမားလက်ထက်က မဟာမိတ်ဖွဲ့ခဲ့တဲ့ ဗီယက်နမ်နဲ့ မြန်မာတို့အတွက် ထရန့်လက်ထက်ကထက် ပိုအဆင်ပြေနိုင်ပါတယ်။ ဖိလစ်ပိုင်နဲ့လဲ မဟာမိတ်ပြန်ဖွဲ့နိုင်ချေရှိပီး အမေရိကန်ကျောထောက်နောက်ခံရနိုင်ပါတယ်။

မြန်မာနိုင်ငံအတွက်လဲ အိုဘားမားလုပ်ပေးခဲ့တဲ့ တက္ကသိုလ်ချင်းပူးပေါင်းမှု မြှင့်တင်တာတွေ၊ USAID တွေအပြင် အမေရိကန်ကို ပြန်သွားလို့ရအောင် ပိတ်ဆို့ထားတာတွေ ဖွင့်ပေးပါလိမ့်မယ်။ ရိုဟင်ဂျာပြသနာကတော့ ဘိုင်ဒန်နဲ့ စကားပြောရနိုင်တဲ့ တခုထဲသော ကိစ္စပါ။ ကျန်ကိစ္စတွေကတော့ ကောင်းပါတယ်။ ဒီမိုကရက်တွေက ပြည်သူထိခိုက်အောင် သိပ်လုပ်လေ့လုပ်ထ မရှိပါဘူး။ COVID တိုက်ဖျက်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ တခြားသော လူ့အခွင့်အရေးဆိုင်ရာ အကူအညီတွေ အများကြီး ပိုမို ရရှိနိုင်ပါလိမ့်မယ်။ နောက်အာဆီယံမှာ ဘိုင်ဒန်နဲ့ စကားပြောရနိုင်ချေရှိတာက ထိုင်းပါ။ ထိုင်းမှာဖြစ်ပွားနေတဲ့ ကျောင်းသားလှုပ်ရှားမှုကြောင့် ပြည်သူနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ ဒီမိုကရက်တွေအတွက် ပြသနာရှိနိုင်ပါတယ်။ စီးပွားရေးနဲ့ လူမှုရေးပိုင်းကတော့ အဆင်ပြေချောမွေ့နိုင်မှာဖြစ်ပါတယ်။ အရင်ထက် စီးပွားရေးကော ဆက်ဆံရေးပါ ပိုကောင်းလာပါလိမ့်မယ်။

သုံးသပ်ချက် – ပထမဆုံး ၄ နှစ်ကတော့ ဘိုင်ဒန်ဟာ သူ့ ပြည်တွင်းကို ပိုဂရုစိုက်ရပါမယ်။ နောက် ၄ နှစ်ကတော့ သူ ပြောခဲ့သလို နေရာမှန်ကို ပြန်လာဖို့ လုပ်ပါလိမ့်မယ်။ ထရန့်လက်ထက်မှာ အမေရိကန်က ကမ္ဘာ့ခေါင်းဆောင်နေရာက နောက်ဆုတ်နေခဲ့လို့ မဟာမိတ်တွေ အပါအဝင် နိုင်ငံတော်တော်များက သီးခြားလို ရပ်တည်နေခဲ့ရပါတယ်။ ဘိုင်ဒန်ကတော့ ကုလ အပါအဝင် ကမ္ဘာပေါ်မှာ လူတွေ လေးစားရတဲ့ ခေါင်းဆောင်နေရာကို ပြန်ယူမယ်လို့ တရားဝင်ပြောကြားထားပီမို့ ကမ္ဘာ့ထိပ်သီးအဖွဲ့အစည်းတွေ၊ ဆွေးနွေးပွဲတွေမှာ အမေရိကန်တွေရဲ့ ပုံရိပ်တွေကို ပြန်မြင်လာရတော့မှာဖြစ်ပါတယ်။ ဘိုင်ဒန်ရဲ့ မဟာဗျူဟာကတော့ ကမ္ဘာတလွှား မဟာမိတ်တည်ဆောက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုမြှင့်တင်ခြင်းနဲ့ ပြိုင်ဘက်တွေကို နိုင်ငံရေးအရ ဖိအားပေးတာကိုပဲ အဓိက ကျင့်သုံးသွားပါလိမ့်မယ်။ ဘိုင်ဒန်က နိုင်ငံရေးလုပ်သက် နှစ် ၅၀ ခန့် ရှိတဲ့ ဝါရင့် ဂုရုကြီးမို့ ခေါင်းအေးအေးနဲ့ လူသားအားလုံးအတွက် သူ ကြိုးစားလုပ်ပါလိမ့်မယ်။ ကမ္ဘာကြီးအတွက်တော့ စီးပွားရေးကောင်းပီး လူတွေ စိတ်အေးလက်အေး ဖြတ်သန်းရမယ့် ၄ နှစ်တာပဲဖြစ်ပါလိမ့်မယ်လို့ သုံးသပ်လိုက်ပါရစေ။

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *